အာဖဂန်နိုင်ငံ တည်ငြိမ်အောင် နေတိုး မလုပ်နိုင်ခဲ့

စစ်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရတဲ့ အာဖဂန် နစ္စတန်နိုင်ငံကို တည်ငြိမ် အေးချမ်းမှု ရအောင် နေတိုး အဖွဲ့က စွမ်းဆောင် မပေးနိုင်ခဲ့ဘူးလို့ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သမ္မတ ကာဇိုင်းက နေတိုး အဖွဲ့အနေနဲ့ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေမှာ ဒေါ်လာ ဘီလျံနဲ့ ချီ သုံးခဲ့ပြီး နေတိုး တပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာ အသက် ပေးဆပ်ခဲ့ရပေမယ့်လည်း နေတိုးအဖွဲ့ရဲ့ စစ်ဆင် လှုပ်ရှားမှုတွေကြောင့် အာဖဂန်နစ္စတန် နိုင်ငံမှာ ထိခိုက် နစ်နာမှုတွေ အများကြီး ဖြစ်ခဲ့သလို အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရတယ်လို့ ပြောသွားပါတယ်။
ဒါဟာ နိုင်ငံ လုံခြုံမှု မရှိခဲ့တဲ့ အတွက် ဖြစ်ကြောင်းနဲ့ အာဖဂန် နိုင်ငံသားတွေ လိုလားတာက နိုင်ငံ လုံခြုံမှု အပြည့်အဝ ရှိပြီး အကြမ်းဖက်မှုကို လုံးဝ တိုက်ဖျက်နိုင်ရေး ဖြစ်ကြောင်း အာဖဂန် သမ္မတ ကာဇိုင်းက ပြောသွားပါတယ်။
နေတိုး အဖွဲ့ရဲ့ စစ်ဆင် လှုပ်ရှားမှုတွေ အတွင်း အရပ်သားတွေ ထိခိုက် သေဆုံးခဲ့ရမှုဟာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ နေတိုး ပူးပေါင်း တပ်ဖွဲ့တွေနဲ့ အာဖဂန် အစိုးရ အကြား အဆင်မပြေ ဖြစ်ရတဲ့ အကြောင်းရင်း တရပ် ဖြစ်ပါတယ်။
ဒါ့အပြင် သမ္မတ ကာဇိုင်းက သူ့အနေနဲ့ တာလီဘန်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံ ပြောဆိုမှုတွေ ရှိနေပြီး လာမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တိုက်တွန်း ထားတယ်လို့လည်း ပြောပါတယ်။




