ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်မီးသွေးစွမ်းအင်နဲ့ တီကျစ်နမူနာ
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်နယ်အတွင်းမှာ ကျောက်မီးသွေး တူးဖော်ဖို့နဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် အသုံးပြုမယ့် မြေအကျယ်အဝန်း ဧက ၃၀ဝ နီးပါး တိုးလာတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
ထိုင်းနိုင်ငံက SAHA KOL EQUIPMENT (SQ) Co.Ltd နဲ့ မြန်မာနိုင်ငံက Golden Lake ကုမ္ပဏီတို့ ပူးပေါင်းပြီး မိုင်းခုတ်မှာ ၂၈ နှစ်ကြာ ကျောက်မီးသွေးတူးဖော် ဖို့စာချုပ်ချုပ်ဆိုခဲ့ကြတဲ့ စီမံကိန်းအတွက် မြေနေရာတိုးလာတာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းကနေ အမြတ်ငွေ ထိုင်းဘတ် ၂၇ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၈၉၀) အမြတ်ရနိုင်တယ်လို့ ခန့်မှန်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ထိုင်းကုမ္ပဏီ ဘက်က ဘတ်သန်း ၃၀ဝ စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး အကျိုးအမြတ်ရရင်တော့ ထိုင်းက ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၃၀ ရာခိုင်နှုန်း ခွဲဝေ ယူကြမှာဖြစ်ပါတယ်။
မိုင်းခုတ်ဒေသခံ တစ်ဦးဖြစ်တဲ့ စိုင်းခေးဆိုင်က " တကယ်လို့တူးမယ်ဆိုရင် မိုင်းခုတ်ရွာအပါအဝင် ရွာကြီးတွေ ခြောက်ရွာလောက် အရင် ထိခိုက်မယ်။ ဧက ၂၀ဝ အထက်သွားမယ်ဆိုရင် ကျန်ရွာတွေလည်း ထိခိုက်ဦးမယ်"လို့ ပြောပါတယ်။
"ဒီစီမံကိန်းကြီးက (တစ်နှစ်)တန်ပေါင်း သုံးသိန်းထိ ထုတ်မယ်ဆိုတော့ တော်တော်ကြီးလာတယ်။ ရွာတွေက ထိခိုက်မှု တော်တော်များလာမယ် အခုဆို လယ်ဧကတွေလည်း အရင်တုန်းက သိမ်းထားတာရှိတယ်။ ၂၀၁၂ နဲ့ ၂၀၁၃ တုန်းက ရွာက ဆန့်ကျင်လို့ ခဏရပ်ထားတာ အခုပြန်တူးမယ်ဆို အရင်ကထက် စီမံကိန်းက ပိုကြီးလာတော့ ဒေသခံတွေက လက်မခံချင်ဘူး " လို့ သူ ဆက်ပြောပါတယ်။
တစ်နှစ်ကို ကျောက်မီးသွေးတန်ချိန် ၃ သိန်းကျော် တူးဖော်မှာဖြစ်ပြီး အများအားဖြင့်တော့ အဲစီမံကိန်းက ထွက်ရှိတဲ့ ကျောက်မီးသွေးတွေကို ထိုင်းနိုင်ငံကို တင်ပို့ဖို့ မျှော်မှန်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလတ်တလော အခြေအနေအရတော့ မိုင်းခုတ်ဒေသကို ကုမ္ပဏီက တာဝန်ရှိသူ တချို့က လာရောက်ကြည့်ရှုနေပြီး ဒေသခံတွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။
မိုင်းခုတ်ဟာ ထိုင်းနိုင်ငံ နဲ့ ကီလိုမီတာ ၄၀ သာကွာဝေးပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရှိပါတယ်။ မိုင်းခုတ်မှာ နေထိုင်သူတွေကတော့ ရှမ်း၊ လားဟူနဲ့ အာခါတိုင်းရင်းသားတွေ အများစု ဖြစ်ပါတယ်။
တကယ်လို့ ဒီကျောက်မီးသွေးလုပ်ငန်းတွေကို တူးဖော်လုပ်ကိုင်မယ် ဆိုရင်တော့ ဒေသခံတွေ အိုးအိမ်တွေကို စွန့်ပစ် ထွက်ခွာပေးရမယ့်အပြင် လယ်ယာမြေတွေလည်း ဆုံးရှုံးရမှာဖြစ်ပါတယ်။
ကျောက်မီးသွေးနဲ့ ကမ္ဘာ့ပြဿနာ
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ကျောက်မီးသွေး သုံးစွဲမှု အများဆုံးနဲ့ ကျောက်မီးသွေးစက်ရုံတွေ များပြားတဲ့ နိုင်ငံဖြစ်ပြီး အိန္ဒိယကတော့ ကမ္ဘာမှာ ဒုတိယအများဆုံး ကျောက်မီးသွေး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ပတ်ဝန်းကျင်ညစ်ညမ်းတဲ့အတွက် အိန္ဒိယနဲ့ ဂျာမနီက ကျောက်မီးသွေးစက်ရုံတွေကို ပိတ်သိမ်းခဲ့ပါတယ်။
တရုတ်မှာလည်း လေထု သန့်ရှင်းရေးအတွက် ဘေကျင်းမြို့မှာ နောက်ဆုံးလည်ပတ်နေတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို ၂၀၁၇ ခုနှစ်မတ်လမှာ ပိတ်သိမ်းခဲ့ပါတယ်။
တီကျစ်နဲ့ တခြားစီမံကိန်းတွေကို ကန့်ကွက်မှု
မြန်မာနိုင်ငံမှာတော့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီ တိုင်းတို့မှာ ကျောက်မီးသွေး ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြသလို ဒေသခံတွေကလည်း ပတ်ဝန်းကျင် ထိခိုက်မှာ စိုးရိမ်တာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်နေပါတယ်။
အခုလတ်တလော ကရင်ပြည်နယ် မှာ ထိုင်းကုမ္ပဏီဖြစ်တဲ့ TTCL က ရင်းနှီးမြှုပ်နှံမယ့် ဒေါ်လာ ၂.၈ ဘီလျံ သုံးပြုပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံတည်ဆောက်ဖို့ရှိပါတယ်။
ဒီစက်ရုံကိုတော့ ၂၀၂၃ မှာ စတင်လည်ပတ်ဖို့ ရည်မှန်းထားပြီး ၂၀၂၄ မှာတော့ ၁၂၈၀ မဂ္ဂါဝပ်ထုတ်ဖို့ ရည်မှန်းချက်ကို အပြည့်အဝအကောင်အထည်ဖော်မှာဖြစ်ပါတယ်။
ကရင်ပြည်နယ် အစိုးရဘက်ကတော့ ဒေသခံတွေ ကန့်ကွက်တဲ့ ကြားထဲက ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်မှာရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံနဲ့ ကျောက်မီးသွေးမိုင်းကိုလည်း အပြီးပိတ်သိမ်းဖို့ MATA အဖွဲ့က ဦးဆောင်ပြီး အင်အားရာနဲ့ချီတဲ့ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဒီတီကျစ်ကျောက်မီးသွေးစက်ရုံဟာ ၂၀၀၅ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး အကြီးစားပြင်ဆင်မှု အတွက် ၂၀၁၄ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြန်လည် လည်ပတ်ဖို့ ကြိုးစားခဲ့ပေမယ့် သဘာဝပတ်ဝန်းကျင် စစ်ဆေးချက်အရ စက်ရုံအနီးက လေထုနဲ့ ရေထုဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်ထက် အာဆင်းနစ်ပါဝင်မှုတွေ ၅ ဆ ကနေ ၂၇ ဆအထိ ကျော်လွန်နေတာကြောင့် ဒေသခံတွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
ကျောက်မီးသွေးကို ဘာကြောင့်ကန့်ကွက်တာလဲ
ကျောက်မီးသွေး စွမ်းအင်သုံးတာနဲ့ ပတ်သက်လို့ အရပ်ဖက် မဟာမိတ်အဖွဲ့ MATA အဖွဲ့ ရှမ်းပြည်နယ် အလုပ်အဖွဲ့က ဦးအောင်ကျော်မိုးက " အဓိကက ကျောက်မီးသွေးကို လက်မခံနိုင်တာက ကျွန်တော်တို့နိုင်ငံမှာ ကျောက်မီးသွေးကို သုံးဖို့ နည်းပညာ အဆင်သင့် မဖြစ်သေးဘူး။ ကျွန်တော်တို့ အစိုးရမှာ ကျောက်မီးသွေးကို ထိန်းချုပ်ဖို့ ပေါ်လစီ အတိအကျ မရှိသေးဘူး။ EIA ပညာရှင်တွေက ကျောက်မီးသွေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေဖြစ်မနေဘူး။ နိုင်ငံတကာမှာ သင်ယူရမှာတွေအများကြီး။ စနစ်ကျတဲ့ ထိန်းချုပ်မှု ဥပဒေတွေ မရှိသေးဘူး" လို့ ဆိုပါတယ်။
အခုတီကျစ်ဒေသဟာ မြန်မာနိုင်ငံမှာ ကျောက်မီးသွေး ထုတ်လုပ်တာနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအတွက် စံနမူနာပြစရာ ဒေသလိုဖြစ်နေပါတယ်။
ဒီဒေသတဝိုက်မှာ ကျောက်မီးသွေးမိုင်းနဲ့ စက်ရုံက ပြာတွေကြောင့် သောက်သုံးရေ အဆိပ်သင့်တာတွေ၊ လူတွေ အဆိပ်သင့်တာတွေကို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လေ့လာတွေ့ရှိချက်အရ သိရှိရတဲ့အတွက် ဒေသခံတွေက ကြောက်ရွံ့ပြီး ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စွမ်းအင်ပြဿနာကို ပြေလည်အောင်ဖြေရှင်းဖို့ ကျောက်မီးသွေးကို ၃၃ ရာခိုင်နှုန်းအထိ အသုံးပြုမှ စွမ်းရည် လိုအပ်ချက်ပြည့်မီမယ်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။
ဒါပေမဲ့လည်း သဘာဝပတ်ဝန်းကျင် ပညာရှင်တွေကတော့ ကျောက်မီးသွေးကနေ စွမ်းအင်ထုတ် သုံးစွဲတာထက် တခြား နည်းတွေဖြစ်တဲ့ နေရောင်ခြည်၊ ရေအားလျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့တွေကို သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေအောင် ထုတ်ယူ သုံးစွဲပြီး နိုင်ငံရဲ့ စွမ်းရည် လိုအပ်ချက်ကို ဖြည့်နိုင်မယ်လို့ ထောက်ပြပြောဆိုနေကြပါတယ်။