APEC ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတထရမ့် မိန့်ခွန်းပြောဖို့ရှိ

အာရှခရီးစဉ် ရောက်နေတဲ့ အမေရိကန် သမ္မတထရမ့်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, အာရှခရီးစဉ် ရောက်နေတဲ့ အမေရိကန် သမ္မတထရမ့်

ကမ္ဘာတဝန်းက ခေါင်းဆောင်တွေ ရောက်နေကြတဲ့ အာရှပစိဖိတ်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးဆွေးနွေးပွဲဟာ ဗီယက်နမ်နိုင်ငံ၊ ဒါနန် ကမ်းခြေမြို့လေးမှာ စတင်ကျင်းပနေပါပြီ။

တရုတ်သမ္မတ ရှီကျင်ပင်းရဲ့မိန့်ခွန်း အပြီး ဒီကနေ့နှောင်းပိုင်းမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောဖို့ ရှိနေပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောမယ့် သမ္မတထရမ့် မိန်ခွန်းမှာတော့ အေပက်ဒေသတွင်း ဖွံဖြိုးတိုးတက်မှု နဲ့ ကုန်သွယ်ရေးတွေမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ထည့်ပြီး ပြောနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အမေရိကန်သာ ပထမဦးစားပေးဆိုတဲ့ မစ္စတာထရမ့်ရဲ့ ခံယူချက် နဲ့ ဒေသတွင်း ကုန်သွယ်မှုသဘောတူညီချက်ကနေ အမေရိကန် နှုတ်ထွက်ခဲ့ခြင်းက လွတ်လပ်စွာ ကုန်သွယ်မှုကို ဆန့်ကျင်တဲ့ သဘောအဖြစ် ရှုမြင်ထားခဲ့ကြတာပါ။

သမ္မတထရမ့်ဟာ တရုတ် နဲ့ ဂျပန် ရဲ့ တဖက်စောင်းနင်း ကုန်သွယ်ရေး မညီမျှမှုကိုလည်း ပြန်လည် တည့်မတ်ပေးမယ်လို့ ကတိပြုထားပါတယ်။

တရုတ်သမ္မတနဲ့ အတူတွေ့ရတဲ့ သမ္မတထရမ့်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတနဲ့ အတူတွေ့ရတဲ့ သမ္မတထရမ့်

သမ္မတထရမ့်ဟာ အမေရိကန် သမ္မတအဖြစ် တာဝန်စယူယူချင်းမှာပဲ အမေရိကန်ပြည်ထောင်စုကို Apec အဖွဲ့ဝင်ထားတဲ့ နိုင်ငံ (၁၂) နိုင်ငံနဲ့ အဓိက ကုန်သွယ်မှုတွေ လုပ်နေတဲ့ ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် Trans Pacific Partnership အဖွဲ့ကနေ နုတ်ထွက်ထားခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ဒီကုန်သွယ်မှုဟာ အမေရိကန်ရဲ့ စီးပွားရေး အကျိုးအမြတ်ကို ထိခိုက်စေနိုင်တာကြောင့်လို့ ပြောခဲ့ပါတယ်။

APEC ထိပ်သီးဆွေးနွေးပွဲမှာ မစ္စတာထရမ့် နဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံစကားပြောမယ့် အစီစဉ်က အတိအကျ မသတ်မှတ်ရသေးပါဘူး။

အေပက် အစည်းအဝေးတက်ပြီးမှာတော့ သမ္မတ ထရမ့်ဟာ ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းကို သွားဖို့ ရှိပါတယ်။

ဗီယက်နမ် အပါအဝင် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ဖိလစ်ပိုင် နိုင်ငံတွေကို သွားရောက်တဲ့ သမ္မတထရမ့်ရဲ့ (၁၂) ရက်ကြာ အာရှ (၅) နိုင်ငံ ခရီးစဉ်ဟာ နိုဝင်ဘာလ (၁၃)ရက်နေ့မှာ အဆုံးသတ်မှာလည်း ဖြစ်ပါတယ်။

ဗီယက်နမ်က အေပက်ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေပါတယ်။