
လောင်စာဆီ အတွက် တန်းစီနေကြတဲ့ နယူးယောက် မြို့ခံများ
အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ဘက်ကမ်း ဒေသတွေကို ဟာရီကိန်း မုန်တိုင်း စန္ဒီ ဝင်ရောက် တိုက်ခတ် သွားခဲ့ပြီး ၅ ရက် ကြာလာတဲ့ အထိ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ မလုံလောက်မှု တွေ ကြုံတွေ့ နေရပါတယ်။
ဒီလို ရင်ဆိုင် နေရတာ နဲ့ ပတ်သက်လို့ စိုးရိမ် ထိတ်လန့် စိတ်တွေ မထားကြဖို့ နယူးယောက် ပြည်နယ် အုပ်ချုပ် ရေးမှူးက ပြောလိုက်ပါတယ်။
ပြည်နယ် အုပ်ချုပ် ရေးမှူး အန်ဒရူး ကိုမိုက ကာကွယ် ရေး ဌာနက ဓာတ်ဆီဆိုင် အငယ်စား တွေကို ဆောက်လုပ်ပြီး လောင်စာဆီတွေ ဖြန့်ဖြူးပေး သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တချိန်ထဲမှာပဲ နယူးယောက် မြို့တော်ဝန် မိုက်ကယ်လ် ဘလွမ်းဘတ်ခ်က မြို့စွန် ဒေသ တွေမှာ နေထိုင်ကြသူ ထောင်ပေါင်းများစွာကို လျှပ်စစ် ဓာတ်အားတွေ ပြန်လည် ရရှိဖို့ အတွက် ကုမ္ပဏီ တခုက ကြိုးပမ်းနေပေမယ့် သိပ်တော့ ခရီးမရောက် သေးတဲ့ အကြောင်း ပြောပါတယ်။
နယူးယောက် မြို့ထဲရဲ့ ထက်ဝက်ကျော် ကိုတော့ လျှပ်စစ်ဓာတ်အားတွေ ပြန်လည် ဖြန့်ဝေ ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လူပေါင်း ၉ သိန်း ကျော်လောက်ဟာ ခုထက်ထိ လျှပ်စစ် ဓာတ်အားတွေ သုံးစွဲလို့ မရသေးဘဲ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။












