ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပလက်၀ က မီဇိုရမ်အထိ ကုန်သွယ်ကားလမ်းဖောက်
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် အစပ် ပလက်ဝမြို့ ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် က ဇိုရမ်ပွီး ZORIMPUI ထိ ၆၈ မိုင်ရှည်တဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ကားလမ်းကို စပြီးဖေါက်နေပြီ။
ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ထွက်ကုန်တွေနဲ့ အိန္ဒိယက ထွက်ကုန်တွေ ဖလှယ် ကုန်သွယ်ဖို့ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းက မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် ကားလမ်းကို ဖောက်လုပ်တာ ဖြစ်ပါတယ်။
ဒီလမ်း ဖေါက်လုပ်တဲ့ ဧရိယာမှာ ပါတဲ့ ဥယျာဉ်ခြံမြေနဲ့ တောင်ယာစိုက်ခင်းတွေ အတွက် နစ်နာကြေးတွေကို ပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ဒီသီတင်းပတ်ကုန်ရင်အပြီးသတ်ပေးနိုင်မယ်လို့ ချင်းပြည်နယ် လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။
ခုဖေါက်တဲ့ ပလက်ဝ မီဇိုရမ် ကားလမ်းကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းအတွက် အကျိုးရှိနိုင်လာမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အရင်က ရှိပြီးသားဖြစ်တဲ့ တီးတိန်ဘက်ကသွားတဲ့ ရိဒ်ကွန်ထား ကားလမ်းနဲ့ ထန်တလန်ဘက်ကသွားတဲ့ ကားလမ်း ၂ခုက ပြည်မနဲ့ ချင်းပြည်နယ် မြောက်ပိုင်းက ထွက်ကုန်တွေကို အိန္ဒိယ အရှေ့မြောက်ပြည်နယ် မီဇိုရမ်နဲ့ ကုန်သွယ်မှု အဓိကကျတဲ့ လမ်းကြောင်းဖြစ်သလို ကလေး တမူးဘက်ကနေ မဏိပူပြည်နယ် မိုရေးလမ်းကြောင်းကလည်း အိန္ဒိယနဲ့ ကုန်သွယ်မှုတွေလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပလက်ဝ မီဇိုရမ် ကားလမ်းပြီးရင်တော့ ရခိုင်ကထွက်ကုန်တွေကို ပလက်ဝကနေတဆင့် အိန္ဒိယကို ပို့နိုင်တော့မှာ ဖြစ်လို့ ၂နိုင်ငံ ကုန်သွယ်မှု ပိုကောင်းလာတော့မှာ ဖြစ်ပါတယ်။