ICJ အမှု ကြားနာပွဲ ဒီကနေ့စမယ့်အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း သည်ဟိတ်ဂ်မြို့ကို ရောက်နေပြီဖြစ်

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office

ဓာတ်ပုံ ပုံစာ, နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း သည်ဟိတ်ဂ်မြို့ကို ရောက်နေပြီဖြစ်

(၁) ICJ အမှု ကြားနာပွဲ ဒီကနေ့စမယ်

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေမှာ စတင် ကြားနာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြုပြီး လျှောက်လဲဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း သည်ဟိတ်ဂ်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

၂ ဘက် အပြန်အလှန်လျှောက်ထားချက်တွေကို ICJ တရားသူကြီးတွေက ကြားနာမှာဖြစ်ပြီး မြန်မာဘက်က အဆိုပြုထားတဲ့ တရားသူကြီး ၁ ဦးနဲ့ ဂမ်ဘီယာက အဆိုပြုထားတဲ့ တရားသူကြီး ၁ ဦးစီ ပါဝင်မှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို ICJ မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကြားနာဖို့ ရှိနေပါတယ်။

(၂) AA စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီး ၂ ဦးကို ဘန်ကောက်မှာ ထိန်းသိမ်းထား

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သား၊ သမီး ၂ ဦးကို ထိုင်းကနေ မြန်မာ ဘက်ကို လွှဲပြောင်းပေးဖို့ စီစဉ်နေလို့ ဆို

ဓာတ်ပုံ ရင်းမြစ်, STR/AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သား၊ သမီး ၂ ဦးကို ထိုင်းကနေ မြန်မာ ဘက်ကို လွှဲပြောင်းပေးဖို့ စီစဉ်နေလို့ ဆို

ရက္ခိုင့်တပ်မတော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီး ဒေါ်နှင်းဇာဖြူနဲ့ သားသမီး ၂ ဦးတို့ကို ထိုင်း-မြန်မာ နယ်စပ်မြို့မဲဆိုင်ကနေ ဘန်ကောက်ကို ဒီဇင်ဘာ ၇ ရက်နေ့က လေယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

"သူတို့တွေကို မြန်မာအစိုးရဘက်က ပြန်ပို့ဖို့ တောင်းဆိုတာမျိုးတွေ ရှိနိုင်ပြီး သူတို့ရဲ့ လုံခြုံရေးအရရော ဘန်ကောက်ကို ခေါ်ဆောင်လာတာ ဖြစ်နိုင်တယ်" လို့ ရခိုင်လူ့အခွင့်အရေးဆောင်ရွက်နေသူ ဦးညီညီလွင်က ပြောပါတယ်။

လက်ရှိမှာ သူတို့တွေကို ထိုင်းလူဝင်မှုဥပဒေ ချိုးဖောက်မှုနဲ့ ဘန်ကောက်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ထိုင်းဥပဒေနဲ့အညီ ထိုင်းတရားရုံးက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ကိုညီညီလွင်က ဆက်ပြောပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ကိုတော့ အခုသီတင်းပတ်အတွင်း ချမှတ်နိုင်တယ်လို့လည်း ပြောပါတယ်။

AA စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီး ၂ ဦးတို့ကို ဒီဇင်ဘာလ ၄ ရက်နေ့က ချင်းမိုင် လဝကရုံးကို ဗီဇာသက်တမ်းသွားတိုးစဉ်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ နယ်စပ်မြို့ မယ်ဆိုင်ကို ယူဆောင်လာခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ပြန်ပို့ရင် အဖမ်းခံရနိုင်တယ်လို့ ဝိုင်းဝန်း မေတ္တာရပ်ခံတဲ့ အတွက် မြန်မာနိုင်ငံကို ပြန်မပို့ဖြစ်ခဲ့ဘဲ ဘန်ကောက်မြို့ကို ပြန်လည် ယူဆောင်သွားတာ ဖြစ်နိုင်တယ်လို့ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

(၃) ယူကရိန်းနဲ့ ရုရှားကြား အပစ်ရပ်ရေး ဖော်ဆောင်ဖို့ သဘောတူ

ပဲရစ်မြို့မှာ ဒီဇင်ဘာ ၉ ရက်နေ့က မျက်နှာချင်းဆိုင် တွေ့ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပဲရစ်မြို့မှာ ဒီဇင်ဘာ ၉ ရက်နေ့က မျက်နှာချင်းဆိုင် တွေ့ခဲ့

ယူကရိန်းသမ္မတ Volodymyr Zelensky က ရုရှားသမ္မတ ပူတင်နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ခဲ့ရာမှာ အရှေ့ယူကရိန်းမှာ အချိန်အကန့်အသတ်မရှိ အပစ်ရပ်ဖို့ သဘောတူကြောင်း ပြောပါတယ်။

ရုရှားသမ္မတနဲ့ ယူကရိန်းသမ္မတတို့ဟာ ပြင်သစ်သမ္မတနဲ့ ဂျာမန် ဝန်ကြီးချုပ်တို့နဲ့အတူ ပဲရစ်မြို့မှာ ဒီဇင်ဘာ ၉ ရက်နေ့က မျက်နှာချင်းဆိုင် တွေ့ခဲ့ပြီး အရှေ့ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ ရုရှားထောက်ခံအားပေးတဲ့ အဖွဲ့နဲ့ အငြင်းပွားမှု အဆုံးသတ်စေဖို့တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ပြင်သစ်သမ္မတ မက်ခရွန်းက ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အကျဉ်းသားလဲလှယ်တာတွေ တပ်နေရာယူတာတွေ အပစ်ရပ်ကိစ္စတွေကို အကျေအလည် ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းရဲ့ အခြေခံဥပဒေကို ပြင်ပြီး ရုရှားထောက်ခံတဲ့ သူပုန်နယ်မြေ ဂွန်ဘာ့စ်ကို အထူးနယ်မြေအဖြစ် သတ်မှတ်ပြီး စစ်ပွဲထဲ ပါသူတွေကိုလည်း လွတ်ငြိမ်းခွင့်ပေးဖို့ တောင်းဆိုတာတွေ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်က စခဲ့တဲ့ ယူကရိန်းတပ်တွေနဲ့ ရုရှားထောက်ခံအားပေးတဲ့ သူပုန်တွေအကြား ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ လူပေါင်း ၁၃၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

(၄) နယူးဇီလန်မှာ မီးတောင်ပေါက်လို့ ၅ ဦးသေဆုံး ၈ ဦး ပျောက်နေ

မီးတောင်ပေါက်ကွဲခဲ့လို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မီးတောင်ပေါက်ကွဲခဲ့လို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်

နယူးဇီလန်နိုင်ငံ White Island မီးတောင်ကျွန်းမှာ ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းက ရုတ်တရက် မီးတောင်ပေါက်ကွဲခဲ့လို့ ၅ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေတယ်လို့ နယူးဇီလန်ရဲတွေက အတည်ပြုပြောလိုက်ပါတယ်။

သေဆုံးသူတွေထဲ ကမ္ဘာလှည့်ခရီးသည်တချို့ပါဝင်ပြီး ၃၁ ဦးကတော့ ထိခိုက်ဒဏ်ရာတွေရလို့ ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ ဒဏ်ရာရသူတွေထဲ ဗြိတိန်အမျိုးသမီး ၂ ဦးလည်း ပါဝင်တယ်လို့ နယူးဇီလန်မှာရှိတဲ့ ယူကေမဟာမင်းကြီးရုံးက ပြောပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရီဆွန်ကတော့ သေဆုံးသူတွေထဲ သြစတြေးလျနိုင်ငံသားတွေ ပါနေတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်လို့ ပြောပါတယ်။

ပေါက်ကွဲခဲ့တဲ့ မီးတောင်ရှိတဲ့ ကျွန်းအနီးကို သြစတြေးလျနိုင်ငံသား ၂၄ ဦးက အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ခဲ့တာဖြစ်ပြီး ၁၃ ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီး ၁၁ ဦးကတော့ စာရင်းအချက်အလက် သေချာမသိရသေးဘူးလို့ ဝန်ကြီးချုပ် မော်ရီဆွန်က ပြောပါတယ်။

နယူးဇီလန် ဒုရဲချုပ်ကလည်း သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ပြောပါတယ်။

Whakaari လို့ ဒေသခံတွေခေါ်ကြတဲ့ White Island မီးတောင်ကျွန်းပေါ်မှာ မီးတောင်ပေါက်ချိန်မှာ လူ ၅၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်လို့လည်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။