ကျောက်တော် တိုက်ပွဲ ရွာထဲကို လက်နက်ကြီးကျ၊ အသက် ၇၀ အမျိုးသားတစ်ဦး သေဆုံး

အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ဦး သွေးထွက်လွန်ပြီး သေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ဦး သွေးထွက်လွန်ပြီး သေဆုံးခဲ့

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကျောက်တော်မြို့နယ်က ကန်သုံးဆင့် ကျေးရွာကို စက်တင်ဘာ ၁၅ ရက် မနက် ၁ နာရီကျော်လောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက် ထိမှန်ခဲ့လို့ အသက် ၇၀ အရွယ် အမျိုးသားကြီး တစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီသေဆုံးသူအပြင် ကန်သုံးဆင့်နဲ့ အနီးအနားရွာတွေက အရပ်သား ၆ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုတွေကို တပ်မတော်ရေက လုပ်တာလို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ အေအေက ပစ်ခတ်လို့ တပ်က ပြန်ပစ်တာလို့ တုံ့ပြန်ပါတယ်။

တပ်မတော်ရေက ရေယာဉ်က ကုလားတန်မြစ်ကြောင်းအတိုင်း ကျောက်တော်ဘက်ကို ဆန်တက်လာတာချိန်မှာ စမ္ပာယ်လှ ကျေးရွာနားကိုအရောက်မှာ အခုလိုပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီ ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရခဲ့သူတွေထဲက ကန်သုံးဆင့်ကျေးရွာက အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ဦး သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖြူစင်မေတ္တာ ပရဟိတအသင်းကပြောပါတယ်။

ဒါ့အပြင် သင်္ဂနက်ရွာက သုံးဦးနဲ့ စမ္ပာယ်လှကျေးရွာသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီ အသင်းဆီက သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေထဲက သင်္ဂနက်ကျေးရွာက လင်မယားနှစ်ယောက်ကို စစ်တွေဆေးရုံကို လွှဲပြောင်းပေးခဲ့ပြီး သူတို့ဟာ နေအိမ်ထဲမှာ ရှိနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့မိသားစုတွေက ပြောပါတယ်။

"ညတစ်နာရီလောက်မှာ အပေါက်ဝရွာဘက်က လာပြီးတော့ပစ်ပါတယ်။ လက်နက်ကြီးတွေနဲ့ နေဗီကပစ်ပါတယ်။ စမ္ပာယ်လှ မြိုရွာဆိုတာရှိပါတယ်။ အဲ့ဒီနားကနေပစ်တာပါ။ ပစ်ပြီးလာတော့ ဆင်းပြေးကြတယ်။ အိမ်အောက်မှာ ဝပ်နေကြတယ်။ သူတို့လင်မယားက ဆင်းဖို့မရလိုက်ဘူး။ လက်နက်ကြီး လက်နက်ငယ်အားလုံးပစ်ပါတယ်။ နာရီဝက်လောက်ပစ်ပါတယ်" လို့ ဒဏ်ရာ ရရှိခဲ့သူရဲ့ ညီမ တော်စပ်သူ ဒေါ်ခိုင်ခိုင်ရီက ပြောပါတယ်။

သင်္ဂနက်ကျေးရွာနားမှာရှိတဲ့ တပ်ကို အေအေဘက်က ပစ်ခတ်ခဲ့တဲ့အတွက် မြစ်ကမ်းနံဘေးမှာရှိတဲ့ အဲ့ဒီကျေးရွာတွေကို ပြန်ပစ်ခတ်ခဲ့ရတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, သင်္ဂနက်ကျေးရွာနားမှာရှိတဲ့ တပ်ကို အေအေဘက်က ပစ်ခတ်ခဲ့တဲ့အတွက် မြစ်ကမ်းနံဘေးမှာရှိတဲ့ အဲ့ဒီကျေးရွာတွေကို ပြန်ပစ်ခတ်ခဲ့ရတယ်လို့ဆို

သင်္ဂနက်ကျေးရွာနားမှာရှိတဲ့ တပ်ကို အေအေဘက်က ပစ်ခတ်ခဲ့တဲ့အတွက် မြစ်ကမ်းနံဘေးမှာရှိတဲ့ အဲ့ဒီကျေးရွာတွေကို ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သင်္ဂနက်ရွာနဲ့ စမ္ပာယ်လှကျေးရွာအပြင် တောပန်ဇင်းရွာနဲ့ ပီကောက်ဝကျေးရွာအနီး ဝန်းကျင်တွေကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေအနက် စမ္ပာယ်လှကျေးရွာက နှစ်ဦးကို ကျောက်တော်ဆေးရုံမှာ သွေးသွင်းထားရတဲ့အတွက် စစ်တွေဆေးရုံကို မလွှဲပြောင်းရသေးဘူးလို့ ဖြူစင်မေတ္တာပရဟိတအသင်းထံက သိရပါတယ်။