လွယ်ပြေစုစည်းရွာက လက်နက်ကြီးကျတဲ့ရွာသားတွေ စစ်ဘေးရှောင်

ဓာတ်ပုံ ရင်းမြစ်, Kareng Naw(kki)
သြဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်က ကွတ်ခိုင်မြို့နယ် ဟိုနားကျေးရွာ လွယ်ပယ်စုစည်းရွာက နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျခဲ့ပါတယ်။
ဒီလို ကျခဲ့တာကြောင့် နေအိမ်မှာ နေထိုင်သူ ဒေါ်အေးကမ်၊ ဦးအိုက်ဂျိန်နဲ့ မအေးခေါန် တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ ကျောပြင်၊ ခါးတို့မှာ ထိခိုက်ခဲ့တာဖြစ်ပြီး ဂရုဏာ လူမှုကူညီရေး အသင်းနဲ့ ဗြဟ်မစိုရ် လူမှုကူညီရေး အသင်းတွေက ကွတ်ခိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေး ခဲ့ပါတယ်။
"ရွာသားတွေလည်း ကျလိုက်တယ်ပဲ သိလိုက်တယ်။ ဘယ်ဘက်က ပစ်တယ်ဆိုတာ မသိရဘူး"လို့ ရွာသားတွေကို ကူညီပေးနေတဲ့ ဓမ္မအမှုတော်ဆောင် ဦးနော်ဆန်အောင်က ဘီဘီစီကို ပြောပါတယ်။
လက်နက်ကြီးကျတဲ့ ရွာက ရွာသားတွေဟာ ရွာမှာ မနေရဲတာကြောင့် အခုအခါ ကွတ်ခိုင်မြို့ မြို့တွင်းက တောင်တန်းသာသနာ ဘုန်းကြီးကျောင်းနှင့် ရပ်ကွက် ၂ တအာင်းယဉ်ကျေးမှု ခန်းမသို့ စစ်ဘေးရှောင်ပြောင်းရွှေ့လာကြပြီလို့ ဦးနော်ဆန်အောင်က ဆိုပါတယ်။
မြို့ပေါ်မှာရှိတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အသင်းတော်တွေက ရွာသားတွေကို သွားရောက် ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ရွာသား ခန့်မှန်းခြေ လူဦးရေ ၃၀ဝ ခန့်ရှိတယ်လို့ ကူညီသူတွေက ပြောပါတယ်။
အခုလတ်တလော အခြေအနေမှာ အသက်ကြီးရွယ်အိုတွေ၊ မိန်းမနဲ့ ကလေးတွေကို အဓိက ထားပြောင်းရွှေ့တာဖြစ်ပြီး အမျိုးသားတွေကတော့ ရွာမှာ အစောင့်အဖြစ် ကျန်ခဲ့တာတွေရှိပါတယ်။
ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ တွေ လိုအပ်နေပြီး နေရာထိုင်ခင်းအတွက်တော့ အဆိုပါ ကွတ်ခိုင်မြို့ပေါ်က ဘုန်းကြီးကျောင်းမှာပဲ နေရာချထားပေးတယ်လို့ ကူညီသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kareng Naw(kki)
ကွတ်ခိုင်မြို့နယ် အတွင်းမှာ သြဂုတ်လ (၁၇) ရက်နေ့က စတင်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကွတ်ခိုင်မြို့အထွက်မှာရှိတဲ့ တိုးဂိတ်တွေကိုလည်း ပိတ်ထားရပါတယ်။
ဒီလို ပိတ်ထားတဲ့အတွက် အခုချိန်မှာ ကွတ်ခိုင်မြို့အတွင်းမှာ ကုန်တင်ကား အပါအဝင် ကားစီးရေ (၇၀) ခန့် ပိတ်မိနေပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့တွင်းမှာလည်း လူသူ သွားလာမှု နည်းပါးနေပြီး လက်နက်ကြီးကျတဲ့ အနီးဝန်းကျင်က ရွာတွေမှာလည်း တိုက်ပွဲတွေကြား ရွာသားတွေ ပိတ်မိနေတယ်လို့ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။








