ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရသူ ရခိုင်လူမျိုးများ မိသားစုနဲ့ အဆက်သွယ်ပြတ်
စင်္ကာပူနိုင်ငံမှာ အဖမ်းခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရပြီး နောက် ပြည်တွင်းမှာ အဖမ်းခံရတဲ့ ရခိုင်လူမျိုး တွေနဲ့ ပတ်သက်လို့ သတင်းတစ်စုံတရာ မကြားရတဲ့အတွက် မိသားစုက စိတ်ပူပန်နေကြပါတယ်။
စင်္ကာပူနိုင်ငံမှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရခိုင်စင်္ကာပူအသင်း ဥက္ကဌ ကိုဟိန်းဇော်၊ ရက္ခိုင်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ယောက်ကို ဇူလိုင်လ ၁၀ ရက်နေ့ ၁၁ရက်နေ့က စင်္ကာပူက ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေဟာ ရက္ခိုင့်တပ်မတော် အေအေအတွက် ငွေကြေး ရှာဖွေထောက်ပံ့တာတွေ လုပ်နေတယ်လို့ စင်္ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီလို စင်္ကာပူကနေ မြန်မာပြည်ကို ပြန်ရောက်လာသူတွေကိုအနက် ကိုဟိန်းဇော်ကို ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲမှာ ရန်ကုန်လေဆိပ်တွင် လည်းကောင်း၊ စင်္ကာပူနိုင်ငံ လေကြောင်းလိုင်းနဲ့ ပြန် ပို့ခံရတဲ့ ကိုအောင်မြတ်ကျော်နဲ့ ကိုထွန်းအေးကို ည ၁၁နာရီဝန်းကျင်တွင်လည်းကောင်း ထိန်းသိမ်းခဲ့ပါတယ်။
ထို့အတူ ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲကျော်ထက်ကို စမ်းချောင်းမြို့နယ် နေအိမ်မှာ အဖမ်းဆီးခဲ့ပါတယ်။
ကျန်နှစ်ဦးဖြစ်တဲ့ ကိုတင်လှိုင်ဦးနဲ့ မအေးမြတ်မွန်အပါအဝင် အငှားယဉ်မောင်းလိုက်ပို့သူ ကိုမြတ်လင်းဦးတို့ကို ဇူလိုင်လ ၁၁ ရက်နေ့ ညနေခြောက်နာရီ ခန့်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
အခုဖမ်းဆီးတာ ငါးရက်ကြာပြီ ဖြစ်ပေမယ့် မိသားစု အနေနဲ့ ဘာသတင်းမှ မကြားရသေးဘူးလို့ ဖမ်းဆီးခံရသူ မအေးမြတ်မွန်ရဲ့ ညီမဖြစ်သူက ဘီဘီစီကို ပြောပါတယ်။
မအေးမြတ်မွန်ရဲ့ ညီမဖြစ်သူ မနှင်းနှင်းရွှေက " သူတို့အနေနဲ့ အပြစ်ရှိတယ် စစ်ဆေးမယ်ဆိုရင် တရားဥပဒေ လမ်းကြောင်းအရ ဘယ်မှာစစ်ဆေးမယ် ၊ ဘယ်လိုစစ်ဆေးနေတယ်ပေါ့။ အခုဟာက လုံးဝပျောက်နေတယ်။ ဘယ်သူ့ဆီမှာမှ မရှိသလိုဖြစ်နေတယ် " လို့ မိသားစုနဲ့ အဆက်အသွယ်မရလို့ ပူပန်နေပုံကို ပြောပြပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က အထူးသတင်းရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်လိုက်ပြီဆိုတဲ့ သတင်းကြောင့် ကိုတင်လှိုင်ဦး၊ မအေးမြတ်မွန်နဲ့ ကိုမြတ်လင်းဦးတို့ မိသားစုတွေဟာ အောင်သပြေစစ်ကြောရေး စခန်းကိုသွားရောက် စုံစမ်းခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုဝင်တွေက ဆိုပါတယ်။
ဒီလို အဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ တရားဥပဒေအရ ဆောင်ရွက်သွားဖို့ရှိပြီး တရားအသင်း အက်ဥပဒေ ပုဒ်မတို့နဲ့ ငြိစွန်းနိုင်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ခုချိန်ထိ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေကို သက်ဆိုင်ရာက ဘာတစ်ခုမှ ဆက်သွယ်ပြောကြားတာ မရှိတာကြောင့် မိသားစုတွေအနေနဲ့ အမြန်ဆုံး ဖမ်းဆီးခံရသူ ခုနစ်ဦးကို ပြန်တွေ့ဖို့ လိုလားနေကြပါတယ်။