စစ်တွေဆေးရုံက ကျန်းမာရေးဝန်ထမ်း ၅ ဦးမှာဗိုင်းရပ်စ် ပိုးထပ်တွေ့၊ကူးစက် ခံရသူစစ်တွေက ကျန်းမာရေးဝန်ထမ်း၁၇ဦး အထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စစ်တွေ ဒေသခံ၆ ဦးအသစ် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲ့ဒီ စစ်တွေက နိုင်ငံခြား ခရီးသွား ရာဇဝင် မရှိတဲ့ ဒေသတွင်း ကူးစက်ခံရသူ အသစ် ၆ ဦးထဲမှာ ၅ဦးကစစ်တွေဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကိုပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ တော့ ဒီနေ့ရောဂါပိုးတွေ့သူ ၆ဦးမှာ ၅ ဦးဟာ "ရောဂါကူးစက်နိုင်ခြေများသောအုပ်စု" လို့ မှတ်ချက် မှာ ဖော်ပြထားပါတယ်။
ဒီနေ့စစ်ဆေးမှုရလဒ်ဟာ စစ်တွေဆေးရုံမှာစစ်ဆေးခဲ့တာဖြစ်ပြီး ၄၁ ဦးစစ်ဆေးခဲ့တာဖြစ်ကြောင်း ပိုးတွေ့သူနောက်တစ်ဦးကတော့ ဆေးရုံမှာသံသယ လူနာ အဖြစ် တက်ရောက် ကုသနေသူဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့ ည၈ နာရီအထိ တစ်ပတ်အတွင်းရောဂါပိုးတွေ့ရှိသူဟာ ၅၉ဦးအထိရှိလာနေပြီဖြစ်ပါတယ်။
အဲဒီအထဲမှာ ကျန်းမာရေးဝန်ထမ်းတွေထဲက ကူးစက်ခံရသူ ဟာစုစုပေါင်း ၁၇ ဦးအထိရှိလာနေပြီလို့လည်း ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကိုပြောပါတယ်။
စစ်တွေက ကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၇ ဦးထဲမှာ စစ်တွေဆေးရုံကနား နှာခေါင်း လည်ချောင်းအထူးကု ဆရာဝန်ကြီးတစ်ဦးလည်းပါဝင်ပြီး သူကလူနာအမှတ်၃၉၅ ဖြစ်တယ်လို့လည်းသူကပြောပါတယ်။
အခုလို လူနာတွေထပ်တိုးလာတဲ့အပေါ်မှာ ကုသရေးတွေလုပ်နိုင်ဖို့အတွက် ကျန်းမာရေးဌာန နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေ ဟာစီစဥ်မှုတွေလုပ်နေတယ်လို့လည်း သူကရှင်းပြပါတယ်။
"ကျန်းမာရေးဝန်ထမ်းတွေ နောက်ထပ်ရောက်လာတာလည်းရှိတယ် ကိုယ့်ကိုယ်ကိုယ်လည်းကာကွယ်ကြမယ် ကူးစက်ခံရသူတွေနေရာမှာလည်းအစားထိုးပြီးလုပ်သွားမယ် ဆိုတဲ့အစီအစဥ်တွေနဲ့လုပ်သွားမှာပါ"လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOHS
ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ် ကို သြဂုတ်လ၂၃ ရက်နေ့ မနက်က အထူးလေယာဉ် နဲ့"မိမိဆန္ဒအလျောက်" ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမယ့် အထူးကုဆရာဝန်ကြီးတစ်ဦးအပါအဝင် ဆရာဝန် ၂၀ဦး နဲ့ကျန်းမာရေးဝန်ထမ်း ၄ ဦး ပါတဲ့အဖွဲ့ဟာ ထပ်ရောက်ရှိလာတယ်လို့ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအထဲမှာ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး (၁) ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊ လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊ လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊ လက်ထောက်ဆရာဝန် (၁၃) ဦး၊ သူနာပြုအုပ်ကြီး (၁) ဦး၊ အထက်တန်းသူနာပြု (၁) ဦး နဲ့သူနာပြု (၁) ဦး တို့ လည်းပါဝင်တယ်လို့သိရပါတယ်။
အဲ့ဒီ အထူးလေယာဥ်မှာ ရခိုင်ပြည်နယ် အတွက်COVID-19 ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနဲ့ ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ခဲ့ တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ အရသိရပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ရက်ဆက်တွေ့လာရလို့ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့ ၂၃ ရက် အထိ စစ်တွေ၊ မြောက်ဦးနဲ့ သံတွဲ မြို့တွေမှာ ကိုဗစ်လူနာ ၅၉ ဦးရှိလာပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သြဂုတ် ၂၃ ရက် ည အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄၅၀ ဦး ရှိပြီ ဖြစ်ပါတယ်။








