ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံနိုင်ပါတယ်
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆို အဖမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးရဲ့အမှုနဲ့ပတ်သက်ပြီး လာမယ့်အပတ် တနင်္လာနေ့မှာ အပြီးသတ် အမိန့်ချတော့မှာ ဖြစ်ပါတယ်။
ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့က တရားခွင်မှာ သတင်းထောက်တွေရဲ့ ရှေ့နေတွေ နဲ့ တရားစွဲ ဥပဒေအရာရှိတို့ဖက် နောက်ဆုံးအပြီးသတ် လျှောက်လဲချက်တွေပေးခဲ့ပြီးဖြစ်လို့ အခုလို အမိန့်ချမှတ်မှာဖြစ်ပါတယ်။ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံနိုင်ပါတယ်။
သတင်းထောက်ဆီက လျှို့ဝှက်စာရွက်စာတမ်းတွေ ရခဲ့တဲ့အကြောင်း၊ ကိုဝလုံးရဲ့ မိုဘိုင်းလ်ဖုန်းထဲမှာ ရခိုင့်တပ်မတော် အေအေအဖွဲ့က ကိုညိုထွန်းအောင် ဖုန်းနံပါတ် တွေ့ခဲ့တဲ့အကြောင်း အပြင် ရိုက်တာ သတင်းဌာနဟာ သတင်းရောင်းစားခဲ့တယ်ဆိုတာတွေ ကို ဥပဒေအရာရှိဖက် လျှောက်လဲချက် ပေးခဲ့တာပါ။
သတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ကတော့ ဥပဒေအရာရှိဟာ လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ ထင်ကြေးပေး လျှောက်လဲ ချက်ပေးနေတာလို့ ပြောပါတယ်။ သူတို့ဖက်ကတော့ စွပ်စွဲတဲ့ ပြစ်မှုတခုချင်းစီကို ပြန်လျှောက်လဲခဲ့တယ်လို့ ပြောပါတယ်။
ရိုက်တာသတင်းထောက် ၂ ယောက်ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လူ ၁၀ ယောက် အသတ်ခံရတဲ့ အင်းဒင် ကိစ္စ သတင်းလိုက်လို့ ဖမ်းတာမဟုတ်ဘဲ လျှို့ဝှက် စာရွက်စာတမ်းကိစ္စကြောင့် ဖမ်းတယ်ဆိုပြီး အစိုးရက ထုတ်ပြန်ထားပါတယ်။
ရှေ့နေ ဦးသန်းဇော်အောင်ကတော့ အခုချိန်အထိ တရားလိုရော တရားလိုပြ သက်သေတွေကရော လျှို့ဝှက်ချက်စာရွက်စာတမ်းတွေ ဘယ်ရုံးဌာနမှာ ပျောက်သွားတယ်၊ ဘယ်လိုပျောက်သွားတယ်ဆိုတာ သက်သေမပြနိုင်သေးဘူးလို့ ပြောပါတယ်။
အင်းဒင်ရွာ လူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းလိုက်ခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆိုခံရတာဖြစ်ပြီး ရုံးထုတ်အမှုစစ်ဆေးခဲ့တာ ၉ လနီးပါးကြာမြင့်ခဲ့ပါတယ်။