ညွှန်ကြားရေးမှူးချုပ် တယောက် အဂတိလိုက်စားမှုနဲ့ အရေးယူ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ ၅၆ အရ ရဲတပ်ဖွဲ့ အနေနဲ့ အရေးယူ ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က တိုင်ကြားလိုက်ပါတယ်။
ဒေါက်တာ သန်းထွဋ် ဟာ သူ့ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီး ကျပ် သိန်း ၁၅၀၀ ကျော် တန်ဘိုးရှိတဲ့ ပမာဏ ကို တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီ က နေ တောင်းခံယူခဲ့တယ် လို့ စစ်ဆေးတွေ့ရှိရတဲ့အတွက် အခုလို အရေးယူ ဖို့ တိုင်တန်းရတာ ဖြစ်ကြောင်း ကော်မရှင် က ပြောပါတယ်။
သူပိုင်ဆိုင်တဲ့မြေကွက် ပေါ် က နေအိမ်အတွက် အသုံးအဆောင်ပစ္စည်းတွေ၊ နေအိမ်တွေ တည်ဆောက်ခဲ့ရာမှာ လိုအပ်တာတွေ အတွက် လာဘ်ယူခဲ့တယ်လို့ ကော်မရှင်က ဆိုပါတယ်။
တိုင်ကြားမှု ရှိလာလို့ စစ်ဆေးပြီး အခုလို အရေးယူခဲ့တာ ဖြစ်ကြောင်းနဲ့ တိုင်သူ က မည်သူမည်ဝါ ဆိုတာတော့ အခုအချိန်မှာ စည်းမျဉ်း ဥပဒေတွေ အရ ထုတ်ဖော်ပြောလို့မရကြောင်း ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်၊ ပြန်ကြားရေး ကော်မီတီ အဖွဲ့ တာဝန်ခံလည်း ဖြစ်တဲ့ ဦးဟန်ညွန့် က ဘီဘီစီ ကို ပြောပါတယ်။
ကော်မရှင် က နေပြည်တော် ဇမ္ဗူသီရိ ရဲစခန်း ကို အမှုဖွင့် အရေးယူဖို့ တိုင်ကြားထားတာပါ။
အခုလို အစိုးရ အဆင့်မြင့်အရာရှိ တယောက်ကို အဂတိလိုက်စားမှု နဲ့ အရေးယူတာ တွေ တွေ့လာရတာမို့ အသစ်ပြောင်းလဲ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ရဲ့ ဆောင်ရွက်ချက် တွေကို အများပြည်သူ က စိတ်ဝင်တစား ရှိနေကြပါတယ်။




