ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်တိုက်ပွဲဟာ ငြိမ်းချမ်းရေးအတွက် လုံးဝ အထောက်အကူမဖြစ်
အရှိန်မြင့်တက်လာတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲဟာ အစိုးရလုပ်ဆောင်နေတဲ့ငြိမ်းချမ်းရေးအတွက် အထောက်အကူမဖြစ်ဘူးလို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောပါတယ်။
ရက္ခိုင့်တပ်မတော် အေအေအနေနဲ့ လက်နက်သုံးပြီးတိုက်ခိုက်မှုလုပ်လာတာဟာ ငြိမ်းချမ်းရေး အတွက် လုံးဝအထောက်အကူမဖြစ်တာသေချာတယ်။ တပ်မတော်ဘက်က တဖက်သတ်အပစ် အခတ်ရပ်စဲရေးကြေညာပြီး လမ်းဖွင့်ပေးထားတာတောင်မှ အခုလို တိုက်ခိုက်မှုတွေလုပ်လာတာကတော့ ကျွန်တော်တို့ စိုးရိမ်မိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကောင်မတီအတွင်းရေးမှူးအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဦးလှမောင်ရွှေ က ပြောပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့လည်း ဒီဇင်ဘာလ ၁၁ ရက်နေ့က အေအေ အပါအဝင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးဖို့ အခြေအနေ ကောင်းလာခဲ့ပါတယ်။ တပ်မတော်ဘက်ကလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲဖြစ်တဲ့ အေအေ၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တပ်မတော်ဘက်က စစ်တိုင်းငါးခုမှာ စစ်ဖက်ဆိုင်ရာလုပ်ရှားမှုတွေ အားလုံးကို လေးလကြာရပ်စဲမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ဒေသတွေမှာတော့ လုံခြုံရေးအရ အပစ်ခတ်ရပ်စဲရေးထဲ ထည့်သွင်း မကြေညာခဲ့ပါဘူး။
အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ရှိတဲ့ ရခိုင်ပြည်နယ်မောင်တောဒေသကို ချန်ထားပြီး ကျန်တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေးထဲ ထည့်သွင်းကြေညာနိုင်ကြောင်း အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ထောက်ပြခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်အဖွဲ့အစည်း အာဆာအဖွဲ့တွေရဲ့ အန္တရာယ်တွေရှိနေလို့ အပစ် အခတ်ရပ်စဲရေးမကြေညာခဲ့တာလို့ နားလည်ကြောင်း ဦးလှမောင်ရွှေ က ပြောပါတယ်။
အာဆာရဲ့အန္တရာယ်ကို အာရုံစိုက်စောင့်ကြည့်ဖို့ တာဝန်ကျနယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကို အေအေ က ဝင်ရောက်တိုက်ခိုက်တာဟာ နောက်ကျောကိုဓားနဲ့ထိုးသလိုပဲလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးဌာနက တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဘီဘီစီကို ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ပေးထားတဲ့အချိန်မှာ အေအေအပါအဝင် အပစ်မရပ်သေး တဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက လက်နက်မသုံးပဲ စားပွဲပေါ်မှာ တွေ့ဆုံဆွေးနွေးမယ် ဆိုရင် ဒီတံခါးက ဆက်ပြီးဖွင့်နေဦးမယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ အပစ်မရပ်သေးတဲ့တိုင်းရင်းသားအဖွဲ့တွေနဲ့ ထိတွေ့ပြီးတော့ ညှိနှိုင်းပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အန်စီအေ လမ်းကြောင်း ပေါ်ရောက်အောင်လုပ်ဖို့တာဝန်ရှိတဲ့အတိုင်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။