
အပြိုင်မဲဆွယ် နေကြတဲ့ သမ္မတလောင်း ၂ ဦး
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် နီးကပ် လာနေတာ နဲ့ အမျှ ယှဉ်ပြိုင် အရွေးခံကြမယ့် လက်ရှိ သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် ရီပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီ တို့ဟာ လူအများအပြား တက်ရောက် ကြတဲ့ မဲဆွယ် စည်းရုံးပွဲတွေ အကြီးအကျယ် ပြုလုပ် နေကြပါတယ်။
ဒီရွေးကောက်ပွဲ အတွက် အနိုင်အရှုံးကို အဆုံး အဖြတ် ပေးမယ့် ပါတီ ၂ ခု အကြား ဘယ်ဘက်ကမှ အသာမရ ဖြစ်နေတဲ့ ပြည်နယ်တွေက မဲတွေ ရဖို့ အတွက်ကို သမ္မတလောင်း ၂ ဦးစလုံး ပစ်မှတ် ထားလို့ မဲဆွယ် နေကြတာ ဖြစ်ပါတယ်။
အိုဟိုင်းယိုး ပြည်နယ်မှာတော့ သမ္မတ အိုဘားမားက မဲဆွယ်ပွဲကို တက်ရောက် လာကြတဲ့ လူအုပ်ကြီးကို လွန်ခဲ့တဲ့ ၄ နှစ် အတွင်း တိုင်းပြည်အတွင်း တိုးတက် မှုတွေ ရရှိ ခဲ့တဲ့ အကြောင်း၊ ဒါပေမယ့် ဆက်လုပ်ရမယ့် အလုပ်တွေ ရှိနေသေးတဲ့ အကြောင်း ပြောကြား ခဲ့ပါတယ်။
သမ္မတ အိုဘားမားက အမေရိကန်ဟာ အားလုံး အတွက် အခွင့်အလမ်း တွေရှိနေတဲ့ အချိန်၊ အဲဒီ အခွင့်အလန်း တွေကို အားလုံး တန်းတူ ဝေမျှလို့ တန်းတူ ကြိုးစားကြတဲ့ အခါမျိုးမှာ အကောင်းဆုံး ဖြစ်တဲ့အကြောင်းနဲ့ ဒီလို ဖြစ်နိုင်ဖို့ သူ့ကို လွန်ခဲ့တဲ့ ၄ နှစ်က ရွေးချယ် ခဲ့ကြတာ ဖြစ်ကြောင်းနဲ့ အခုလည်း ဒါတွေ ဆက်လုပ်ဖို့ သူ ဒုတိယ သက်တမ်း အတွက် အရွေးခံမှာ ဖြစ်ကြောင်း တွေကို ပြောကြား ခဲ့ပါတယ်။
မစ္စတာ ရွန်မနီကတော့ နယူးဟမ်ရှိုင်းယားမှာ တက်ရောက်လာကြ သူတွေကို ဒီတကြိမ် ရွေးကောက်ပွဲ အတွက် နေ့နေ့ ညည ကြိုးစား ခဲ့ကြတဲ့ အကြောင်းနဲ့ အခုခရီး ရောက်လုနီးနေပြီ ဖြစ်ကြောင်း၊ အခွင့်အလမ်း တွေပွင့်နေပြီ ဖြစ်လို့ ဆက်လျှောက်ဖို့ပဲ လိုတော့ကြောင်း၊ အမေရိကန်ကို တချိန်ကလို ကြီးကျယ် ခမ်းနားအောင် ပြန်လုပ်နိုင်ကြမှာ ဖြစ်ကြောင်း တွေပြောကြား ခဲ့ပါတယ်။
ရွေးကောက်ပွဲ အကြို စစ်တမ်း ကောက်ယူချက်တွေ မှာတော့ ပြိုင်ဘက် ၂ ဦးစလုံးရဲ့ လူကြိုက်များမှု တွေဟာ မတိမ်းမယိမ်း ရှိနေပါတယ်။
ဒါပေမယ့် သမ္မတ အိုအားမားကတော့ အရေးကြီးတဲ့ ပြည်နယ် တွေဘက်မှာ မသိမသာ အသာရနေပါတယ်။












