ဆော်ဒီကွပ်မျက်မှု နောက်ဆက်တွဲ ဂယက်တွေ ပေါ်ထွက်နေ

ဆော်ဒီအာရေဗျ နိုင်ငံမှာ ရှီအာမွတ်ဆလင်မ် တွေ ကြား ဩဇာကြီး ထင်ရှားတဲ့ ဘာသာရေး ခေါင်းဆောင် ရှိတ်ခ် နီမာ အယ်လ် နီမား အကွပ်မျက် ခံခဲ့ရတဲ့ နောက် နောက်ဆက်တွဲ ဂယက်တွေ ကြီးကြီးမားမား ပေါ်ထွက် နေပါတယ်။
အီရန် နိုင်ငံ တဟီရန် မြို့တော်မှာ ရှိတဲ့ ဆော်ဒီ သံရုံးထဲကို ဒေါသထွက်နေတဲ့ အီရန် ဆန္ဒပြသမားတွေ ဝင်ရောက် လာတယ် လို့ သတင်းတွေ ရရှိ ထားပါတယ်။
အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ် ဓာတ်ပုံတွေ တက်လာတာမှာ လည်း သံရုံး အဆောက်ဦ တစိတ်တပိုင်း မီးလောင် နေတဲ့ ပုံတွေ တွေ့နေရပါတယ်။
ရှိတ်ခ် နီမာ အယ်လ် နီမား ကိုသေဒဏ် စီရင်မှုဟာ ဆွန်နီနဲ့ ရှီအာ တို့အကြား တင်းမားမှု တွေ တိုးမြင့်လာတဲ့ အပေါ် စိုးရိမ်တယ် ဆိုပြီး အမေရိကန် က ပြောပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတခွင်လုံးက နိုင်ငံ အသီးသီးရဲ့ အစိုးရ တွေကိုလည်း တိုးမြင့်လာတဲ့ တင်းမာမှုတွေကို ကြိုးစား လျှော့ချကြဖို့ အမေရိကန် နိုင်ငံခြားရေး ဌာနက တိုက်တွန်း နေပါတယ်။
အခြေအနေကို မီးလောင်ရာ လေပင့် ဖြစ်စေနိုင်တဲ့ လုပ်ရပ် မျိုးတွေ ကို ရှောင်လွှဲ နိုင်ဖို့ အတွက် သက်ဆိုင်တဲ့သူတွေ အားလုံး က တင်းမာမှု တွေ ဖြေလျော့ကြပါ ဆိုပြီးတော့ လည်း ဥရောပ သမဂ္ဂ ရဲ့ နိုင်ငံခြား ရေးရာ မူဝါဒ အကြီးအကဲ ဖက်ဒရီးကား မိုဂီရီးနီးက ဆော်ဩ နေပါတယ်။
အစောပိုင်းတုန်းက၊ လူထု ဆန္ဒပြမှု တွေ မပြုလုပ်ဖို့ ဆော်ဒီ အာဏာပိုင်တွေက ပိတ်ပင် ထားတဲ့ ကြားကပဲ အရှေ့ဘက်ပိုင်း ကာတိဖ် မြို့မှာတော့ လူ ၁၀၀ ကျော် လမ်းပေါ် ထွက်လာပြီး ဆော်ဒီ တော်ဝင်မိသားစု သေဆုံးပါစေ ဆုံးပြီး အော်ဟစ် ခဲ့ကြပါတယ်။
နီမာ အယ်လ် နီမား ကို သေဒဏ် စီရင် လိုက်တဲ့ အတွက် ဆော်ဒီ ထဲက လူနည်းစု ရှီအာ မွတ်ဆလင်တွေကြားထဲ မကျေနပ်မှု တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာစေပါတယ်။
အကြမ်းဖက် ပုဒ်မ စွဲချက် တွေ နဲ့ သေဒဏ် စီရင် လိုက်တဲ့ လူပေါင်း ၄၇ ယောက်ထဲမှာ ရှီအာ ဘာသာရေး ခေါင်းဆောင် နီမာ အယ်လ် နီမား လည်း ပါဝင်တယ် ဆိုပြီး ဆေယ်ဒီ ပြည်ထဲရေး ဌာနက ကြေညာပါတယ်။
နီမာ အယ်လ် နီမား ဟာ ဆော်ဒီထီးနန်း အပေါ် ဝေဖန်ခဲ့ အပြီး ၂၀၁၂ ခုနှစ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ ဘယ်တော့မှ အကြမ်းဖက်ဖို့ မဟောပြောခဲ့ဘူးလို့ သူ့ရဲ့ နောက်လိုက်တွေက ပြောကြပါတယ်။
ဆော်ဒီအာရေဗျရဲ့ ဒေသတွင်း ပြိုင်ဘက် ရှီအာ မွတ်ဆလင်မ် နိုင်ငံ ဖြစ်တဲ့ အီရန် က နီမာ အယ်လ် နီမား အသတ် ခံခဲ့ ရမှု အပေါ် ကန့်ကွက်တဲ့ အနေနဲ့ မြို့တော် တဟီရန် မှာ ရှိတဲ့ ဆော်ဒီ သံရုံး တာဝန်ခံ ကို ဆင့်ခေါ် ခဲ့ပါတယ်။
ဆွန်နီတွေ ကြီးစိုးတဲ့ ဆော်ဒီ ဘုရင့် နိုင်ငံ အနေနဲ့ တန်ဖိုး ကြီးကြီးမားမား ပြန်လည် ပေးဆပ် ရလိမ့်မယ် ဆိုပြီးတော့လည်း အီရန် နိုင်ငံခြားရေး ဌာန က ပြောပါတယ်။
အီရန်ရဲ့ အထွဋ်အထိပ် ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ က သေဆုံးသွားတဲ့ နီမာ အယ်လ် နီမား ရဲ့ ဓာတ်ပုံကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာ တစ်ခု ဖြစ်တဲ့ တွစ်တာပေါ် တင်ခဲ့ ပါတယ်။
အီရတ် နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ နူးရီ အယ်လ် မာလီကီ ကလည်း အခုလို သတ်ဖြတ်မှုဟာ ဆော်ဒီကို အုပ်စိုးနေတဲ့ မိသားစု ပြုတ်ကျသွားဖို့ အထိ ဖြစ်လာနိုင်လို့ ဆိုပါတယ်။
ဆွန်နီ လူများစု ရှိတဲ့ ဘာရိန်း မှာလည်း လူနည်းစု ရှီအာတွေက နီမာ အယ်လ် နီမား သေဒဏ် စီရင် ခံခဲ့ရလို့ ဆန္ဒ ပြ ခဲ့ကြပါတယ်။
လက်ဘနွန် အခြေစိုက် ရှီအာ မွတ်ဆလင် အဖွဲ့ဖြစ်တဲ့ ဟစ်ဇ်ဘိုလာ က လည်း နီမာ အယ်လ် နီမား ဟာ အဖိနှိပ်ခံတွေ ရဲ့ အခွင့်အရေးကို တောင်းဆိုလို့ လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတာ ဆိုပြီး သုံးနှုံး ဝေဖန် ခဲ့ပါတယ်။
တခါ၊ နီမာ အယ်လ် နီမား နဲ့ အတူ အကွပ်မျက် ခံခဲ့ရတဲ့ ၄၇ ဦးထဲမှာ ၂၀၀၄ ခုနှစ် တုန်းက ဆော်ဒီအာရေဗျ နိုင်ငံထဲမှာ ဘီဘီစီ အတွက် အလုပ်လုပ်ပေးရင်း အသတ်ခံခဲ့ရတဲ့ အိုင်းရစ်ရှ် လူမျိုး ကင်မရာမင်း Simon Cumbers ကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမားလည်း ပါဝင်တယ် လို့ ဘီဘီစီ အနေနဲ့ နားလည် ထားပါတယ်။
Adel al-Dhubaiti ဆိုသူကို အယ်လ်ကိုင်အေဒါး အဖွဲရဲ့ တိုက်ခိုက်မှုတွေ ထဲ ပါဝင် ပတ်သက်မှုနဲ့ ၂၀၁၄ ခုနှစ် မှာ ဆော်ဒီ အစိုးရရဲ့ သေဒဏ် ချမှတ်ထားတာ ဖြစ်ပါတယ်။
မစ္စတာ Cumbers သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှာ ဘီဘီစီ သတင်းထောက် ဖရန့်ဂါ့ဒ်နာ လည်း ဒဏ်ရာ အပြင်းအထန် ရရှိ ခဲ့ပါတယ်။








