မြောက်ကိုရီးယားကို နည်းမျိုးစုံနဲ့ တုံ့ပြန်မယ်လို့ အမေရိကန်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကို ကိုင်တွယ် ဖြေရှင်းဖို့ နည်းမျိုးစုံ သုံးသွားမယ်လို့ အမေရိကန်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတ မွန် ဂျေအင် အပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေနဲ့ သမ္မတ ထရမ့် စကားပြောခဲ့အပြီးမှာ အိမ်ဖြူတော်က အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် Nikki Haley က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုန်အွန်း ဟာ နျူကလီးယား စမ်းသပ်မှု လုပ်ပြီး စစ်မဖြစ်ဖြစ်အောင် ဖန်တီးနေတယ်လို့ စွပ်စွဲ ပြောကြားလိုက်ပါတယ်။
လုံခြုံရေး ကောင်စီအနေနဲ့ ပြင်းနိုင်သမျှ အပြင်းထန်ဆုံး အရေးယူမှုတွေနဲ့ တုံ့ပြန်ဖို့ Nikki Haley က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးမှာ တိုက်တွန်းပြောသွားခဲ့ပါတယ်။
အခုအခါ မြောက်ကိုရီးယား အပေါ် ချမှတ်ဖို့ ဒဏ်ခတ် ပိတ်ဆို့မှုသစ် မူကြမ်းတွေကို Nikki Haley က တခြားနိုင်ငံတွေကို ဝေမျှမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ မဟာမိတ်နိုင်ငံ ဖြစ်တဲ့ တရုတ်ကတော့ မြောက်ကိုရီးယားနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ကိုပဲ ထပ်လောင်း ပန်ကြားခဲ့ပါတယ်။




