ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂီတထူးချွန်ဆုရတဲ့ ဂျဲနက် ဘာတွေ ပြောခဲ့လဲ
ဘီလ်ဘော့ဒ် ဂီတ ထူးချွန်ဆုပွဲမှာ ဂီတအိုင်ကွန်တစ်ယောက် အဖြစ် အသိအမှတ်ပြု ဆုချီးမြှင့် ခံရတဲ့ ဂျဲနက်ဂျက်ဆင်က အနုပညာ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲက လိင်ပိုင်း ကျူးလွန် တိုက်ခိုက်မှုတွေ အပေါ် အပြင်းအထန် ရှုတ်ချ ပြောဆို ခဲ့ပါတယ်။
ကွယ်လွန်သူ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ညီမ တော်စပ်သူလည်းဖြစ်၊ ကိုယ်တိုင်လည်း တေးရေး တေးဆို အဖြစ် နှစ်ပေါင်းများစွာ အောင်မြင်မှု ရခဲ့တဲ့ ဂျဲနက်ဂျက်ဆင်က #MeToo လှုပ်ရှားမှုကို ထောက်ခံကြောင်း ရပ်တည် ပြောဆို ခဲ့ပါတယ်။
#MeToo လှုပ်ရှားမှုဆိုတာ လိင်ပိုင်း ကျူးလွန် စော်ကားမှု၊ အနိုင်ကျင့်မှုတွေကို ကြုံတွေ့ ခံစား ခဲ့ရသူတွေက ထုတ်ဖော် ဝန်ခံလာပြီး၊ သူတို့ အပေါ် စာနာကြောင်းနဲ့ လိင်ပိုင်း ဆန့်ကျင်ကြောင်း ဆိုရှယ်မီဒီယာတွေပေါ် ကနေတဆင့် ဖော်ပြကြရင်းသား နိုင်ငံတကာနဲ့ချီ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့ ဘယ်သူ့ရဲ့ ချုပ်ကိုင်မှု၊ အမြတ်ထုတ်မှု၊ အနိုင်ကျင့်မှု မျိုးတွေကိုမှ လက်သင့် မခံတော့ကြောင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြသနေကြတဲ့ ဂုဏ်ယူစဖွယ် ခေတ်ကြီးထဲ နေထိုင် နေကြရတာ ဖြစ်တယ်လို့ ဂျဲနက်က ပြောခဲ့ပါတယ်။
ဂျက်ဆင် မောင်နှမတွေထဲ အငယ်ဆုံး ဖြစ်တဲ့ ဂျဲနက်ဟာ ၁၉၈၆ ခုနှစ်မှာ ကွန်ထရိုးလ် ဆိုတဲ့ တေးအယ်လ်ဘမ်နဲ့ အောင်မြင်ခဲ့ပြီး အိမ်တွင်း အကြမ်းဖက်မှုတွေ အကြောင်း ထည့်သွင်း စပ်ဆိုထားတဲ့ What About နဲ့ Lessons Learned တို့လို သီချင်းတွေကိုလည်း သီဆို ခဲ့ပါတယ်။
အသက် ၅၂ နှစ် အရွယ် ဂျဲနက်ဟာ ဘီလ်ဘော့ဒ် ဂီတဆုပေးပွဲမှာ တစ်သက်တာ အမှတ်တရဆု သဘောမျိုးဖြစ်တဲ့ အိုင်ကွန်ဆု ရရှိတဲ့ ပထမဆုံး အမျိုးသမီး လူမည်း အဆိုတော် ဖြစ်ပါတယ်။
တခါ၊ လာ့စ်ဗေးဂတ်စ်မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီ ဆုပေးပွဲမှာ စီစဉ် တင်ဆက်သူ တစ်ယောက် ဖြစ်တဲ့ ကယ်လီ ကလပ်ဆင်က တက္ကဆက်ပြည်နယ် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စိတ်နှလုံး လှုပ်ရှားစဖွယ် ဝမ်းနည်းစကား ပြောခဲ့ပါတယ်။
သေနတ်ပစ်မှုတွေ ဖြစ်ပြီးမှ ဝမ်းနည်းခြင်း ခဏတာ ငြိမ်သက်ရတဲ့ အပေါ် စိတ်ပျက်လှပြီ၊ သေနတ်ပစ်မှုတွေကို ဆန့်ကျင်တဲ့ လက်တွေ့ အလုပ်တွေ ဘာဖြစ်လို့ မလုပ် နိုင်ရမှာလဲလို့ ကယ်လီ ကလပ်ဆင်က ဆိုပါတယ်။
ဆန်တာဖီ အထက်တန်းကျောင်းမှာ ၁၇ နှစ်သား တစ်ယောက်က အခန်းဖော်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့မှု ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့ပြီး၊ လူ ၁ဝ ယောက်ထိ သေဆုံး ခဲ့ရပါတယ်။
အခုနှစ် ဘီလ်ဘော့ဒ် ဂီတဆု အများစုကို သိမ်းကြုံး ဆွတ်ခူးသွားသူကတော့ အင်္ဂလိပ် တေးရေး တေးဆို အက်ဒ်ရှီယန်း ဖြစ်ပြီး အကောင်းဆုံး အနုပညာရှင်ဆု၊ ရေဒီယိုပေါ် အအောင်မြင်ဆုံး သီချင်းရှင်ဆု၊ အရောင်းရဆုံး ဂီတသမားဆုနဲ့ အအောင်မြင်ဆုံး တေး၁ဝဝရဲ့ ထိပ်ဆုံးဆုတွေ ရရှိ သွားပါတယ်။