ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်ရွာ တောင်ပေါ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေး အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ ညမှာလည်း ကောင်းလိန်အုပ်စု မန်လုံရွာထဲကို ကွန်ခိုင်မြို့ဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တဲ့ အတွက် နေအိမ်ခြံဝင်းထဲကိုပါ ကျခဲ့ပါတယ်။
ည ရှစ်နာရီ၊ ကိုးနာရီလောက်မှာ လက်နက်ကြီးတွေ လေးခါလောက်ကျခဲ့တယ်လို့ လက်နက်ကြီးတွေ ကျရောက်ခဲ့တဲ့ ခြံပိုင်ရှင် မဆိုင်းဘူ က ပြောပါတယ်။
ဒီလက်နက်ကြောင့် လူသေဆုံးတာ၊ ထိခိုက်ဒဏ်ရာ မရှိသေးဘူးလို့လည်း သိရပါတယ်။
ဒီလက်နက်ကြီးတွေဟာ ကေအိုင်အေ ဘက်က ပစ်ခတ်ခဲ့တာလား၊ တပ်မတော် ဘက်က ပစ်ခတ်ခဲ့တာလားဆိုတာ ခန့်မှန်းရခက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့မှာလည်း ရွာအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးပြီး လက်နက်သံတွေ ကြားနေရဆဲ ဖြစ်တယ်လို့ လည်း သိရပါတယ်။
သယံဇာတတွေနဲ့ သစ်တွေ ခိုးထုတ်ရာ လမ်းကြောင်းတလျှောက်က ကေအိုင်အေ တပ်စခန်းတွေကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဇန်နဝါရီလ ၄ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၇ ခုနှစ် ခရစ်စမတ် အားလပ်ရက်မှာလည်း ကချင်ပြည်နယ်ဖက်မှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ဒေသခံ အများပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အခုလို တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ထဲ ကေအိုင်အေ ပါဝင်လက်မှတ်ထိုးဖို့ ဖိအားပေးတဲ့ ပုံစံမျိုးနဲ့ အစိုးရ စစ်တပ်က ခြိမ်းခြောက်နေတဲ့ သဘောဖြစ်တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောဆိုထားပါတယ်။