ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ နာဂပြည်နယ်မှာ ခွေးသားရောင်းတာ ပိတ်ပင်
အိန္ဒိယ အရှေ့မြောက်ပိုင်းက မြန်မာပြည်နယ်စပ် နာဂလန်းပြည်နယ်မှာ ခွေးသား တင်ပို့ရောင်းချတာကို ပိတ်ပင်လိုက်တာကို တိရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပါတယ်။
တိရိစ္ဆာန်ကာကွယ် စောင့်ရှောက်ရေး အုပ်စုတွေက တောက်လျှောက် တိုက်တွန်းခဲ့တဲ့အတွက် ပြည်နယ်အစိုးရက ဒီလိုတားမြစ်လိုက်တာပါ။
အိန္ဒိယမှာ ခွေးတွေအပေါ် ရက်စက်မှု အဆုံးသတ်ရေးအတွက် အပြောင်းအလဲကြီးတခုအဖြစ်လည်း ဒီအဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီလိုတားမြစ်တာဟာ ပြည်နယ်ရဲ့ အစားအသောက်ဓလေ့တခုကို တိုက်ခိုက်တာလို့ ပြောတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေလည်း ရှိပါတယ်။
အိန္ဒိယတချို့နေရာတွေမှာ ခွေးသားစားတာ တရားမဝင်ပေမယ့် အရှေ့မြောက်ပိုင်းက လူမျိုးစု တချို့မှာတော့ ဒါကို စားကောင်းသောက်ဖွယ်တခုလို စားတာတွေ ရှိနေပါတယ်။
ခွေးနဲ့ ခွေးသား အစိမ်းရော ဟင်းလျာပါ စီးပွားဖြစ် တင်ပို့ ရောင်းချတာကို ပိတ်ပင်ဖို့ ပြည်နယ်အစိုးရက ဆုံးဖြတ်လိုက်တယ်။ အစိုးရအဖွဲ့ရဲ့ အမြော်အမြင်ရှိရှိ ဆောင်ရွက်မှုကို ချီးကျူးကြပါ ဆိုပြီး နာဂလန်း ပြည်နယ် အစိုးရ အတွင်းဝန်ချုပ် တမ်ဂျင်တွိုင်းက တွစ်တာမှာ သောကြာနေ့က ရေးသားခဲ့ပါတယ်။
ဒီကန့်သတ်မှုကို ဘယ်လို ဆောင်ရွက်မယ်ဆိုတာကို ပြည်နယ်အစိုးရက အသေးစိတ် မပြောသေးပါဘူး။
ဈေးထဲမှာ ခွေးတွေကိုကြိုးတုပ်၊ အိတ်တွေနဲ့ ထည့်ရောင်းတဲ့ပုံတွေ လူမှုကွန်ရက်တွေမှာ တက်လာပြီးနောက် လူတွေက စိတ်ဆိုးဒေါသထွက်ကြကြောင်း အိန္ဒိယ သတင်းဌာနတွေက ရေးသားပါတယ်။
တရားမဝင် သတ်ဖြတ် ရောင်းချတာခံဖို့ ဈေးထဲမှာ အိတ်ထဲ ကြိုးတုပ်ခံပြီး စောင့်နေရတဲ့ ခွေးတွေရဲ့ ထိတ်လန့်စရာ အခြေအနေကို ပြတဲ့ ပုံတွေကြောင့် တုန်လှုပ်ရကြောင်း အိန္ဒိယ တိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ချုပ် (FIAPO) က ကြာသပတေးနေ့က ထုတ်ပြန် ပါတယ်။
ခွေးသားရောင်းတာကို ချက်ချင်း တားမြစ်ပေးဖို့ ဒီအုပ်စုက နာဂပြည်နယ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
FIAPO အပါအဝင် တိရိစ္ဆာန်တွေကို ကျင့်ဝတ်နဲ့အညီ ကိုင်တွယ်သူများ (PETA) စတဲ့ အဖွဲ့တွေက နာဂလန်းမှာ ခွေးသားရောင်းတာ ပပျောက်အောင် ဦးဆောင် တောင်းဆိုခဲ့ကြပါတယ်။
နောက် အိန္ဒိယမှာ ခွေးသားရောင်းတာ အဆုံးသတ်ဖို့ နှစ်ချီ ကြိုးပမ်းခဲ့တဲ့ နိုင်ငံတကာ လူဆန်သော အဖွဲ့အစည်း (HSI) ကလည်း နာဂပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။
နာဂကခွေးတွေရဲ့ ဒုက္ခဆင်းရဲက အိန္ဒိယ မှာ အရိပ်မည်းကြီးလို ဖြစ်နေတာ ကြာပြီလို့ HSI အဖွဲ့ရဲ့ စီမံအုပ်ချုပ်မှုဒါရိုက်တာ အလော့ပါန ဆင်ဂုပတားက ပြောပါတယ်။ ဒါကြောင့် ဒီမှောင်ခို ခွေးသားရောင်းခြင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေးမှာ ဒီသတင်းက အလှည့် အပြောင်းကြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
နာဂကို တနှစ်တနှစ် ခွေးအကောင်သုံးသောင်းလောက် မှောင်ခိုတင်ပို့ရောင်းချတာ ရှိပြီး ဈေးမှာ အရှင်ရောင်းတာ၊ သစ်သားတင်းပုတ်နဲ့ ရိုက်သတ်တာတွေ ရှိတယ်လို့ HSI အဖွဲ့က ပြောပါတယ်။
ဒီနှစ်ဆန်းပိုင်းကလည်း ချင်းပြည်နယ်နဲ့ နယ်ချင်းစပ်နေတဲ့ မီဇိုရမ်ပြည်နယ်မှာ ခွေးသားရောင်းတာကို ပထမအဆင့် စတင် ပိတ်ပင်ခဲ့ပါတယ်။
သားသတ်ဖို့ သင့်တော်တဲ့ တိရိစ္ဆာန်များစာရင်းကနေ ခွေးကို ထုတ်ပယ်တဲ့ ဥပဒေ ပြင်ဆင်ချက် မီဇိုရမ်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေမယ့် တောင်ကိုရီးယား၊ တရုတ်နဲ့ ထိုင်းအပါအဝင် ခွေးသားစားတဲ့ တခြားနိုင်ငံတွေလည်း ရှိပါသေးတယ်။