ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁၄ ဦးရှိ

ဓာတ်ပုံ ရင်းမြစ်, NOEL CELIS
မြန်မာနိုင်ငံမှာတော့ ကူးစက် အတည်ပြုသူ လူနာမရှိသေးပဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်လို့ ဓါတ်ခွဲခန်းကို ပေးပို့စစ်ဆေးချက်အရ ခြောက်ဦးက ဗိုင်းရပ်စ် ကင်းစင်တဲ့အတွက် အခုဆိုရင် စောင့်ကြည့်သူ ၁၄ ဦး ပဲ ရှိတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကို ပြောပါတယ်။
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ် ဝူဟန်ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၂၅ နိုင်ငံအထိ ကူးစက်နေပြီဖြစ်သလို သေဆုံးသူမှာလည်း ၁၀ဝ၀ကျော်ရှိလာပြီ ဖြစ်ပါတယ်။
အဲဒီလို စောင့်ကြည့်လူနာထဲမှာ စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူနာတစ်ဦးကို အနီးကပ်ပြုစု စောင့်ကြပ်ခဲ့ပြီး မြန်မာပြည်ကို ပြန်လာတဲ့ အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး မနေ့ကအထိ အဖျားအနည်းငယ်တက်ကာ အခုဆိုရင် အဖျားကျသွားပြီး ဆက်လက်စောင့်ကြည့်နေတယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ဆိုပါတယ်။
ဒေါက်တာဒေါ်ခင်ခင်ကြီးက ' သူနဲ့ ပတ်သက်တဲ့ သူ့အိမ်မှာ မိသားစု၊ သူ့အိမ်ရှင်နဲ့ ဝင်ထွက်သွားလာနေတဲ့ သူတွေကို စုစုပေါင်း ၁၂ ဦးကို သူတို့အိမ်မှာပဲနေစေတယ် အပြင်မထွက်ဘူး။ လက်ဆေးတာမျိုး၊ နှာစီးချောင်းဆိုးတာဆို ကျွန်မတို့ကို ချက်ချင်းပြောဖို့ Home Quarantine လုပ်ထားတယ် ' လို့ ဆိုပါတယ်။
Home Quarantine လုပ်တဲ့ရည်ရွယ်ချက်ကလည်း ရောဂါရှိရင်လည်း မြန်မြန်ဆန်ဆန်သိနိုင်ဖို့နဲ့ သူတို့ကနေ တဆင့်သူများတွေကို မကူးစက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ရှင်းပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူဟာ တရုတ်နိုင်ငံထဲမှာပဲ ကူးစက်သူ လေးသောင်းကျော်ရှိနေပြီး အရှေ့တောင်အာရှ နိုင်ငံတွေက အကူးစက် အများဆုံးဖြစ်လာပါတယ်။
ကူးစက်တဲ့အထဲမှာတော့ ဂျပန်နိုင်ငံဟာ ဒုတိယအများဆုံး ကူးစက်တဲ့နိုင်ငံဖြစ်ပြီး စင်္ကာပူ၊ ထိုင်း၊ တောင်ကိုးရီးယား၊အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှာတော့ ကူးစက်ပျံ့နှံ့နေပါတယ်။
ဒါကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့က ကြေညာခဲ့သလို စင်္ကာပူမှာလည်း လိမ္မော်ရောင်အဆင့် သတ်မှတ်ကြေညာထားပါတယ်။










