ဘူးသီးတောင်မှာ စစ်ဆေးနေသူတွေထဲက နှစ်ဦးကိုလွှတ်၊ ၁၉ ဦးကို ဆက်စစ်

အေအေ ရက္ခိုင့်တပ်တော်ရဲ့ ဖမ်းဆီးမှုက လွတ်မြောက်လာတဲ့ ရွှေနဒီရေယာဉ်ပေါ်က ခရီးသည်တွေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတဲ့ အထဲက နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ၁၉ ဦးကိုတော့ ဆက်စစ်ဆေးနေတယ်လို့ ဘူးသီးတောင် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

အောက်တိုဘာ ၂၆ ရက် မှာ အေအေရဲ့ ဖမ်းဆီးခံလိုက်ရပြီး နိုဝင်ဘာ ၅ ရက်နေ့မှာ ပြန်လည်လွှတ်ပေးလိုက်တဲ့ အရပ်သား ၂၅ ဦးအနက် ဘူးသီးတောင်ဒေသခံ ၂၁ ဦးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ ၃ စခန်းမှာ နိုဝင်ဘာလ ၅ ရက် နေ့လယ် ၂ နာရီကျော်လောက်က စတင်စစ်ဆေးခဲ့ပါတယ်။

နိုဝင်ဘာလ ၆ ရက် မနက် ၁ နာရီခွဲအချိန်ထိ သူတို့ကို စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ရဲတပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ခေါ်ယူသွားတယ်လို့ ဦးမောင်ကျော်ဇံက ပြောပါတယ်။

ကျန်တဲ့ ၁၉ ဦးကိုတော့ ဆက်စစ်ဆေးနေတယ်လို့ ဘူးသီးတောင် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

သူတို့ကိုစစ်ဆေးရာမှာ တချို့ရဲ့ ဖြေကြားချက်တွေဟာ ကွဲလွဲနေတဲ့အတွက် နိုဝင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့မှာ ထပ်မံစစ်ဆေးနေရပြီး စစ်ဆေးပေါ်ပေါက်ချက်တွေကိုလည်း ပြည်ထဲရေးဌာနကို အစီရင်ခံတင်ပြထားတယ်လို့ သိရကြောင်း ဦးမောင်ကျော်ဇံက ပြောပါတယ်။

"မနေ့က စစ်ဆေးတဲ့အထဲမှာ ၇ ယောက်က ကျန်တဲ့လူတွေနဲ့ ကွဲလွဲနေတယ်လို့ပြောတယ်။ ဒါကြောင့် ဒီမနက်မှာ ထပ်ပြီးတော့ စစ်ဆေးတာဖြစ်တယ်လို့ ပြောတယ်။ စစ်ပြီးရင် သူတို့ရဲ့အကြီးအကဲတွေ ပြည်ထဲရေးဌာနကို တင်ပြထားတယ်လို့ပြောတယ်"လို့ သူက ပြောပါတယ်။

အဲ့ဒီလူတွေကို စစ်ဆေးဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ခေါ်လာတဲ့အခါမှာ သူတို့ကို ဖမ်းဆီးတာမဟုတ်ဘဲ အောက်တိုဘာ ၂၆ ရက်နေ့ဖြစ်စဉ်မှာ ရွှေနဒီအမြန်ရေယာဉ် အဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ရသေ့တောင်ရဲစခန်းမှာ အမှုဖွင့်ထားတဲ့အတွက် ဒီလူတွေကို သက်သေအဖြစ် စစ်ဆေးဖို့အတွက် ခေါ်လာတာဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် မနေ့က လွတ်မြောက်လာခဲ့ကြတဲ့အထဲက ရသေ့တောင်ဒေသခံတွေဟာ သူတို့ရဲ့မိသားစုတွေရှိတဲ့ ရသေ့တောင်မြို့ကို ရောက်ရှိလာခဲ့ကြပြီး ဦးကျော်ဌေး ဆိုသူကို ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ခေါ်ယူပြီးတော့ စစ်တွေမြို့ အမှတ် ၁ နယ်မြေရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

"ကျွန်တော်တို့က ဖမ်းဆီးခံရတဲ့အချိန်မှာလဲ တောထဲမှာ အစစ်ဆေးခံခဲ့ရပြီးပြီ။ အခုလည်း ဒီမှာ စစ်ဆေးခံရမယ်လို့ပြောပါတယ်။ အဖမ်းခံလိုက်ရတဲ့နေ့ကတော့ တော်တော်လေးကို စိုးရိမ်တယ်။ ကြောက်တယ်။ သေမှာကို တော်တော်လေးကို ကြောက်တယ်"လို့ စစ်တွေမြို့အမှတ် ၁ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခံနေရတဲ့ ဦးကျော်ဌေး က ပြောပါတယ်။

"အဲ့ဒီလူတွေကို အခုလိုမျိုး စစ်ဆေးမှုတွေ ပြုလုပ်နေတာဟာ လိုအပ်ချက်အရ စစ်ဆေးနေတာဖြစ်ပြီး သူတို့ကို ဘယ်ကိုခေါ်သွားသလဲဆိုတာကိုစစ်တာပါ။ ပြီးရင်တော့ပြန်လွှတ်ပေးမှာပါ။ ဘာမှ ဥပဒေကြောင်းအရလည်း အရေးမယူပါဘူး။ မစိုးရိမ်ပါနဲ့လို့ ပြောချင်တယ်"လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

အခု ဆက်လက်ပြီးတော့ စစ်ဆေးခံယူနေကြရတဲ့ ၁၉ ဦးက အရပ်သားတွေဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းတချို့လည်း ပါဝင်နေတယ်လို့ မိသားစုတွေဆီကနေ သိရပါတယ်။

စတင်စစ်ဆေးနေတဲ့အချိန်ကနေ အခုအချိန်ထိ မိသားစုတွေနဲ့တွေ့ဆုံ ခွင့်မရရှိသေးတဲ့အတွက် စိုးရိမ်မှုတွေရှိနေကြတာ ဖြစ်ပါတယ်။

"ကျွန်မမောင်လေးတို့က အခုစစ်ဆေးခံနေရပါတယ်။ ဘယ်လိုအခြေအနေရှိလဲဆိုတာ ကျွန်မတို့မသိရဘူး။ မနက်ကတည်းကနေ ဒီနေရာမှာ စောင့်နေတာပါ။ တွေ့ခွင့်မရဘူး။ မနေ့က ၂ နာရီခွဲလောက်ကနေ စစ်ဆေးနေတာပါ။ အခုချိန်ထိပြန်မလွှတ်သေးဘူးဆိုတော့ စိုးရိမ်တာပေါ့"လို့ ကံဖေကျေးရွာ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးသိန်းကျော်ရဲ့ အစ်မ ဒေါ်နုစိန်က ပြောပါတယ်။

ဒါ့အပြင် စစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာဦးထွန်းရွှေဟာ ကျန်းမာရေးမကောင်းဖြစ်လာတာကြောင့် ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ အစ်မဖြစ်သူ ဒေါ်နီလာသိန်းက ပြောပါတယ်။

ဦးထွန်းရွှေဟာ ယခင်ကတည်းက အာရုံကြောအားနည်းတဲ့ဝေဒနာကြောင့် ဆေးဝါးကုသမှုခံယူနေရသူတစ်ဦးဖြစ်ပြီး ၁၀ ခန့်အကြာ ဖမ်းဆီးခံနေရတဲ့အတွက် ဆေးပြတ်လပ်ခဲ့ရကြောင်းနဲ့ အခု စစ်ဆေးခံနေရချိန်မှာ စိတ်တွေကယောက်ခြောက်ခြားဖြစ်လာတဲ့အတွက် ဆေးရုံကို ပို့လိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီးထားသူတွေထဲက ၂၅ ဦးကို အေအေတပ်ဖွဲ့က ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ထဲကို အပ်နှံခဲ့တာဖြစ်ပြီး အများစုက ဘူးသီးတောင်ဒေသခံတွေဖြစ်တဲ့အတွက် အဲ့ဒီထဲက ၂၁ ဦးကို လွှတ်တော်ကိုယ်စားလှယ်တွေ အရပ်ဘက်အဖွဲ့အစည်းတွေက သွားရောက်ခေါ်ယူခဲ့ကြတာဖြစ်ပါတယ်။