
သမ္မတ အိုဘားမားက တုန့်ဆိုင်း နေခဲ့တယ်လို့ ဆို
အမေရိကန် သမ္မတလောင်း နှစ်ဦး ပထမ အကြိမ် စကားစစ်ထိုး ပွဲနဲ့ ပတ်သက်ပြီး စောင့်ကြည့် လေ့လာ သူတွေနဲ့ ဆန္ဒသဘော ထား ကောက်ယူ မှုတွေ အရ ရီပတ်ဘလစ်ကင် သမ္မတလောင်းမစ်ရွန်မနီ (Mitt Romney) က အနိုင်ရ သွားတယ်လို့ ဆိုပါတယ်။
သမ္မတ လောင်းနှစ်ဦး မိနစ်ကိုးဆယ်ကြာ အပြန်အလှန် ပြောဆို ခဲ့ကြပြီးတဲ့နောက် စစ်တမ်း ကောက်ယူမှု သုံးခုမှာ ၄၆ ကနေ ၆၇ ရာနှုန်းက မစ္စတာ မစ်ရွန်မနီ အသာစီး ရခဲ့တယ်လို့ ယူဆကြပြီး၊ သမ္မတ အိုဘားမား အနိုင်ရတယ်လို့ ပြောသူက ၂၃ နဲ့ ၂၅ ရာခိုင်နှုန်း ကြားမှာသာ ရှိတာ တွေ့ရ ပါတယ်။
လူထုရှေ့မှောက် စကားစစ်ထိုးပွဲ မြင်ကွင်းရဲ့ သဘော သဘာဝက ပုံရိပ် အသွင်အပြင် နဲ့ ကိုယ့်ကိုကိုယ် ဘယ်လောက် ယုံကြည်မှု ရှိသလဲ ဆိုတာ ပြိုင်ရတာမျိုး ဖြစ်ပါတယ်။
စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ဆွေးနွေးကြတဲ့ အခါ သမ္မတ အိုးဘားမား ဖက်က တုန့်ဆိုင်း နေတဲ့ပုံ ရှိခဲ့တယ်လို့ ဝေဖန် အကဲခတ် သူတွေက ဆိုပါတယ်။
မစ်ရွန်မနီ ရဲ့ အဆိုပြုချက် တွေဟာ အရင်သမ္မတဟောင်း ဘွတ်ရှ် လက်ထက်က ပေါ်လစီ မူဝါဒတွေကို ပြန်မွမ်းမံ ပြင်ဆင် ထားတဲ့ အဆိုပြုချက် တွေသာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောသွား သလို သမ္မတ အိုဘားမား အစိုးရဟာလည်း စီးပွားရေး လုပ်ငန်းကြီး တွေကို အမြတ်ရအောင် လုပ်ပေးပြီးမှ အသေးစား လုပ်ငန်းလေးတွေဆီ အကျိုးအမြတ် တဖြည်းဖြည်းချင်း ရအောင် လုပ်ပေးမယ့် အစိုးရ ဖြစ်တယ် လို့မစ်ရွန်မနီ က ဝေဖန် ပြောဆို သွားခဲ့ပါတယ်။
နိုင်ငံတဝှမ်း လုပ်ခဲ့တဲ့ စစ်တမ်းတွေမှာ သမ္မတအိုဘားမား ထိပ်က ပြေးနေပေမယ့် တကယ်လို့သာ စကားစစ်ထိုးပွဲ တွေမှာ သူတို့ နှစ်ဦးအကြား လူထု ထောက်ခံမှု သိပ်မကွာတော့ တာမျိုး၊ ဒါမှမဟုတ် မစ်ရွန်မနီ က သမ္မတ အိုဘားမား ကို စကျော်စ ပြုလာပြီ ဆိုရင်တော့ မစ်ရွန်မနီ အတွက် မဲဆွယ် စည်းရုံးပွဲ တွေမှာ အတော်ကြီး အားတက်စရာ ဖြစ်လာမှာ ဖြစ်ပြီး သမ္မတ အဖြစ် ရွေးကောက် ခံနိုင်မယ့် ပုံမျိုး ရှိနေတယ် လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။












