အာဏာသိမ်းရက်ပေါင်း ၆၀ ကျော်အတွင်း နိုင်ငံတဝန်း ပစ်ခတ် ဖြိုခွဲမှုတွေကြောင့် သေဆုံးသူ ၅၇၀ ထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနိုင်ငံမှာ ရက်ပေါင်း၆၀ ကျော် စစ်တပ်ရဲ့ အာဏာသိမ်း ကာလအတွင်း ပစ်ခတ် ဖြိုခွဲမှုတွေကြောင့် နိုင်ငံအနှံ့ သေဆုံးသူ အရေအတွက်ဟာ ဧပြီလ ၅ ရက်နေ့အထိ စုစုပေါင်း ၅၇၀ အထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ပြောပါတယ်။
ဧပြီလ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖမ်းဆီးထိန်းသိမ်းထားသူ လူ ၂၇၀၀ ကျော် ရှိပြီး ၃၈ ဦးကို နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ် အရေးယူခဲ့ပါတယ်။
ဧပြီလ ၆ ရက် ဒီကနေ့မှာလည်း နာမည်ကျော် အနုပညာရှင် လူရွှင်တော် ဇာဂနာကို ဖမ်းဆီးခဲ့သလို မန္တလေးမှာ ဆရာဝန်တွေပါဝင်တဲ့ အာရုဏ်ဦး သပိတ်ကို ပစ်ခတ် ဖြိုခွဲခဲ့ရာမှာ ဆရာဝန်တစ်ဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦး အဖမ်းခံခဲ့ရပါတယ်။
ဒီကနေ့ မနက်ပိုင်း ဧပြီလ ၆ ရက်နေ့ အထိ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့မှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ၃ဦးသေဆုံးခဲ့တယ်လို့ ဘီဘီစီက သိရပါတယ်။
စစ်ကောင်စီ တပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ ၅၇၀ ထဲမှာ နေအိမ်ထဲမှာ နေတဲ့ မန္တလေးက ၇ နှစ် အရွယ် ကလေးအပါအဝင် အသက်၁၈ နှစ် မပြည့်သေးတဲ့ ကလေးသူငယ် ၄၀ ကျော်ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း လမ်းတွေမှာ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေ၊ သဲအိတ်တွေကို အနီးအနားအိမ်တွေထဲက လူတွေကိုခေါ်ပြီး အတင်းအကြပ် ဖယ်ရှားခိုင်းနေတယ်လို့ မုံရွာမြို့ခံ တစ်ဦးက ပြောပြပါတယ်။
သဲအိတ်မသယ်ရင် ရိုက်မယ်လို့ ခြိမ်းခြောက်ပြီး စစ်ကားတွေနဲ့ ရဲတွေက အတင်းအကြပ် ခိုင်းနေတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။
သဲအိတ် သယ်နေတဲ့ အချိန်မှာ "တို့ပြည်သူတွေ ညီရဲ့လားဟေ့" ဆိုတာကို တစ်ဦးက တိုင်ပေးရပြီး "ညီတယ်ဟေ့"လို့ အော်ရကြောင်းနဲ့ "အမှိုက် အမှိုက်၊ ရှင်း ရှင်း" ဆိုပြီး အော်ကာ သဲအိတ် ထမ်းရတယ် လို့လည်း မုံရွာမြို့ခံတွေက ပြောပါတယ်။
ဒီနေ့ ဧပြီလ ၆ ရက်နေ့မှာ မုံရွာ သပိတ်စစ်ကြောင်းကို ညနေပိုင်းကျမှ ထွက်ခဲ့ရပြီး ၃ ဦးလောက် အိမ်တွေထဲကို ဝင်ဖမ်းဆီး ခံခဲ့ရတယ်လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း ပင်လည်ဘူးမှာတော့ ဧပြီလ ၆ ရက်နေ့ မနက် ၄ နာရီအချိန်မှာ ရဲစခန်းကို ထပ်မံ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး မနက် ၆ နာရီအချိန်မှာ တိုက်ပွဲ ပြီးဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ညနေပိုင်းမှာ ရဲအဖွဲ့ကို စစ်ကူပေးဖို့ စစ်ကား ၈ စီးနဲ့ ရိုးရိုးကား၂ စီး ကောလင်းဘက်ကနေ ရောက်လာခဲ့ရာမှာ လမ်းတစ်လျှောက်လုံးမှာ ရှိတဲ့ ရွာတွေအားလုံးက သစ်ပင်တွေ ခုတ်လှဲပြီး လမ်းပိတ်ဆို့ ထားကြတဲ့အတွက် တဖြည်းဖြည်းချင်းသာ ရှေ့တိုး လာနိုင်တယ် လို့ သိရပါတယ်။
ရဲစခန်းအနားမှာ ရှိတဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ စာရင်းစစ်ရုံးဟောင်း၊ ဥပဒေရုံးဟောင်း၊ တရားရုံးဟောင်းတွေ မီးလောင် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအခါမှာ စစ်ပွဲ ကြီးကြီးမားမား ဖြစ်လာမှာကို ကြောက်လန့် စိုးရိမ်တဲ့အတွက် မြို့နေ လူအများအပြားဟာ အိုးအိမ် စွန့်ခွာပြီး နီးစပ်ရာ ရွာတွေဆီ ရွှေ့ပြောင်းနေကြကာ ပင်လည်ဘူးမြို့ကနေ ကားတွေ၊ ဆိုင်ကယ်တွေ တန်းစီ ထွက်ခွာပြီး အလျင်အမြန် ရွှေ့ပြောင်းနေကြတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NAING ZIN LAT
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ခံထားရတယ်လို့ ကြေညာခံထားရတဲ့ သူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေအပြင် စာပေ၊ သဘင်နဲ့ သတင်းမီဒီယာ နယ်ပယ်က လူ ၇၀ လောက်လည်း ပါဝင်ပါတယ်။
အဲ့ဒီ လူပုဂ္ဂိုလ်အချို့ကို ဘယ်လို မီဒီယာနည်းလမ်းနဲ့မဆို မဖော်ပြဖို့ သတိပေးထားတဲ့ တားမြစ်စာ တစ်စောင်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ဧပြီလ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
သူတို့ကို ရုပ်မြင်သံကြား၊ ရေဒီယို၊ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာတွေမှာ ထုတ်လွှင့် ဖော်ပြတာ မလုပ်ဖို့နဲ့ ဖော်ပြပါက ပူးပေါင်းကူညီမှု၊ ထောက်ခံအားပေးမှု၊ ပွဲထုတ်မှုတွေနဲ့ အရေးယူ ခံရနိုင်တယ် ဆိုတာ သိရှိအောင် အသိပေးတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ရုပ်သံတွေကနေ ကြေညာခံထားရတဲ့ စာရင်းမှာ သရုပ်ဆောင် ပြေတီဦး၊ သက်မွန်မြင့်၊ ဖွေးဖွေး၊ ပိုင်ဖြိုးသု၊ အဆိုတော် ကော်နီ၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ မော်ဒယ်အလင်းရောင်၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ ကိုပေါက်၊ ဝိုင်း၊ ဏကြီး၊ စတဲ့ သူတွေ ပါဝင်ပြီး ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာလည်း ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် အေသင်ချိုဆွေတို့ အပါအဝင် နောက်ထပ် လူ ၂၀ ဦးကိုလည်း ၅၀၅ (က)နဲ့ တရားစွဲထားတယ်လို့ ထပ်တိုး ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဧပြီလ ၅ ရက်နေ့ကလည်း မန္တလေးမြို့မှာ ပုဒ်မ ၅၀၅(က)နဲ့ အရေးယူမယ့် လူဦးရေ ၂၀၀ ကျော် စာရင်းကို အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလူတွေဟာ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှုကို ထိခိုက်အောင် ပြောဆိုတာတွေ၊ CDM လှုပ်ရှားရာမှာ ပူးပေါင်း ပါဝင်ဖို့ ဖိအားပေး ခြိမ်းခြောက် လှုံ့ဆော်တာတွေ၊ ပြည်သူလူထု အနှောင့်အယှက် ဖြစ်အောင် လမ်းတွေပိတ်ဆို့တာ၊ သံပုံးတီးတာ စတဲ့ စည်းရုံးလှုံ့ဆော်တာတွေ လုပ်နေတဲ့အတွက် သူတို့ကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားတယ် လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီက လူထုကိုအခုလို ဖမ်ဆီး သတ်ဖြတ် နိုင်နင်းနေပေမဲ့လည်း နိုင်ငံတဝန်းမှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေက ရက်ပေါင်း ၆၀ ကျော်လာတဲ့ အထိ ဆက်ရှိနေဆဲပဲလို့ မန္တလေးမြို့ က စစ်ကောင်စီဆန့်ကျင်ရေးမှာ ဦးဆောင်လှုပ်ရှားသူ ဒေါက်တာတေဇာဆန်းကပြောပါတယ်။
"အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေက နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံအနှံမှာ နေ့တိုင်း ရှိပါတယ်၊ နေရာတိုင်း ရှိပါတယ်၊ နည်းလမ်းမျိုးစုံနဲ့ ဒီဆန့်ကျင်မှုတွေကို ဆက်လက် ဆင်နွှဲသွားမယ် ဆိုတာ သေချာပါတယ်"လို့ ဒေါက်တာတေဇာဆန်းက ဘီဘီစီကို ပြောပါတယ်။







