ရမ်းဗြဲမြို့နယ် အန်အယ်လ်ဒီပါတီ ဘဏ္ဍာရေးမှူးကို အေအေက ဖမ်းဆီးသွားတယ်လို့ဆို

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ပါတီ ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို မနေ့က ဖေဖော်ဝါရီ ၈ ရက် စနေနေ့ ညနေပိုင်း ၆ နာရီ လောက်မှာ အေအေတပ်ဖွဲ့ဝင် ၈ ဦးက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ပါတီက ပြောကြားပါတယ်။
ရခိုင့်တပ်တော် အေအေကတော့ ဦးဇေယျာမင်းကို ဖမ်းဆီးထိန်းသိမ်းထားတာမရှိဘူးလို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့အန်အယ်လ်ဒီ မြို့နယ်အလုပ်အမှုဆောင် ဦးဇေယျာမင်းဟာ ရမ်းဗြဲမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကျောက်ဆောက်ကျေးရွာနဲ့ ကုလားပုန်းကျေးရွာအကြားမှာ သူတို့ရဲ့သစ်ခွဲစက်နေ ပြန်လာခဲ့တဲ့အချိန်မှာ အခုလိုဖမ်းဆီးသွားတာကိုခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဇေယျာမင်းနဲ့အတူ ဝမ်းကွဲအစ်ကိုတော်စပ်သူ ဦးခင်ဖေတို့နှစ်ဦးအတူပြန်လာခဲ့ကြတာဖြစ်ပြီး အစ်ကိုဖြစ်သူ ဦးခင်ဖေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ အန်အယ်လ်ဒီ မြို့နယ် အတွင်းရေးမှူး ဦးခင်ရီက ဘီဘီစီကိုပြောပါတယ်။
"ကျွန်တော်တို့ရမ်းဗြဲမြို့နဲ့ဆိုရင် ၁၀ မိုင်လောက်ဝေးတယ်။ ကျောက်ဆောက်နဲ့ ကုလားပုန်းကျေးရွာကြားမှာ ပျောက်သွားတာ။ သူ့မှာအဲ့ဒီမှာ သစ်စက်ရှိတယ်။ သူနဲ့သူ့အကိုဝမ်းကွဲနှစ်ယောက်ပြန်လာတဲ့အချိန် လူ ၈ ယောက်က ရောက်လာပြီတော့ သေနတ်နဲ့ချိန်ပြီး ခေါ်သွားတာ။ သူ့အကိုကိုထားခဲ့တယ်။"လို့ ဦးခင်ရီကပြောပါတယ်။
မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ နိုင်တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းတဲ့အပေါ် ပြီးခဲ့တဲ့လက ရမ်းဗြဲမှာ ထောက်ခံပွဲပြုလုပ်ခဲ့ပြီး အဲဒီပွဲကို ဦးဇေယျာမင်းက ဦးဆောင်ပြုလုပ်တာဖြစ်လို့ အေအေကဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ဦးခင်ရီက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဌ ဦးရဲသိန်းကို အေအေဘက်က ဖမ်းဆီးသွားခဲ့ပြီး တစ်လကျော်အကြာမှာ တိုက်ပွဲအတွင်းသေဆုံးသွားတယ်လို့ အေအေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Ye Thein
အဲဒါကြောင့် အခုဖမ်းဆီးခံရတဲ့ ဦးဇေယျာမင်းရဲ့အသက်အန္တရာယ်ကိုထိခိုက်မှာကို မိသားစုတွေကရော ပါတီကပါစိုးရိမ်မှုတွေရှိနေပါတယ်။
ရမ်းဗြဲမြို့နယ် NLD ပါတီရဲ့ အလုပ်အမှုဆောင် ဦးဇေယျာမင်းကို ဖမ်းဆီးတာဟာ အေအေအဖွဲ့ကမဟုတ်ဘဲ အန်အယ်လ်ဒီ အစိုးရနဲ့ အေအတို့အကြား တင်းမာမှုတွေပိုမိုဖြစ်ပွားလာအောင် တပ်မတော်ဘက်က ဖန်တီးတာလည်းဖြစ်နိုင်တယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကိုပြောဆိုပါတယ်။
"ရမ်းဗြဲမြို့နယ် NLD ရဲ့ ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို ဖမ်းဆီးတာမရှိဘူးဗျ။ အဲ့လိုမျိုး ဖမ်းဆီးထိန်းသိမ်းတဲ့ဖြစ်စဉ်လည်း ကျွန်တော်တို့ဘက်မှာမရှိဘူး။ ဒီကိစ္စကတော့ ကျွန်တော်တို့နဲ့ ဘာမှ ပတ်သက်မှုမရှိဘူး။ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်ဆိုတိုင်း အေအေလို့ပြောလို့မရဘူး။ ဗမာစစ်တပ်တွေက ရခိုင်ပြည်အနှံ့မှာ သွားနေတဲ့ဟာ အများကြီးရှိတယ်။ နောက်တစ်ဖက်မှာ NLD အစိုးရနဲ့ ရက္ခိုင့်တပ်တော်အကြားမှာ တင်းမာမှုတွေပိုပြီးတော့ဖြစ်လာအောင်လို့ မြန်မာစစ်တပ်ဘက်က ဖန်တီးတာတွေလည်းဖြစ်နိုင်တယ်"လို့ ခိုင်သုခက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hluttaw
အခုလို ဦးဇေယျာမင်း ဖမ်းဆီးခံလိုက်ရပြီး ပျောက်သွားတာနဲ့ပတ်သက်လို့ ပါတီရဲ့ ပြည်နယ်အဆင့်နဲ့ ဗဟိုအဆင့်တွေကိုသတင်းတွေပို့ထားပြီး မြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှာလည်း အမှုဖွင့်အကြောင်းကြားထားတယ်လို့ ဦးခင်ရီကပြောပါတယ်။
ဦးဇေယျာမင်းဖမ်းဆီးခံလိုက်ရတာနဲ့ပတ်သက်လို့ မနေ့က ည ၈ နာရီလောက်မှ သူ့နဲ့အတူဖမ်းဆီးခံရစဉ်မှာရှိနေတဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ ဦးခင်ဖေက ဖုန်းဆက်လာပြီးမှ သိရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။
ခင်ပွန်းဖြစ်သူ အခုလိုဖမ်းဆီးခံလိုက်ရတဲ့သတင်းကိုကြားရတဲ့အတွက် သူ့ကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်လုံးဝမရတော့ဘူးလို့ သူက ပြောပါတယ်။
ဦးဇေယျာမင်းဟာ NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီရဲ့လုပ်ငန်းစဉ်တွေကိုလုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ အေအေအပေါ်မှာ မကောင်းပြောဆိုတာတွေလည်းမရှိသလို စစ်တပ်နဲ့လည်းဆက်သွယ်တာတွေမလုပ်ဘူးလို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။
"အေအေကိုမေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မကတော့ ဘာသတင်းမှမရသေးဘူး။ သူတို့ကပြန်လွှတ်ပေးရင်တော့ ကျွန်မယောကျ်ားက အသက်ရှင်မှာပေါ့။ သူတို့က အဲ့လိုမျိုးလုပ်ရင် ဘာတတ်နိုင်မှာလဲ။ အတတ်နိုင်ဆုံးတော့ ကိုယ့်တိုင်းရင်းသားအချင်းချင်း အသက်အန္တရာယ်ကို ရည်စူးပြီးတော့ မလုပ်စေချင်ဘူးပေါ့"လို့ ဒေါ်မြင့်မြင့်သန်းကပြောပါတယ်။
ဒီဇင်ဘာလအတွင်းက ရမ်းဗြဲမြို့နယ်မှာပြုလုပ်ခဲ့တဲ့ ICJ ကိစ္စထောက်ခံပွဲအပြီးမှာ ဦးဇေယျာမင်းအပါအဝင် ဦးဆောင်ခဲ့သူ NLD ပါတီဝင်တွေကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေ၊ ပါတီကနုတ်ထွက်ပေးဖို့ စတာတွေကို ပြုလုပ်တာခံခဲ့ကြရတယ်လို့ ဦးဇေယျာမင်းရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။
တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော်အေအဘက်ကနေ အန်အယ်လ်ဒီရဲ့ မြို့နယ်ပါတီဥက္ကဌဦးရဲသိန်းနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းတို့ကို ဖမ်းဆီးခဲ့တာတွေရှိပြီး ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို မကြာခင်က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာဒေသတွေက ဖမ်းဆီးခဲ့သူတွေထဲက စစ်ရေးနဲ့မသက်ဆိုင်သူတွေကိုပြန်လည်လွှတ်ပေးခဲ့ပေမယ့် စစ်တပ်၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနက ဖမ်းဆီးထားသူတွေတော်တော်များများရှိနေပြီး အဲ့ဒီလူတွေကို သုံ့ပန်းအဖြစ်နဲ့ ပြန်အလဲလှယ်လုပ်ဖို့ တောင်းဆိုထားတာလည်းရှိနေပါတယ်။








