ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး ပိတ်ဆို့နိုင်သလား
ကမ္ဘာတလွှား ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ နှစ်သိန်းကျော်သွားချိန်မှာပဲ ဥရောပ နိုင်ငံတွေမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တနိုင်ငံလုံး ပိတ်တာတွေ လုပ်နေရာမှာ ဘယ်လ်ဂျီယံ ပါလာပြီ ဖြစ်ပါတယ်။
အလုပ်နဲ့ မရှိမဖြစ် စျေးဝယ်တာ၊ ခွေးကျောင်းတာ အပါအဝင် အားကစား လုပ်တာတွေအတွက်ပဲ အပြင်ထွက်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။
စပိန်မှာလည်း ဒီလို အပြင်ထွက်ခွင့် ချိုးဖောက်လို့ မဒရစ်တမြို့ထဲမှာတင် လူ ၈ဝဝ လောက် ဒဏ်တပ်ခံခဲ့ရပါတယ်။
ပြင်သစ် အရှေ့ပိုင်းမှာတော့ အသည်းအသန် ဖြစ်နေတဲ့ လူနာတွေကို စစ်တပ်က စစ်ဆေးရုံကို စရွှေ့ပေးနေပါတယ်။
အီးယူနိုင်ငံတွေအကြား လွတ်လပ်စွာ သွားလာခွင့် မရှိသလောက် ဖြစ်နေပြီး ဂျာမနီနဲ့ ပိုလန်၊ သြစတြီးယားနဲ့ ဟန်ဂေရီ နိုင်ငံတွေကြားမှာ ကားတန်းရှည်ကြီး ဖြစ်နေတာကို တွေ့ရပါတယ်။
ဗြိတိန်က စိုက်ပျိုးရေးနဲ့ အစားအစာ လုံခြုံမှုဆိုင်ရာ ပါမောက္ခ လူဝီးစ် မန်းနင်းကတော့ ဥရောပ တချို့နိုင်ငံတွေ မှာ သီးနှံလုံလောက်အောင် စိုက်ပျိုးတာ သိပ်နည်းလို့ ဒီလို အကြာကြီး ပိတ်ဆို့နေရင် ဒုက္ခရောက်ကုန်မယ်လို့ ဆိုပါတယ်။
အနောက်တိုင်းက ဗိုင်းရပ်စ်လာမှာပူ
အာရှတလွှား ကိုရိုနာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကြိုးစားနေကြရာမှာ ဗိုင်းရပ်စ်ကို ကြောက်လို့ ဥရောပနဲ့ အမေရိကန်ကလူတွေ ရောက်လာမှာကို ကျန်းမာရေး ဝန်ထမ်းတွေက ပူပန်နေကြပါတယ်။
တိုင်ဝမ်မှာ ရောဂါကူးစက်ခံရသူ အရေအတွက် တိုးလာတဲ့အတွက် နိုင်ငံခြားသားတွေကို ဝင်ခွင့်ပိတ်တော့မှာ ဖြစ်သလို တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်မှာလည်း အသစ်ဝင်လာတဲ့သူတွေကို သီးခြားခွဲထားမှာ ဖြစ်ပါတယ်။
မလေးရှားမှာတော့ နယ်စပ်တွေ ပိတ်ထားဖို့ ပြည်တွင်းသွားလာမှုတွေကို ကန့်သတ်ခဲ့ပါတယ်။
နီပေါမှာလည်း ဥရောပတိုက်သားတွေအပါအဝင် နိုင်ငံတော်တော်များများက ခရီးသွားတွေကို ဝင်ခွင့် တားမြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပါကစ္စတန်မှာတော့ ဝင်လာတဲ့ နိုင်ငံတကာ လေယာဉ်ခရီးသည်တိုင်း ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း လက်မှတ် ပြနိုင်မှ နိုင်ငံထဲ ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
အိန္ဒိယမှာတော့ အတည်ပြုနိုင်တဲ့ ရောဂါရှင် အရေအတွက် နည်းသေးပေမယ့် စစ်နိုင်တဲ့ အင်အား နည်းပါးလို့ မတွေ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
လက်ဆေးဆပ်ပြာရည် အတု သောင်းချီမိ
အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ လက်ဆေးဆပ်ပြာရည် အတု ပုလင်း နှစ်သောင်းခွဲကို ရဲက စက်ရုံကနေ ဖမ်းမိခဲ့ပါတယ်။
ဟိုင်ဒြာဘတ် မြို့စွန်မှာ ရှိတဲ့ ကုမ္ပဏီတခုက ဒီလိုပုလင်း တသိန်းကျော်ကို ဒေသထဲမှာ ဖြန့်ခဲ့ပြီး ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ များနေလို့ လက်ဆေးဆပ်ပြာရည်နဲ့ မျက်နှာဖုံးတွေ ဒီသီတင်းပတ်တွေအတွင်းမှာ အရောင်းသွက်ခဲ့ပါတယ်။
အီရန်မှာ စံချိန်တင်သေဆုံး
အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေသူ တရက်ထဲမှာ ၁၄၇ ယောက် ရှိသွားပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တရက်ထဲ သေသူအများဆုံး စံချိန်တင်တာလည်း ဖြစ်ပါတယ်။
အဲဒီမှာ စုစုပေါင်း သေဆုံးသူ ၁၁၃ဝ ကျော်သွားပြီလို့လည်း ဆိုပါတယ်။
ဒါပေမဲ့ တကယ်သေသူစာရင်းက ဒီထက်များနိုင်တယ်လို့ ယူဆနေကြပါတယ်။
အီရန် နိုင်ငံသားတချို့ဟာ ရောဂါကူးစက်ပုံနဲ့ ပတ်သက်ပြီး ခုထက်ထိ အရေးတယူမရှိသေးဘူးဆိုပြီးလည်း အီရန် ကျန်းမာရေး ဝန်ကြီး အာလီ ရဇားရား ယေစီးက ပြောပါတယ်။ ပြည်သူတွေက ပါဝင်ကူညီ နှိမ်နင်းမယ်ဆိုရင် ဗိုင်းရပ်စ်ကို ထိန်းချုပ်လို့ ရနိုင်ပြီ လို့လည်း သူက ဆိုပါတယ်။