အင်ဒိုနီးရှား ဆူနာမီ မှာ နောက်ဆုံးအချိန်ထိ တာဝန်ကျေပွန်သူ

ဓာတ်ပုံ ရင်းမြစ်, TWITTER/AIRNAV
အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဆူနာမီနဲ့ ငလျင်ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့တဲ့ အထဲမှာ အင်ဒိုနီးရှား လေကြောင်းလမ်းပြတဦးဟာ နောက်ဆုံးအချိန်ထိ မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကြောင့် သူရဲကောင်းအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အသက် ၂၁ အရွယ် အန်သိုနီရပ်စ် ဂူနာဝမ် အာဂမ် ဟာ ပါလူမြို့ရဲ့ ဆူလာလဝီကျွန်းရဲ့ လေကြောင်းထိန်းသိမ်းရေး ဝန်ထမ်းတဦးဖြစ်ပြီး ရစ်ချာစကေး ၇.၅ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တဲ့ သောကြာနေ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
ငလျင်လှုပ်စဉ် လေကြောင်းထိန်းသိမ်းရေးမျှော်စင်မှာ တာဝန်ကျနေတဲ့ အာဂမ်ဟာ နောက်ဆုံးလေယာဉ်ပျံတက်သွားတဲ့အထိ လေကြောင်းထိန်းသိမ်းရေး မျှော်စင်မှာ စောင့်ကြည့်နေခဲ့ပါတယ်။
သူ့တာဝန်အပြီးမှာတော့ ထိန်းချုပ်ရေးမျှော်စင် ပြတင်းပေါက်ကနေ ခုန်ချခဲ့တာကြောင့် သူ့ခြေထောက်၊ လက်မောင်းနဲ့ နံရိုးတို့ ကျိုးသွားခဲ့ပြီး အဲဒီဒဏ်ရာတွေနဲ့ ကွယ်လွန်ခဲ့ပါတယ်။
အာဂမ်ကို ဟက်လီကော်ပတာနဲ့ အထူးဆေးရုံတခုကို ခေါ်ဆောင်ခဲ့ပေမယ့် ဆေးရုံ မရောက်ခင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှားလေကြောင်းလိုင်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရိုဟန့်စာရိတ်ကတော့ အာဂမ်ရဲ့ ဆုံးဖြတ်ချက်ဟာ လူရာနဲ့ချီကို ကယ်တင်ခဲ့သလိုပါပဲလို့ ABC ရုပ်သံကို ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားလေကြောင်းလိုင်းရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ဒီဒတ် ကေအက်စ်ရာဒီတိုကလည်း အာဂမ်ဟာ နောက်ဆုံးအချိန်အထိ သူ့တာဝန်ကို ပြီးဆုံးအောင် ထမ်းဆောင်ခဲ့တာ။ ဒါကြောင့် သူ ဒီမျှော်စင်က ထွက်မသွားတာလို့ ဂျကာတာပို့စ် သတင်းစာကို ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် သေဆုံးသူ ၈၃၂ ယောက် အတည်ပြုနိုင်ပြီ ပိတ်မိနေသူတွေများတဲ့ အတွက် သေဆုံးသူ ထောင်ချီသွားနိုင်တယ်လို့ အင်ဒိုနီးရှား သဘာဝ ဘေး အန္တရာယ် ဆိုင်ရာ ဌာနက ပြောပါတယ်။
ပါလူမြို့ထဲမှာတော့ ဒါဇင်နဲ့ချီပြီး ပိတ်မိသူတွေ ရှိနေပြီး အပျက်အစီး နံရံတွေကြားထဲနဲ့ အောက်တွေမှာ အသက်ရှင်သူတွေ ရှိနေနိုင်တယ်လို့ ရှာဖွေ ကယ်ဆယ်ရေး လုပ်သားတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
သေဆုံးသူတွေကို စာရင်းအများစုကိုတော့ ရရှိထားပြီး အပျက်အစီးတွေကိုဖယ်ရှားဖို့နဲ့ ဟိုတယ်နဲ့ ကုန်တိုက်တွေကြားထဲပိတ်မိသူတွေကို ရှာဖွေဖို့ အကြီးစား စက်ကိရိယာတွေ လိုအပ်နေသေးတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
နောက်ဆုံးချိန်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အန်သိုနီရပ်စ် ဂူနာဝမ် အာဂမ် ကို သူ့အဖွဲ့အစည်းက ဂုဏ်ပြုတဲ့အနေနဲ့ သူမူလ ရာထူးထက် နှစ်ဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။








