မောင်တောတောင်ပိုင်း သေနတ်သံ ထွက်ပေါ်လာပြန်

မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မောင်တောမြို့နယ် တောင်ဖက်မှာ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လအတန်ကြာ သေနတ်သံတွေ မကြားဘဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

နို၀င်ဘာ လဆန်းပိုင်းမှာတော့ မသင်္ကာဖွယ်ရာ အနက်ရောင် ယူနီဖောင်းတွေ ဝတ်ဆင်ထားပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ အဖွဲ့တစ်ခုကို တပ်မတော် စစ်ကြောင်း တစ်ခုကနေ မောင်တောမြို့နယ် တောင်ပိုင်း မေယုတောင်ထဲ လိုက်လံရှင်းလင်းရာ ကနေ ထွက်ပေါ်လာတဲ့ ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်သံကို မောင်တော တောင်ပိုင်း ကင်းချောင်းရွာ အရှေ့ဖက် တမိုင်ခန့်အကွာက ကြားရတာ ဖြစ်ပြီး ချောင်းဖျားက လာတဲ့ သေနတ်သံ ဖြစ်နိုင်ပေမယ့် ဆက်တိုက် ကြားရတာမျိုး မဟုတ်ဘူးလို့ ကင်းချောင်းရွာသား တယောက်က ဆိုပါတယ်။

အခု ပစ်ခတ်သံ ကြားရတဲ့ အဲဒီနေရာဟာ ယခင်က ARSA အဖွဲ့ဝင်တွေ ခိုအောင်းခဲ့တဲ့ လိုဏ်ဂူတွေ တွေ့ခဲ့နေရာလည်း ဖြစ်ပါတယ်။

လက်နက်ကိုင် အဖွဲ့ဝင် ၈ ဦးဟာ ဂေါ်ဒူသာရ မူဆလင် ကျေးရွာကနေ ထွက်လာပြီး ရွှေဗဟိုနဲ့ ကင်းချောင်းကျေးရွာကြားကနေ မေယုတောင်ထဲကို ဖြတ်ကျော် ဝင်ရောက်လာစဉ် တွေ့မြင်ခဲ့ရတယ်လို့ ကင်းချောင်းရွာသား ဦးအောင်စံဖြူ က ပြောပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့ထဲမှာ ၆ ယောက်ကတော့ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားပြီး နှစ်ယောက် ကတော့ ဓါးရှည်တွေကို ကိုင်ဆောင်ထားတယ်လို့ သူက ဆိုပါတယ်။

မောင်တောမြို့နယ် အတွင်း ARSA လက်နက်ကိုင်အဖွဲ့တွေ မရှိတော့ဘူးဆိုပြီး တပ်မတော် စစ်ကြောင်းတွေက စစ်ဆင်ရေးကို ရုပ်သိမ်းကာ တပ်တွေကို ဆုတ်ခွာလိုက်တဲ့ နောက်ပိုင်းမှာ အခုလို လက်နက်ကိုင် အဖွဲ့ တစ်ခုကို ပြန်လည်တွေ့ရှိခဲ့သလို ပစ်ခတ်မှု ပါ ပြန် ဖြစ်ပွားလာတဲ့ အတွက် ဒေသခံတွေ အကြားမှာ အထူးစိုးရိမ်မှုတွေ ရှိနေပါတယ်။