အိန္ဒိယ ပါလီမန် ရွေးကောက်ပွဲ စတင်ပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
တစ်လကျော်ကြာ ကျင်းပရမယ့် အိန္ဒိယ နိုင်ငံရဲ့ ပါလီမန် ရွေးကောက်ပွဲ စတင်နေပြီ ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံမှာ မဲပေးပိုင်ခွင့် ရှိတဲ့ လူဦးရေဟာ သန်း ၈၀၀ ကျော် ရှိပါတယ်။
ရွေးကောက်ပွဲ စတင် ကျင်းပကြတဲ့ နေရာတွေ ကတော့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ အာသံနဲ့ ထရီပူရ တို့မှာပါ။
နေ့လည် ၁၂ နာရီ မတိုင်ခင်မှာပဲ စာရင်းသွင်းထား သူတွေရဲ့ ၃၀ ရာခိုင်နှုန်း ကျော် မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိ အာဏာရ ကွန်ဂရက်စ် ပါတီဟာ ဟိန္ဒူ အမျိုးသားရေး လက်ယာ ပါတီဖြစ်တဲ့ ဘီဂျေဘီ ရဲ့ စိန်ခေါ်မှုကို အကြီးအကျယ် ခံနေရပါတယ်။
ဘီဂျေဘီ ကို ဦးဆောင်နေတဲ့ Narendra Modi ဟာ အနောက်ဘက်ပြည်နယ် ဂူဂျရတ်က ဖြစ်ပြီး နှစ်လိုဖွယ် ကောင်းသူ ဖြစ်ပေမယ့် အင်မတန် အငြင်းပွားဖွယ်ရာ အတွေးအမြင်တွေ ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။
မဲဆွယ် စည်းရုံးနေကြတဲ့ နိုင်ငံရေး ပါတီတွေဟာ ခြစားမှု တိုက်ဖျက်ရေးနဲ့ ငွေကြေး ဖောင်းပွမှု ပြသနာတွေကို ကိုင်တွယ် ဖြေရှင်း ပေးမယ် ဆိုတဲ့ အချက်တွေ အပေါ် အဓိကထားပြီး မဲဆွယ်နေကြပါတယ်။




