ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC အကြား သဘောတူညီထားချက်တွေ ပြန်ပျက်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
အပစ်ရပ်စဲရေး စာချုပ် လက်မှတ် မထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ အကြားမှာ ယခင် သဘောတူ ပြီးသား အချက်တွေကို တောင် ပြန်လည် ညှိနှိုင်းကြရဖို့ ရှိပါတယ်။
UNFC ရဲ့ နိုင်ငံရေးညှိနှိုင်းရေး အဖွဲ DPN နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ အောက်တိုဘာ ၂၄ ရက်နေ့က ပြီးဆုံးခဲ့တဲ့ ၇ ကြိမ်မြောက် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးပွဲမှာ အရင် သဘောတူပြီးသား အချက်ဖြစ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာဖို့ အပါအဝင် UNFC က တင်ပြထားတဲ့ အချက် ၉ ချက် ထဲက အချက် တချို့ကို ပြန်ညှိနှိုင်းကြရ ဦးမယ်လို့ UNFC ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် က ဘီဘီစီ ကို ပြောပါတယ်။
ငြိမ်းချမ်းရေး ကော်မရှင်ဖက်က အရင် NCA လက်မှတ်ထိုးကြတဲ့အဖွဲ့တွေလိုပဲ နှစ်ဖက် သဘောတူ ကြရင် NCA လက်မှတ်ရေးထိုးကြမယ်၊ အဲလို လက်မှတ်ထိုးပြီးကြောင်း ကြေညာမယ်လို့ သာ ဆိုတဲ့အကြောင်း သူ က ပြောပါတယ်။
အဲဒီအတွက် UNFC ရဲ့ ခေါင်းဆောင်တွေ ကို ပြန်လည်တင်ပြဆွေးနွေး ကြရမှာပါ။
ဒါ့အပြင် အချက် အမှတ် ၅ ဖြစ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင် အပါအဝင် နှစ်ဘက်လိုက်နာရမယ့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်၊ စောင့်ကြည့်ရေးဆိုင်ရာ လမ်းညွှန် တပ်နေရာပြန်လည် နေရာချထားရေး စတာတွေနဲ့ ပတ်သက်လို့လည်း ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆွေးနွေးကြရဦးမယ်လို့ ဆိုပါတယ်။
နှစ်ဖက် ဆွေးနွေးမှုတွေ အခု သတ္တမအကြိမ် တိုင်ရောက်လာခဲ့ပေမယ့် UNFC အနေနဲ့ NCA ကို သဘောတူ လက်မှတ်ထိုးနိုင်ရေးအတွက် အခြေအနေ သိပ်မရှိသေးဘူးလို့ အကဲခတ်တွေ က ပြောပါတယ်
လာမယ့် နိုဝင်ဘာ လ ၈ ရက်မှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ ညှိနှိုင်းရေး အဖွဲ့ တို့အကြား ထပ်မံ ဆွေးနွေးကြဖို့ ရှိပါတယ်။




