သီလဝါဇုန်က လယ်သမားတွေကို ရဲပစ်ခတ်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
မေ ၁၂ ရက် ညနေပိုင်းက သီလဝါ ဆိပ်ကမ်းစီမံကိန်း နယ်မြေ အတွင်းမှာရှိတဲ့ လယ်မြေပေါ်မှာ ကုမ္ပဏီနဲ့ လယ်သမားတွေကြား အငြင်းပွားမှုဖြစ်ပွားပြီး လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်အချို့က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၃ ယောက် ဒဏ်ရာ ရရှိသွားပါတယ်။
ကျောက်တန်းမြို့၊ သီလဝါဆိပ်ကမ်းအနီးက လယ်မြေပေါ်မှာ နေထိုင်နေတဲ့ လယ်သမား တွေကို ကုမ္ပဏီအလုပ်သမားတွေနဲ့ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်အချို့က လယ်မြေအတွင်းကနေ လယ်သမား တွေကို ဖယ်ရှား ခိုင်းခဲ့ရာက ညနေ ၆ နာရီဝန်းကျင်မှာ အခုလို ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လယ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်စံရှားတင် က ဒဏ်ရာရာသွားသူ တယောက် က အမျိုးသမီး ဖြစ်ပြီး ဒဏ်ရာ ၇ ချက် ရထားတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
ဂျပန်နိုင်ငံ က ဦးဆောင်လုပ်ကိုင်နေတဲ့ သီလဝါစီးပွားရေးဇုန်အတွင်းက ဒီလယ်မြေတွေဟာ ဦးပိုင်ကုမ္ပဏီက စီမံကိန်းလုပ်ဆောင်နေတဲ့ ဧရိယာ အတွင်းမှာ ပါနေတာဖြစ်ပြီး ကုမ္ပဏီဘက်က အဲဒီမြေတွေပေါ် သဲမှုတ်တင်ပြီး လုပ်ငန်း ဆောင်ရွက်ဖို့ ပြင်ဆင်နေတာပါ။

လက်ရှိ ကုမ္ပဏီနဲ့ လယ်သမားတွေအကြား ဧက ၁ဝဝ နီးပါးရှိတဲ့ ဒီလယ်မြေတွေဟာ ပိုင်ဆိုင်မှု အငြင်းပွားနေဆဲ ဖြစ်ပြီး မြို့နယ်လယ်ယာမြေ စိစစ်ရေးကော်မတီက ပိုင်ဆိုင်မှုစိစစ်ပေးနေဆဲမြေတွေလည်းဖြစ်ပါတယ်။
ကော်မတီက စိစစ်နေတဲ့ အဲ့ဒီလယ်မြေတွေပေါ်မှာ လက်ရှိနေထိုင်နေတဲ့ လယ်သမား ၉ ဦးရှိပြီး အများစုက ၁၉၉၆ ခုနှစ် နောက်ပိုင်းကတည်းက မြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာလုပ်ကိုင်သူတွေ ဖြစ်တယ်လို့ လယ်ပိုင်ရှင်တဦး ဖြစ်တဲ့ ဦးသန်းဝင်းကပြောပါတယ်။
ကော်မတီက စိစစ်နေဆဲ မြေပေါ်ကို ကုမ္ပဏီဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါခေါ်ယူပြီး အတင်းအကျပ် လုပ်ဆောင်တာဟာ မဖြစ်သင့်တဲ့အနေအထားလို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဘီဘီစီကို ပြောပါတယ်။




