ရခိုင်မှာ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းနီးပါးရှိလာ၊တရုတ်က မြန်မာ့ဆန် တန်ချိန် ငါးသောင်း ဝယ်ယူဖို့ လက်မှတ်ထိုး အပါအဝင် မနက်ခင်းသတင်းများ

ရခိုင်မှာ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းနီးပါးရှိလာ၊ စစ်ရှောင်ဒုက္ခသည်အချို့ ရိက္ခာပြတ်လုနီးဖြစ်

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြားဖြစ်ပေါ်နေတဲ့ တိုက်ပွဲ တွေဟာ ပိုမိုပြင်းထန်လာတဲ့အတွက် စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် အရေအတွက်ဟာလည်း တစ်သိန်း ဝန်းကျင်ထိရှိလာပြီလို့ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည် အခြေအနေတွေကို စာရင်းကောက်ယူ ပြုစုနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းပေါင်းကလည်း ၇၀ ကျော်အထိရှိလာပြီး ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် လုံခြုံရေးဆိုင်ရာ အခက်အခဲပြဿနာ တွေလည်း ရှိလာနေပါတယ်။

ဒါ့အပြင် စစ်ရှောင်နေရတဲ့စားနပ်ရိက္ခာပြတ်တောက်နိုင်တဲ့အခြေအနေတွေနဲ့ပါကြုံနေရတယ်လို့ ဒုက္ခသည် တွေကပြောပါတယ်။

ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် နိုဝင်ဘာလကတည်းက မင်းပြားမြို့ သဌေးကုန်းကို ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် သုံးရာကျော်ဟာ အခုဆိုရင် နေရာထိုင်ခင်း မလုံလောက်မှု၊အစားအစာရှားပါးလာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အရင်က စားစရာ ဆန်ရှိပေမယ့် လက်ရှိမှာ ဆန်တွေလည်း အလှူရှင်မရှိတာကြောင့် လျော့နည်းလာနေပြီး ဒီလကုန်ဆိုရင် လုံးဝပြတ်လပ်တာနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ဆန်နဲ့ ဟင်းစားအဖြစ် ဒေသထွက် မုန်ညှင်းရွက် ငှက်ပျော်အူတွေကို သုပ်စားနေရတယ် လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ မင်းပြားမြို့နယ် သဌေးကုန်းကျေးရွာက ဒေါ်မနုဖြူက ဘီဘီစီကို ပြောပါတယ်။

လက်ရှိကာလဟာ စပါးရိတ်သိမ်းချိန်ဖြစ်တာကြောင့် ရွာသားတစ်ချို့ မိမိရွာကို စပါးပြန်ရိတ်သိမ်းပေမယ့် မြေမြုပ်မိုင်းကြောက်လို့ တချို့နေရာတွေမှာတော့ မရိတ်သိမ်းနိုင်ဘူးလို့ လည်းဒေါ်မနုဖြူက ဆိုပါတယ်။

တရုတ်က မြန်မာ့ဆန် တန်ချိန် ငါးသောင်း ဝယ်ယူဖို့ လက်မှတ်ထိုး

မကြာသေးခင်ရက်ပိုင်းကတရုတ်နိုင်ငံရွှေလီမြို့မှာပြုလုပ်ခဲ့တဲ့ တရုတ်မြန်မာ ကုန်စည်ပြပွဲမှာ မြန်မာဘက်က ဆန်တန်ချိန် ၅ သောင်းကို တရုတ်နိုင်ငံကဝယ်ယူဖို့လက်မှတ်ရေးထိုးခဲ့ပါတယ် ။

နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေရဲ့ညှိနှိုင်းမှုအရ မန္တလေးအခြေစိုက် ကုမ္ပဏီတစ်ခုနဲ့တရုတ်နိုင်ငံ ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံဘက်ကဆန်တန်ချိန် ၅ သောင်းဝယ်ယူဖို့သဘောတူခဲ့တာဖြစ်ပါတယ်

အခုစာချုပ်ချုပ်ဆိုထားတဲ့ဆန်တန်ချိန် ၅သောင်းကိုမူဆယ်ဖက်က တင်ပို့မှာမဟုတ်ပဲ ချင်းရွှေဟော်နယ် စပ်ကနေ တင်ပို့မှာဖြစ်တယ်လို့လဲကုန်သည်တွေကပြောပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ဘက်က စည်းကမ်းတင်းကျပ်လာ တာကြောင့်မြန်မာဘက်ကဆန်တွေတရုတ်နိုင်ငံထဲအရင်ကလို များများစားစား မတင်ပို့နိုင်တော့တဲ့ အခြေ အနေဖြစ်နေတာပါ။

တရုတ်ဘက်က အဲဒီလိုတင်းကျပ်လာတဲ့အတွက်မြန်မာဘက်ကဆန်တွေကို ရှမ်းပြည်နယ်အရှေပိုင်းကနေ လာအိုနိုင်ငံထဲဖြတ်ပြီးတရုတ်နိုင်ငံကိုတင်ပို့နေရတယ်လို့လဲ မူဆယ်အခြေစိုက် ဆန်ကုန်သည်ဦးမင်းသိန်းကပြောပါတယ်။

မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုတင်ပို့တာထက် လာအိုနိုင်ငံကတင်ပို့တာက အခွန်နှုန်းထားလည်း ပိုသက်သာတယ်လို့ ဆန်ကုန်သည်အချို့ကပြောပါတယ်။

ဒါပေမဲ့လည်း လာအိုဘက်ကနေ ဝယ်ယူတဲ့ပမာဏင မများတဲ့အတွက် အများကြီးမတင်ပို့နိုင်သေးပါဘူး။

တရုတ်နိုင်ငံ က နယ်စပ်ကုန်သွယ်ရေးကိုတင်းကျပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ဆန်ပြည်ပတင်ပို မှုဟာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ပါက သုံးပုံ တစ်ပုံလောက်လျော့ကျသွားခဲ့ပြီး စပါးဈေးဟာလဲ ကျဆင်း လာတဲ့အတွက် တရုတ်နိုင်ငံကိုစပါးတရားဝင်တင်ပို့ခွင့်ပြုရတဲ့အထိအစိုးရဆောက်ရွက်ပေးခဲ့ရပါတယ်။

လက်ဘနွန်မှာ အစိုးရကိုဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အထိကရုဏ်းဖြစ်လို့ လူ ဒါဇင်နဲ့ချီ ဒဏ်ရာရ

အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အတွက် လူ ဒါဇင်ချီ ဒဏ်ရာရသွားခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဒီအထိကရုဏ်းဖြစ်စဉ်ဟာ အစိုးရကို ဆန္ဒပြနေသူတွေရှိရာနေရာကို မျက်နှာဖုံးတပ်ထားသူတွေက တန်ပြန်ဆန္ဒလာပြပြီးနောက် ဆန္ဒပြသူတွေကို ပါလီမန်အနီးက ရင်ပြင်ကို ရွှေ့ပြောင်းစေဖို့ လုပ်ဆောင်ရာကနေ စတင်ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြသူတွေကနေ ဂဲတွေနဲ့ ပစ်ခတ်စဉ်မှာပဲ ရဲတွေဘက်က မျက်ရည်ယိုဓာတ်ငွေ့တွေ ရာဘာကျည်တွေနဲ့ စတင်ပစ်ခတ်နှိမ်နင်းခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ရဲဘက်ကလည်း အနည်းဆုံး အရာရှိ ၂၀ ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။

အုပ်ချုပ်သူတွေရဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအမှားတွေကြောင့် ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး ဆန္ဒပြမှုတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။