တိုင်းရင်းသား ဒေသတွေထဲ သယံဇာတ ထုတ်ယူမှုအပေါ် ဝေဖန်

သယံဇာတ
ဓာတ်ပုံ ပုံစာ, ဖားကန့် ကျောက်စိမ်းမြေ

အရပ်သား ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာလည်း တိုင်းရင်းသား ဒေသတွေထဲ သဘာဝ ရင်းမြစ်တွေကို အသုံးချမှုနဲ့၊ သယံဇာတ ထုတ်ဖော်မှုတွေမှာ ဒေသခံတွေရဲ့ သဘောထား ဆန္ဒတွေ မျက်ကွယ်ပြု ခံနေရဆဲ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

တိုင်းရင်းသား နယ်မြေတွေထဲ သယံဇာတ တူးယူတဲ့ စီမံကိန်းတွေဟာ စစ်အစိုးရ လက်ထက် နဲ့ နှိုင်းယှဉ်ရင် သိသိသာသာ လျော့ကျ မသွားပဲ၊ ဗဟိုချုပ်ကိုင်မှု ကြီးမားနေတယ်လို့ မြန်မာ့သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့ BEWG က ဆိုပါတယ်။

အရပ်သား ဦးဆောင်တဲ့ အစိုးရတက်လာတဲ့ ကာလမျိုးမှာတောင် အငြင်းပွားဖွယ် အကြီးစား ရင်းနှီးမြှပ်နှံမှု စီမံကိန်းတွေ အပါဝင်၊ သစ်ထုတ်ခွင့်နဲ့ တွင်းထွက် သယံဇာတ တူးဖော်မှု လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ရှိနေတာ ဖြစ်တယ်လို့ BEWG အဖွဲ့က ထောက်ပြ နေတာ ဖြစ်ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးကို အာရုံစိုက် လုပ်နေချိန်မှာ သဘာ၀ အရင်းအမြစ် အခြေပြု စီမံကိန်းတွေကို ယာယီ ရပ်ထားရင်၊ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း BEWG အဖွဲ့က အကြံပြု တိုက်တွန်းပါတယ်။

သဘာဝအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု လမ်းပြမြေပုံ ဆိုပြီးတော့လည်း ထုတ်ပြန်ထားတဲ့ BEWG အဖွဲ့ဟာ တိုင်းရင်းသား အရပ်ဘက် အဖွဲ့တွေ ပေါင်းစု ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။