မန်ဒဲလားစျာပန ဒီဇင်ဘာ ၁၅ရက်မှာ ကျင်းပမယ်

တောင်အာဖရိကနိုင်ငံမှာ ကွယ်လွန်သူ နယ်လ်ဆင် မန်ဒဲလားရဲ့အလောင်းကို သီတင်းတပတ်ကျော် အကြာ ဂါရ၀ပြုဖို့ ထားရှိပြီး လာမယ့် ဒီဇင်ဘာ ၁၅ရက် တနင်္ဂနွေနေ့မှာ နိုင်ငံတော် စျာပန အခမ်းအနား ကျင်းပမယ်လို့ လက်ရှိ သမ္မတ ဂျက်ကော့ဘ် ဇူးမားက ကြေညာခဲ့ပါတယ်။
မစ္စတာ မန်ဒဲလား အလောင်းကို မွေးရပ်မြေ Eastern Cape မြို့က ကူနူရွာမှာ မြုပ်နှံမှာ ဖြစ်ပါတယ်။
နက်ဖြန် ဒီဇင်ဘာ ရှစ်ရက်ကို တနင်္ဂနွေနေ့မှာ သူ့အတွက် ဆုတောင်း အောက်မေ့ဖွယ် ရက် အဖြစ် သတ်မှတ်ခဲ့ပြီး လာမယ့် အင်္ဂါနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ ဂျိုဟန်နာစဘတ် မြို့စွန်က အားကစားရုံ တခုမှာ ၀မ်းနည်း ဆုတောင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။
ဒါ့အပြင် စျာပန အခမ်းအနား မကျင်းပခင် ပရီတိုးရီးယား မြို့မှာ သူ့အလောင်းကို သုံးရက်ကြာ ထားမှာ ဖြစ်ပါတယ်။
နယ်လဆင် မန်ဒဲလား ကွယ်လွန်သွားကြောင်း ကြေညာပြီး ၂၄ နာရီကျော် ကြာပြီးခဲ့တဲ့ အချိန်အထိ တောင်အာဖရိက နိုင်ငံတလွှားက လမ်းတွေ ပေါ်မှာ လူတွေ ကြိတ်ကြိတ် တိုးနေပါတယ်။
သူနေထိုင်ခဲ့တဲ့ ဆွေတိုမြို့က အိမ်အပြင်ဖက်မှာလည်း လာရောက် ဆုတောင်းကြသူတွေ ပန်းစည်းလာချသူတွေနဲ့ စည်ကားနေသလို မနေ့က တညလုံးလည်း သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ သီဆို ကခုန်နေခဲ့ကြပါတယ်။
ကိတ်ပ်တောင်း မြို့မှာ ဆိုရင်လည်း ဘာသာပေါင်းစုံက ထောင်သောင်းချီတဲ့ လူတွေဟာ မစ္စတာ မန်ဒဲလား နှစ်သုံးဆယ်နီးပါး ထောင်ကျပြီး လွတ်မြောက်လာစဉ် ပထမဆုံး လူထု မိန့်ခွန်းပြောတဲ့ နေရာမှာ သူ့ကို ဂုဏ်ပြု ဆုတောင်းပေးခဲ့ကြပါတယ်။
မစ္စတာ မန်ဒဲလားဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ညင်ညင်သာသာဘဲ မိသားစု ဝိုင်းရံလျက် ဂျိုဟန်နာစဘတ်မြို့က အိမ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ အိုဘားမားနဲ့ ဇနီးသည် မီရှဲလ်တို့ဟာ လာမယ့် သီတင်းပတ်မှာ မန်ဒဲလား စျာပနကို တက်ရောက်ဖို့ တောင်အာဖရိကကို သွားလိမ့်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
တောင်အာဖရိက သမ္မတဟောင်း ကို ချီးကျူး ဂုဏ်ပြုမှုတွေ ကမ္ဘာတလွှားက ခေါင်းဆောင်တွေဆီက ဆက်လက် ရရှိနေပါတယ်။
လတ်တလောမှာ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတဲ့ ဆီးရီးယား သမ္မတ ဘတ်ရှားအယ် အာဆက်ကလည်း မစ္စတာ မန်ဒဲလား ရဲ့ ဘ၀ ခရီးက လွတ်လပ်မှုရဖို့ တိုက်ပွဲ၀င်သူတွေ အတွက် အားပေး လှုံဆော်ချက် တရပ်ဘဲ မင်းဆိုးမင်းညစ် တွေ အတွက်လည်း သင်ခန်းစာ တခုဘဲလို့ ပြောပါတယ်။
ဂါနာ သမ္မတ ဂျွန်ဟာမာ က ဘီဘီစီကို ပြောကြားရာမှာ မစ္စတာ မန်ဒဲလားဟာ အကြီးမြတ်ဆုံး အာဖရိက တိုက်သား တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။








