US နဲ့ လုံခြုံရေး စာချုပ်ပါ အချက် တချို့ ဟာမစ်ခါဇိုင်း ပယ်ချ

အာဖဂန် နစ္စတန် သမ္မတ ဟာမစ်ခါဇိုင်းဟာ အမေရိကန်နဲ့ နှစ်နိုင်ငံ လုံခြုံရေး သဘောတူညီချက် စာချုပ်က အရေးပါတဲ့ အချက်တချို့ကို ပယ်ချလိုက်ပါတယ်။
ကာဘူးမြို့မှာ Loya Jirga လို့ခေါ်တဲ့ အာဖဂန် လူမျိုးစု ခေါင်းဆောင်တွေရဲ့ အထူးကောင်စီ အစည်းအဝေး မကျင်းပခင် ရက်ပိုင်း အလိုမှာ အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
နေတိုးတပ်တွေ စစ်ဆင်ရေး အဆုံးသတ်မယ့် လာမယ့်နှစ် နောက်ပိုင်းကျရင် ၊ လက်ရှိ အမေရိကန် တပ်ဖွဲ့တွေ အာဖဂန် နိုင်ငံတွင်း ဝင်ရောက်ခွင့်ပေးထားတာကို ဆက်ထိန်းထားဖို့နဲ့ ၊ အာဖဂန် အိမ်တွေကို ဝင်ရောက်ရှာဖွေခွင့်ပေးဖို့ ဆိုတဲ့ အဆိုပြုချက်တွေကို ရုတ်သိမ်းပေးရမယ်လို့ မစ္စတာ ခါဇိုင်းက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာ ခါဇိုင်းက အရမ်းကို ခါးခါးသီးသီး ငြင်းဆန် နေတယ်လို့ သမ္မတ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့် အမေရိကန် အရာရှိတွေကတော့ အာဖဂန်နစ္စတန်မှာ အကြမ်းဖက်သမား တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်အောင် သူတို့တပ်ဖွဲ့ဝင်တွေကို နိုင်ငံတွင်း ဝင်ရောက်ခွင့်ပေးတဲ့ အာမခံချက် လိုချင်တယ်လို့ ဆိုပါတယ်။




