ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲပြီးမှ အစီအစဉ် ပြန်စဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲတွေ ရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူထားတဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေး အစီအစဉ်ကို ရွေးကောက်ပွဲ ပြီးတဲ့အချိန် ဒီဇင်ဘာလကုန်မှ ပြန်စချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို အကြောင်းကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့မယ့် အစီအစဉ် ပျက်သွားခဲ့ပါတယ်။
မြန်မာအစိုးရဘက်ကတော့ နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ သဘောတူထားချက်အတိုင်း ပုံစံတကျ ဖြစ်အောင် ပြန်ညှိနှိုင်း လုပ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံရေးအတွက် နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းကော်မတီ အနေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်လုပ်သွားမှာ ဖြစ်သလို ဝန်ကြီးအဆင့် အချင်းချင်းလည်း Hotline နဲ့ ဆက်သွယ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံသွားသူ ပထမအသုတ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့က စလို့ မြန်မာနိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမယ့် တဦးမှ ပြန်ရောက်မလာခဲ့ပါဘူး။
ဒီလူတွေ ပြန်မလာတာဟာ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှု အားနည်းတဲ့ အတွက် ဖြစ်တယ်လို့ မြန်မာဘက်က ပြစ်တင် ပြောဆိုခဲ့ပါတယ်။
ပထမအကြိမ် ပေးအပ်ခဲ့တဲ့ ဒုက္ခသည် ၈ဝ၂၃ ဦးရဲ့ ပုံစံတွေကို ဖြည့်စွက်ရာမှာ ဒုက္ခသည်စခန်းတွေက ကာယကံရှင် ပုဂ္ဂိုလ်တွေ ကိုယ်တိုင် ဖြည့်စွက်ရတာ မဟုတ်တဲ့အတွက် အခုလို မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်ရတာလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ ဒုက္ခသည်တွေကို ပြန်လည် စေလွှတ်ရာမှာ နေရပ် မပြန်လိုသူတွေကို တွန်းအားပေး စေလွှတ်နေရင်တော့ ပြန်လာကြမှာ မဟုတ်ဘဲ မိမိ ဆန္ဒအလျောက် ပြန်လာလိုသူတွေကို ဦးစားပေး လွှတ်မှသာ ပြန်လည် လက်ခံရေး အစီအစဉ်က အဆင်ပြေမယ်လို့လည်း ပြောခဲ့ပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင် အတော်များများကတော့ နိုင်ငံသား ဖြစ်ခွင့်၊ နိုင်ငံသား အခွင့်အရေးနဲ့ လုံခြုံစိတ်ချမှု ရှိမှသာ မြန်မာနိုင်ငံကို ပြန်လာမယ်လို့ ပြောနေကြပါတယ်။








