
စန္ဒီမုန်တိုင်း ချဉ်းကပ်လာချိန် မိုးကြီး လေထန်
အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းကို ချဉ်းကပ်လာနေတဲ့ စန္ဒီလို့ အမည်ရတဲ့ ဟာရီကိန်းမုန်တိုင်းကြီးအတွက် နယူးယောက်မြို့မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပါတယ်။
နယူးယောက်မြို့မှာ တနင်္လာနေ့က မြေအောက် ရထားတွေ၊ မြေပေါ် ရထားတွေနဲ့ ဘတ်စ်ကားတွေကို ပြေးဆွဲမှု ရပ်ဆိုင်းထားခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေကို ကျောင်း ၇၆ ကျောင်းမှာ ဖွဲ့ထားတဲ့ ခိုလှုံရေးစခန်းတွေကို ရွေ့ပြောင်းပေးထားပါတယ်။
ကျောင်းတွေကို ပိတ်ထားလိုက်ပြီး နယူးယောက် စတော့ရှယ်ယာစျေးကွက်ကို ပိတ်လိုက်ပါတယ်။
ပြည်နယ်တချို့မှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့အတွက် အလုပ်သမားအများစုဟာ အိမ်မှာဘဲ နေနေကြပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေကို ရပ်ထားလိုက်ပါတယ်။
လောလော ဆယ်မှာတော့ သမ္မတအိုဘားမားဟာ ဖလော်ရီဒါပြည်နယ် မဲဆွယ်ပွဲကို ရပ်ဆိုင်းလိုက်ပြီး အိမ်ဖြူတော်ကို ပြန်လာခဲ့ပါတယ်။
အိမ်ဖြူတော်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကွပ်ကဲမယ်လို့ ဆိုပါတယ်။
စန္ဒီဟာရီကိန်းမုန်တိုင်း ကာရစ်ဘီယန်ဒေသကို ဖြတ်သန်းတိုက်ခတ်စဉ် သေဆုံးသူ ၆၀ ရှိခဲ့ပါတယ်။
တနင်္လာနေ့ နေ့လည်မှာ မုန်တိုင်းဟာ နယူးယောက်မြို့ အရှေ့တောင်ဘက် မိုင် ၃၀၀ ကျော်လောက် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုရွေ့လျားနေခဲ့ပြီး လေတိုက်နှုန်း အမြင့်ဆုံး တနာရီကို ၈၅ မိုင်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စန္ဒီမုန်တိုင်းဟာ အနောက်ဘက်နဲ့ မြောက်ဘက်က အေးတဲ့ရာသီဥတုနဲ့ ဆုံတဲ့အခါ ပိုပြီးအင်အားကြီးတဲ့ လေမုန်တိုင်းကြီး အဖြစ်ကို ပြောင်းသွားနိုင်လို့ စိုးရိမ်နေကြပါတယ်။
နယူးယောက်ဆိပ်ကမ်းနဲ့ Long Island sound ဒေသတွေမှာ ပင်လယ်ရေဟာ နဂိုထက် ၁၁ ပေလောက်မြင့်တက်လာနိုင်တယ်လို့ မိုလေဝသဌာနက သတိပေးထားပါတယ်။
မေရီလင်းကနေ ကွန်နက်တီကပ်ပြည်နယ်တလျှောက် မြေနိမ့်ပိုင်းကလူတွေကို ဘေးကင်းရာကို ပြောင်းရွေ့ကြဖို့ စောစောကတည်းက သတိပေးထားခဲ့ပါတယ်။












