ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NLD ဒုတိယအကြိမ် ရွေးကောက်ပွဲကြီး နိုင်တာ ၂ နှစ်ပြည့်
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲကြီး ၂ နှစ် ပြည့်ချိန်မှာ အခြေခံ လူတန်းစား တချို့ မျှော်မှန်းထားတဲ့ အရာတွေ ရဖို့ ဝေးနေသေးတယ်လို့ ဘီဘီစီနဲ့ တွေ့ဆုံခဲ့သူ တချို့က ပြောပါတယ်။
နှစ်ပေါင်း ၅ဝ ကျော် စစ်တပ်နဲ့ နီးစပ်တဲ့ အာဏာပိုင် အစိုးရတွေ အုပ်ချုပ်မှုနဲ့ ကြုံခဲ့တဲ့ မြန်မာပြည်သူ တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ အပြောင်းအလဲကြီးတွေ ပေါ်ပေါက်ဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် 'ပြောင်းလဲချိန် တန်ပြီ' ဆိုတဲ့ ကြွေးကြော်မှုနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှု အောက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို လူထုက တစ်ခဲနက် ထောက်ခံ မဲပေး ခဲ့ကြပါတယ်။
NLD ကလည်း ၁၉၉ဝ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး အကြိမ် လွှတ်တော်မှာ အမတ် နေရာ အများစု နိုင်ပြီး အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။
လက်ရှိ အခြေခံ ဥပဒေ အတားအဆီးကို ကျော်ပြီး ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်အောင် ဖန်တီး နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း NLD အနေနဲ့ တကယ်တမ်း အပြောင်းအလဲကြီးတွေ ပေါ်အောင် ပြီးခဲ့တဲ့ ၂ နှစ် အတွင်း သေချာ ဆောင်ရွက်နိုင်တာ မတွေ့ရသေးဘူး လို့လည်း ရန်ကုန်မြို့က နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။
ပြည်နယ် တွေကို ကြည့်လိုက်တဲ့ အခါ ရွေးကောက်ပွဲ ၂ နှစ်ပြည့်တဲ့ အချိန်မှာ NLD ပြတ်ပြတ်သားသား မနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်က လွှတ်တော်မှာ နိုင်ငံရေး လှုပ်ရှားမှု သိပ် မရှိလှဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မိုင်းရှူး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းလင်းမြတ် က ပြောပါတယ်။
NLD ပြည်နယ် အစိုးရက အတိုက်အခံ အမတ်တွေ တင်ပြချက်တွေကို လွှတ်တော် ပြင်ပက ညှိနှိုင်း ဆောင်ရွက်လိုတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ရှမ်းလိုပဲ ရခိုင်မှာလည်း အများစု အနိုင်ရတဲ့ ဒေသခံ ပါတီနဲ့ NLD ကြား အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အပိုင်းမှာ ညှိနှိုင်းလို့ မရတာတွေ ရှိနေပါတယ်။
အခု ၂ နှစ်ပြည့် မြောက်တဲ့ ကာလမှာ လူထုအနေနဲ့ အပြောင်းအလဲ ကို ခံစားရတာ သိပ်မရှိသေးပေမယ့် NLD က တော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး ပြုပြင်ရေးတွေတဲ့ တခြား ရည်မှန်းချက်တွေကို အောင်မြင်အောင် ဆက်ဆောင်ရွက်သွားမယ်လို့ NLD ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်။