ရာဇဝတ်ကောင်တွေထဲ မိုဒီ ပါနေမှု ဂူဂဲလ် တောင်းပန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂူဂဲလ် ရှာဖွေရေး စာမျက်နှာကနေ "Top 10 criminals" ကမ္ဘာ့ထိပ်တန်း ရာဇဝတ်ကောင် ၁၀ ဦး ရဲ့ ဓာတ်ပုံတွေကို ရှာဖွေတဲ့အခါ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ဓာတ်ပုံတွေ ပါဝင်လာတာနဲ့ ပတ်သက်ပြီး ဂူဂဲလ် ကုမ္ပဏီက တောင်းပန် လိုက်ပါတယ်။
ဒီကိစ္စကြောင့် အထင်အမြင် လွဲမှားမှုတွေ ပေါ်ပေါက်ခဲ့ရင် တောင်းပန်ပါကြောင်း၊ အင်တာနက်ပေါ်က တချို့ ရှာဖွေမှုတွေ အတွက် ဓာတ်ပုံတွေ ဖော်ပြရာမှာ မမျှော်လင့်တဲ့ ရလဒ်တွေ ထွက်ပေါ်တတ်ကြောင်း ဂူဂဲလ်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလို ထိပ်တန်း ရာဇဝတ်ကောင် ၁၀ ဦးရဲ့ ပုံတွေကို ရှာဖွေရာမှာ အကြမ်းဖက် သမားတွေ၊ လူသတ်ကောင်တွေ၊ အာဏာရှင်တွေရဲ့ ဓာတ်ပုံတွေ အကြား မစ္စတာ မိုဒီရဲ့ပုံတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
အဲဒီ ပုံတွေထဲမှာ နိုင်ငံ့ ခေါင်းဆောင်တွေ အနေနဲ့ မစ္စတာ မိုဒီ အပြင် အမေရိကန် သမ္မတဟောင်း ဂျော့ဂျ်ဘုရှ်နဲ့ လစ်ဗျား ခေါင်းဆောင်ဟောင်း မွမ်မာ ကဒါဖီ တို့လည်း ပါဝင်နေပါတယ်။
ဂူဂဲလ်ကတော့ သူ့ရဲ့ ရှာဖွေရေး စာမျက်နှာမှာ အခုလို ရလဒ်အမှားတွေ မထွက်အောင် ကြိုးစားနေပါတယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။




