သင်္ကေတနဲ့ သတင်းပြောသူ တကယ် မကျွမ်းကျင်ဟုဆို

အိုဘားမား အနီးက လက်ဟန်ခြေဟန်နဲ့ သတင်းပြောသူ
ဓာတ်ပုံ ပုံစာ, အိုဘားမား အနီးက လက်ဟန်ခြေဟန်နဲ့ သတင်းပြောသူ

သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား အတွက် ပြုလုပ်တဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ နားမကြားသူတွေ အတွက် သင်္ကေတ ဘာသာ စကား Sign language သုံးပြီး လက်ဟန် ခြေဟန်နဲ့ သတင်းပြောခဲ့တဲ့ မစ္စတာ သမ်ဆန် ကာ ဒိုင်ယန်တီ ဆိုသူ အလုပ်လုပ်တဲ့ ကုမ္ပဏီဟာ တကယ် မကျွမ်းကျင်တဲ့ လူတွေကို သုံးပြီး နှစ်ပေါင်းများစွာ ညာစားနေတာ ဖြစ်တယ်လို့ တောင်အာဖရိက အစိုးရက ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က ပြုလုပ်တဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ သင်္ကေတ ဘာသာစကားသုံးပြီး လက်ဟန်ခြေဟန်နဲ့ သမ်ဆန်ကာ ဒိုင်ယန်တီ တင်ပြသွားပုံဟာ ဘာအဓိပ္ပာယ်မှ မပေါ်လွင်ခဲ့ဘူးလို့ သင်္ကေတ ဘာသာစကား ကျွမ်းကျင်သူတွေက ပြောပါတယ်။

သူ့ရဲ့ ကုမ္ပဏီကတော့ အခုလို ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဘာမှ တုံ့ပြန် ပြောကြားခြင်း မရှိပါဘူး။

တောင်အာဖရိကနိုင်ငံရဲ့ ဒုတိယ ဝန်ကြီး တစ်ဦးကတော့ ဒီကိစ္စဟာ လုံခြုံရေးနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။

အဲဒီနေ့က ကမ္ဘာ့ ခေါင်းဆောင်တွေ အနီးမှာ လက်ဟန်ခြေဟန်နဲ့ သတင်းပြောနေတဲ့ မစ္စတာ ဒိုင်ယန်တီ ကတော့ သူဟာ အဲဒီတုန်းက စိတ်ကစဉ့်အလျား ဖြစ်တဲ့ ဝေဒနာ ရုတ်တရက် ခံစားခဲ့ရတာကြောင့်လို့ ပြောပါတယ်။ အရင်တုန်းက သူဟာ အကြမ်းဖက် ခံခဲ့ရဖူးတယ်လို့ ပြောပါတယ်။