ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မွေးမြူရေး လုပ်ငန်း ပြန်လည် ဦးမော့ လာဖို့ မျှော်မှန်း
မွေးမြူရေးလုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့ အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ မွေးမြုရေးလုပ်ငန်းလုပ်ဖို့ အခြေခံကောင်းတွေ ရှိပေမဲ့လည်း ဒီလုပ်ငန်းဟာ တိုးတက်မှု နည်းနေတဲ့လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။
တပ်မတော်အစိုးရ လက်ထက်ကစလို့ မြန်မာနိုင်ငံမှာ မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်စတင်လုပ် ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် ပုဇွန်မွေးမြူရေးနဲ့ ငါးမွေးမြူရေးလုပ်ငန်းတွေကို ရခိုင်ပြည်နယ် ဧရာဝတီ တိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ လုပ်ဆောင်ခဲ့ကြ ပေမဲ့လည်း သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်က စ လို့ မွေးမြူရေးလုပ်ငန်းတွေဟာ တဖြေးဖြေးကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။
မွေးမြူရေး အစာဈေးကြီးခြင်း အရင်းအနှီးမရှိခြင်း အကြောင်းတွေဟာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေအတွက် အဓိက စိန်ခေါ်မှု တစ်ခုဖြစ်နေတယ်လို့ ငါးနဲ ပုဇွန်မွေးမြူတဲ့သူတွေကပြောပါတယ်။
NLD အစိုးရ လက်ထက်မှာတော့ မွေးမြူရေး လုပ်ငန်း ပြန်လည် ဦးမော့လာအောင် ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ဖြေလျော့မူတွေ ပေးထားသလို အစိုးရရဲ့ အားပေးမြှင့်တင်မဲ့ လုပ်ငန်းမှာလဲ မွေးမြူရေးကို ထည့်ထား တဲ့အတွက် မကြာခင်မှာ ဒီလုပ်ငန်းဟာ ဦးမော့လာမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပါတယ်။
အရင် အစိုးရလက်ထက်မှာတုန်းက မွေးမြူရေးလုပ်ငန်းကိုဝ န်ကြီးဌာနက ကိုင်တွယ်ထားတဲ့ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ အများကြီးမဝင်ရောက်ခဲ့ပဲ ထိုင်း အခြေစိုက်စီဘီ ကုမ္ပဏီသာ လာရောက်လုပ်ကိုင်ခဲ့ပါတယ်။
ဒီအစိုးရ လက်ထက်မှာတော့ ပြည်တွင်း လုပ်ငန်းရှင်တွေကိုလဲ ငွေချေးပေး တာတွေလုပ်ဆောင်ဖို့ ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမဲ့သူတွေကိုလဲ အထူးအခွင့်အရေး ပေးထားတဲ့အတွက် မွေးမြူရေးလုပ်ငန်းဟာ ပြန်လည် ဦးမော့ လာနိုင်တယ်လို့ လုပ်ငန်းရှင်တချို့ကပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ မွေးမြူတဲ့ငါးပုဇွန်ကိုပြည်တွင်းဈေးကွက်မှာသာ အဓိကစားသုံးနေရ ပြီး တချို့ကိုတော့ တရုတ်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေကိုတင်ပို့တာတွေရှိပါတယ်။
တရုတ်နဲ့ အိန္ဒိယလို လူဦး ရေထူထပ်တဲ့နိုင်ငံနှစ်ခုကြားမှာ မြန်မာနိုင်ငံရှိတဲ့အတွက် မွေးမြူရေးလုပ်ငန်းမှာ မြန်မာစီးပွါးရေးဟာ အချိန်တိုအတွင်း တိုးတက်လာဖို့ အတွက် အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။