
ကိုလိုရာဒိုဟာ ပင်လယ်ရေပြင်အထက် အမြင့်ဆုံးပြည်နယ်တခု ဖြစ်ပြီး ပေ ၁၀၀၀၀ အထက် မြင့်တဲ့ ကျောက်တောင်ကြီးရဲ့ တောင်ထွဋ် ၁၀၀၀ ကျော်ရှိပါတယ်။
ကိုလိုရာဒိုဟာ တချိန်ကတော့ ရီပတ်ဘလီကန်တွေ အားကောင်းရာ ပြည်နယ်ဖြစ်ခဲ့ပါတယ်၊ အခုတော့ လက်တင်အမေရိကန်တွေ တိုးပွား အခြေချရာ တခြားပြည်နယ်တွေလိုပဲ ဒီမိုကရက်ဖက်ကို ယိမ်းလာနေပါပြီ။ သုံးကြိမ်ဆက်တိုက် ရီပတ်ဘလီကန်တွေ နိုင်ခဲ့ပြီးတဲ့နောက် ၂၀၀၈ မှာတော့ ဘာရက်အိုဘားမားက ဒီ ပြည်နယ်မှာ နိုင်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီမှာ ဒီမိုကရက်တွေ သေချာပေါက် နိုင်မယ်လို့တော့ ပြောလို့မရသေးပါဘူး၊ ၂၀၁၀ ကြားဖြတ်ရွေးကာက်ပွဲမှာ ရီပတ်ဘလီကန်တွေက အောက်လွှတ်တော် အမတ် နှစ်နေရာ ရသွားပြီး ကြားပါတီ ကိုယ်စားလှယ်တွေ အားကောင်းသွားလို့သာ ဆိနိတ် နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာ သူတို့ လက်လွတ်ခဲ့ရတာပါ။ ဒင်းဗာ နဲ့ ဘိုးလ်ဒါးလို မြို့ကြီးတွေမှာ ဒီမိုကရက် ထောက်ခံသူတွေ စုနေကြပြီး ကိုလိုရာဒို စပရင်းလို နေရာမှာတော့ ရီပတ်ဘလီကင်ကို မဲပေးမဲ့ သူတွေ များပါတယ်။ ဒင်းဗာ ဆင်ခြေဖုံးဒေသတွေက အကြိတ်အနယ် မဲ လုရမဲ့ နေရာတွေ ဖြစ်လာနိုင်ပါတယ်။
ကိုလိုရာဒိုဟာ ပင်လယ်ရေပြင်အထက် အမြင့်ဆုံးပြည်နယ်တခု ဖြစ်ပြီး ပေ ၁၀၀၀၀ အထက် မြင့်တဲ့ ကျောက်တောင်ကြီးရဲ့ တောင်ထွဋ် ၁၀၀၀ ကျော်ရှိပါတယ်။
ကိုလိုရာဒိုဟာ တချိန်ကတော့ ရီပတ်ဘလီကန်တွေ အားကောင်းရာ ပြည်နယ်ဖြစ်ခဲ့ပါတယ်၊ အခုတော့ လက်တင်အမေရိကန်တွေ တိုးပွား အခြေချရာ တခြားပြည်နယ်တွေလိုပဲ ဒီမိုကရက်ဖက်ကို ယိမ်းလာနေပါပြီ။ သုံးကြိမ်ဆက်တိုက် ရီပတ်ဘလီကန်တွေ နိုင်ခဲ့ပြီးတဲ့နောက် ၂၀၀၈ မှာတော့ ဘာရက်အိုဘားမားက ဒီ ပြည်နယ်မှာ နိုင်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီမှာ ဒီမိုကရက်တွေ သေချာပေါက် နိုင်မယ်လို့တော့ ပြောလို့မရသေးပါဘူး၊ ၂၀၁၀ ကြားဖြတ်ရွေးကာက်ပွဲမှာ ရီပတ်ဘလီကန်တွေက အောက်လွှတ်တော် အမတ် နှစ်နေရာ ရသွားပြီး ကြားပါတီ ကိုယ်စားလှယ်တွေ အားကောင်းသွားလို့သာ ဆိနိတ် နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာ သူတို့ လက်လွတ်ခဲ့ရတာပါ။ ဒင်းဗာ နဲ့ ဘိုးလ်ဒါးလို မြို့ကြီးတွေမှာ ဒီမိုကရက် ထောက်ခံသူတွေ စုနေကြပြီး ကိုလိုရာဒို စပရင်းလို နေရာမှာတော့ ရီပတ်ဘလီကင်ကို မဲပေးမဲ့ သူတွေ များပါတယ်။ ဒင်းဗာ ဆင်ခြေဖုံးဒေသတွေက အကြိတ်အနယ် မဲ လုရမဲ့ နေရာတွေ ဖြစ်လာနိုင်ပါတယ်။
နေခြည်ဖြာပြည်နယ်လို့ တင်စားခေါ်ကြတဲ့ ဖလော်ရီဒါဟာ လှပတဲ့ ကမ်းခြေတွေကြောင့် ကျော်ကြားသလို ဒစ္စနီဝါးလ်လို ကမ္ဘာလှည့်ခရိးသည်တွေ အကြိုက် နေရာတွေကြောင့်လည်း ထင်ရှားပါတယ်။
ဖလော်ရီဒါဟာ သမ္မတအရွေးခံရမဲ့ သူကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ်ဖြစ်ခဲ့ပြီး ၁၉၉၆ ရွေးကောက်ပွဲကတည်းက အနိုင်ရသွားတဲ့ သမ္မတလောင်းဟာ ဖလော်ရီဒါက မဲနိုင်ခဲ့တဲ့ သူ ချည်းပဲ ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်က ဂျော့ချ်ဘုရှ်နဲ့ အယ်လ်ဂိုးတို့ ပြိုင်ပွဲမှာ မဲ တွေဟာ သိတ်ကပ်လွန်းနေလို့ ပြန် ရေတွက်နေရ ချိန်မှာ တရားရုံးချုပ်က ကြားဝင်ပြီး မဲ ရေတာ ရပ်ဖို့ ပြောခဲ့ရတဲ့ ပြည်နယ်ဖြစ်ပါတယ်။
ဖလော်ရီဒါဟာ လူမျိုးစုံစုပြီးနေကြတဲ့ ပြည်နယ်ပါ၊ ပရိုတက်စတင့်တွေနဲ့ ကျူးဘား အမေရိကန်တွေက ရီပတ်ဘလီကန် ဖက် ယိမ်းပြီး ဂျူးအနွယ်တွေနဲ့ ကျူးဘားဆက် မဟုတ်တဲ့ ဟစ္စပန်းနစ်တါေက ဒီမိုကရက်ကို အားပေးပါတယ်။ ဟစ္စပန်းနစ် တွေအတွက် လူဝင်မှု အရေးက အဓိက ဖြစ်ပြီး ဂျူးနွယ်ဖွား အငြိမ်းစားတွေ အတွက် အစ္စရေး အရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စတွေကို အလေးပေးမှာ ဖြစ်ပေမဲ့ အားလုံးအတွက် စီးပွားရေးကတော့ မဲပေးတဲ့ နေရာမှာ အစဉ်းစားဆုံး ကိစ္စ ဖြစ်ပါလိမ့်မယ်။
အိုင်အိုဝါပြည်နယ်ဟာ အမေရိကန်အင်းဒီယန်း လူမျိုးစု အိုင်အိုဝေးကို အစွဲပြုပြီး ခေါ်ထားတာ ဖြစ်ပါတယ်၊ အဲဒီလူမျိုးစုတွေရဲ့ ခေါင်းဆောင် သိမ်းနက်ကို ဂုဏ်ပြုတဲ့ အနေနဲ့ သိမ်းမျက်လုံးပြည်နယ်လို့လဲ ခေါ်ကြပါတယ်။
အိုင်အိုဝါပြည်နယ်ဟာ ၂၀၀၀ နဲ့ ၂၀၀၄ ရွေးကောက်ပွဲတွေမှာ ဒီမိုကရက် နဲ့ ရီပတ်ဘလီကင်တွေ အကြား သီသီလေး ဟိုဖက်ဒီဖက် ယိမ်းခဲ့ပြီး ၂၀၀၈ ရွေးကောက်ပွဲမှာတော့ ဘာရက် အိုဘားမား အတွက် ပြတ်သားတဲ့ မဲ အသာ ပေးခဲ့ပါတယ်။
ပြည်နယ်ရဲ့ အနောက်ဖက်က ပြောင်းခင်းလယ်မြေတွေမှာ အလုပ်လုပ်ကြသူတွေအများစုက ရီပတ်ဘလီကန်တွေဖက် ယိမ်းပေမဲ့ ပြည်နယ် မြို့တော် ဒက်စ်မွိုင်း နဲ့ တက္ကသိုလ်မြို့ အိုင်အိုဝါ စီတီ လို မြို့တွေကတော့ ဒီမိုကရက်ဖက် ပါကြပါတယ်။ စိုက်ပျိုးရေးက အရေးပါတဲ့ အတွက် ဒီဖက်က နယ်ခံတွေ အဖို့တော့ လယ်သမားတွေ အတွက် သက်သာလျော့ပေါ့ခွင့်ပေးတဲ့ ကိစ္စတွေဆိုရင် လူကြိုက်များ မဲရဖို့ သေချာနိုင်ပါတယ်။
ဂရိတ်လိခ် ကန်တော်ကြီးပြည်နယ်လို့ အမည်ပေးထားတဲ့ မီရှီဂန်ဟာ ဒီထရွိက်မြို့နားတဝိုက်က မော်တော်ကား ထုတ်လုပ်တဲ့ လုပ်ငန်းတွေကြောင့် နာမည်ကျော်ပါတယ်။
မီရှီဂန်ပြည်နယ်ဟာ ၁၉၉၂ ခုနှစ်ကတည်းက ဒီမိုကရက်တွေ ဆက်တိုက်နိုင်ခဲ့တဲ့ ပြည်နယ်တခု ဖြစ်ပေမဲ့ ၂၀၀၀ နဲ့ ၂၀၀၄ မှာတော့ ဂျော့ချ်ဘုရှ်က အဲဒီမှာ သီသီလေးနဲ့ ကပ်ရှုံးခဲ့တာပါ။ ပြည်နယ်တွင်း ရွေးကောက်ပွဲတွေမှာလည်း ရီပတ်ဘလီကန်တွေ နိုင်ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။
မီရှီဂန်ဟာ တချိန်က ကုန်ထုတ်လုပ်ငန်းတွေ စုဝေးရာ ပြည်နယ်တခု ဖြစ်ခဲ့ပေမဲ့ ၁၉၈၀ ပြည့်နှစ်တွေကစလို့ အကြီးစားစက်မှု ထုတ်ကုန်တွေ ကျဆင်းလာပြီး အလုပ်လက်မဲ့တွေလဲ တိုးလာနေပါတယ်။ ပြည်နယ်သားတွေရဲ့ အဓိက စိုးရိမ်ချက်က စီးပွားရေးပါ။ သမ္မတအိုဘားမားက ရီပတ်ဘလီကန်တွေ ကန့်ကွက်နေတဲ့ ကြားက ၂၀၀၉ ခုနှစ်တုန်းက ဒေဝါလီခံရနီး ဖြစ်နေတဲ့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး သုံးခုကို အစိုးရချေးငွေတွေ ထုတ်ပေးခဲ့ဖူးပါတယ်။ ရီပတ်ဘလီကန်တွေက ဒါဟာ အစိုးရရဲ့ ဝင်စွက်ချက်လို့ ပြောပေမဲ့ ဒီမိုကရက်တွေကတော့ ကုမ္ပဏီတွေကို ကယ်ပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မင်နီဆိုးတားရဲ့ ကြွေးကြော်သံကတော့ မြောက်ပိုင်းက ကြယ်ပွင့်ပါ၊ ဆွီဒင်နဲ့ နော်ဝေက လာအခြေချသူတွေများတဲ့၊ စကင်ဒီနေးဗီးယန်း အမေရိကန် ယဉ်ကျေးမှုတွေ တွေ့ရတဲ့ ပြည်နယ်ဖြစ်ပါတယ်။
မင်နီဆိုးတားဟာ ၁၉၇၂ ခုနှစ်ကတည်းက ဒီမိုကရက်တစ် သမ္မတလောင်းကိုပဲ အစဉ်တစိုက်မဲပေးလာခဲ့တာမှာ ၁၉၈၄ ခုတုန်းက တခြားပြည်နယ်တိုင်းက ရီပတ်ဘလီကန်ပါတီက ရော်နယ်ရေဂင်ကို မဲ ပေးကြချိန်မှာတောင် မင်နီဆိုးတားက ဒီမိုကရက်ကို မဲပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျော့ချ် ဒဗလျူဘုရှ် ဒီ မှာ မဲနဲနဲလေးနဲ့ ကပ်ရှုံးခဲ့တာပါ။ ဒါပေမဲ့ ပြည်နယ်ရွေးကောက်ပွဲ တွေမှာတော့ ရီပတ်ဘလီကန်တွေဟာ ဒီမိုကရက်တွေကို ကောင်းကောင်း ယှဉ်နေနိုင်ခဲ့ပါတယ်။
တခြားပြည်နယ်တွေမှာလိုပဲ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စီးပွားရေးဟာ မင်နီဆိုးတား ပြည်နယ်သားတွေ အလေးထားတဲ့ ကိစ္စတွေ ဖြစ်နိုင်ပါတယ်။ အထူး သဖြင့် မင်နီယာပိုလစ် နဲ့ စိန့်ပေါလ်လို မြို့ကြီးတွေမှာပါ၊ မင်နီဆိုးတားဟာ အမေရိကန် ပြည်နယ်တွေထဲမှာ တဘာသာ ခွဲထွက်တတ်တဲ့ ပြည်နယ်တခုမို့ ပါတီကြီး နှစ်ခုမဟုတ်တဲ့ တတိယ ပါတီတခုခုက ကိုယ်စားလှယ်လောင်းလဲ အနိုင်ရသွားနိုင်ပါတယ်။
သွေသတ္တု တူးဖော်တဲ့ လုပ်ငန်းကြီးကြောင့် ငွေပြည်နယ်လို့ ခေါ်ကြတဲ့ နီဗားဒါးရဲ့ အကျော်ကြားဆုံး နေရာကတော့ လားစ်ဗေးဂတ်စ်ပါပဲ။
နီဗားဒါးဟာ ၁၉၈၀ ကတဲက အနိုင်ရ သမ္မတ လောင်းကိုပဲ မဲ ပေးခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ ၂၀၀၈ ရွေးကာက်ပွဲမှာတော့ ဘာရက်အိုဘားမားက ဒီမှာ သက်သက်သာသာပဲ နိုင်သွားခဲ့လို့ အခုတကြိမ်လဲ အဲဒီလို ဖြစ်လာဖို့ ဒီမိုကရက်တွေ မျှော်လင့်နေပါတယ်။ နီဗားဒါးမှာ ဟစ်စပဲန်နစ် လူဦးရေ အများကြီးရှိလို့ သမ္မတလောင်းတွေရဲ့ လူဝင်မှုကြီးကြပ်ရေး မူတွေကို ကြည့်ပြီး မဲပေးကြဖို့ရှိပါတယ်။
နီဗားဒါးဟာ ၂၀၀၈ ခုနှစ်က ဖြစ်လိုက်တဲ့ စီးပွားရေး အကြပ်အတည်းဟာ ဒီပြည်နယ်ကိုလဲ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့လို့ အလုပ်လက်မဲ့ နှုန်းဟာ ၁၅ ရာခိုင်နှုန်းအထိ မြင့်နေပါတယ်။ ဒါကြောင့် စီးပွားရေးဟာ မဲဆန္ဒရှင်တွေရဲ့ စိတ်ထဲမှာ တော်တော် ကြီးကြီးမားမား ရှိနေပါတယ်။ လားစ်ဗေးဂတ်စ်နဲ့ ရီနိုလို မြို့ကြီးတွေမှာ ဒီမိုကရက်တွေ အားကောင်းပေမဲ့ ခြံတွေ စစ်စခန်းတွေ ရှိနေရာ ပြည်နယ်ရဲ့ တခြား နေရာတွေမှာတော့ ရီပတ်ဘလီကန်ဖက်ကို လူကြိုက်များပါတယ်။
ကျောက်မိုင်းတွေ အများကြီးရှိလို့ ဂရက်နိုက်ပြည်နယ်လို့ ခေါ်ကြတဲ့ နယူးဟမ့်ရှိုင်းယား
နယူးဟမ့်ရှိုင်းယား ဟာ ရီပတ်ဘလီကန်တွေကို တောက်လျှောက်မဲပေးခဲ့တဲ့ အစဉ်အလာရှိခဲ့ဖူးပါတယ်။ ဘာရက်အိုဘားမား ၂၀၀၈ တုန်းက မဲ တော်တော်များများ အသာနဲ့ နိုင်ခဲ့ပေမဲ့ ၂၀၀၀ ခုနှစ်တုန်းက ဂျော့ချ်ဘုရှ်က နိုင်ခဲ့ပြီး ၂၀၁၀ သက်တမ်းဝက် ရွေးကောက်ပွဲမှာလည်း ရီပတ်ဘလီကန်တွေက ဆီးနိတ်နေရာကို ရထားပြီး ကွန်ဂရက် နေရာနှစ်ခုကိုလဲ နိုင်ထားပါတယ်။ ရီပတ်ဘလီကန် သမ္မတ လောင်း မစ်ရွမ်နီက အိမ်နီးချင်း မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့တဲ့ အတွက်လည်း နယူးဟမ့်ရှိုင်းယား ရီပတ်ဘလီကန်တွေ လက်ထဲ ပြန်ရောက်သွားနိုင်ပါတယ်။
နယူးဟမ့်ရှိုင်းယားဟာ သမ္မတလောင်း အကြိုရွေးကောက်ပွဲတွေ ပထမဆုံးကျင်းပခဲ့တဲ့ ပြည်နယ်အဖြစ် ဂုဏ်ယူလေ့ရှိပါတယ်။ ပြည်နယ်သားတွေက သမ္မတလောင်းတွေကို သူတို့ပြည်နယ်ထဲက ပွဲတွေမှာ လာတုန်း အနီးကပ်လေ့လာချင်ကြပါတယ်။ အစဉ်အလာအားဖြင့် အစိုးရကို ဆန့်ကျင်တတ်ကြတဲ့ ထုံးစံရှိပြီး လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်တာ လုပ်တတ်ကြသူတွေ များတဲ့ ဒီပြည်နယ်ဟာ အခွန်လဲ နဲတဲ့ အတွက် လုပ်ငန်းရှင်တွေ အများကြီး လာအခြေချတဲ့ နေရာလဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဒုတိယ အထင်ရှားဆုံး ဒေသခံတွေ နေထိုင်တဲ့ နယူးမက်ဆီကိုပြည်နယ်ရဲ့ အလံမှာ ဇီတာလို့ ခေါ်တဲ့ နေကို ကိုယ်စားပြုတဲ့ သင်္ကေတကို ထည့်သွင်းထားပါတယ်။
သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွေတုန်းက နယူးမက္ကဆီကို ပြည်နယ်မှာ ပြိုင်ဖက် အချင်းချင်း ပွတ်ကာသီကာ အနိုင်ရခဲ့တဲ့ ဖြစ်ရပ်တွေ တွေ့ခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက သမ္မတလောင်း အယ်လ်ဂိုးဟာ အဲဒီပြည်နယ်မှာ ၃၆၆ မဲ ထဲနဲ့ ကပ်ပြီးအနိုင်ရခဲ့သလို၊ ၂၀၀၄ ခုနှစ် မှာတော့ သမ္မတဘုရှ်ဟာ ၆၀၀၀ တောင် မပြည့်တဲ့ ဆန္ဒမဲအသာနဲ့ အနိုင်ရခဲ့တာပါ။ ဘာရက်အိုဘားမားကတော့ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲမှာ ၁၅ ရာနှုန်း အသာနဲ့ သိသိသာသာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၀ တုန်းက ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ဘက်က အနိုင်ရခဲ့ပါတယ်။ စစ်တမ်းကောက်ယူချက်တွေ အရတော့ ၂၀၁၂ ခုနှစ်မှာ ဒီမိုကရက်တွေ ထောက်ခံမှုရလိမ့် မယ်လို့ ညွှန်ပြနေပါတယ်။
နိုင်ငံရေးထောက်ခံမှုကို ပြတဲ့မြေပုံဟာ ပထဝီအနေအထားအရ ပိုင်းခြားထားတဲ့ပုံမျိုး တွေ့ရပါတယ်။ ဒီမိုကရက်တွေကို မြို့ပြတွေရှိတဲ့ ပြည်နယ်မြောက်ပိုင်းမှာ ထောက်ခံမှုအားကောင်းပြီး ရီပတ်ဘလစ်ကန်တွေကတော့ တက္ကဆတ်ပြည်နယ် နဲ့ နယ်စပ်ချင်းကပ်နေတဲ့ ပြည်နယ် အရှေ့တောင်ပိုင်းကို လွှမ်းမိုးထားပါတယ်။ ၂၀၀၈ ခုနှစ်ရွေးကောက်ပွဲတုန်းက နယူး မက္ကဆီကိုပြည်နယ်မှာ ဒုနဲ့ဒေးရှိနေတဲ့ လက်တင်နွယ်ဖွားတွေက သူ့ကိုထောက်ခံခဲ့ကြပါတယ်။ အိုဘားမားအနေနဲ့ လူဝင် မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်နိုင်ပေမယ့် ရီပတ်ဘလစ်ကန်ပါတီရဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ မူဝါဒ တွေကို လက်တင်နွယ်ဖွားတွေက မထောက်ခံကြပါဘူး။
မြောက်ကာရိုလိုင်းနားပြည်နယ် ဆိုတာ ကစ်တီဟော့မြို့နားမှာ နာမည်ကျော် ရိုက်ညီနောင်တို့က ၁၉၀၃ ခုနှစ်တုန်းက ပထမဉီးဆုံး စက်နဲ့ မောင်းတဲ့ လေယာဉ်ကို ပျံသန်း ပြခဲ့ကြတဲ့နေရာပါ။
မြောက်ကာရိုလိုင်းနားဟာ ရီပတ်ဘလစ်ကန်တွေ အားကောင်းတဲ့ ဒေသအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ရာကနေ ၂၀၀၈ ခုနှစ်မှာတော့ ဘာရက်အိုဘားမားက ဒီမိုကရက်ပါတီအတွက် ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပါတယ်။ မကြာသေးခင်နှစ်တွေ အတွင်း အဲဒီဒေသက လူထုရဲ့ အသက်အရွယ် အချိုးအစား ပြောင်းလဲလာမှုဟာ သူအောင်မြင်မှုရခဲ့တဲ့ အကြောင်းရင်း တစိတ် တဒေသဖြစ်ပါတယ်။
“မြောက်ကာရိုလိုင်းနားဟာ တောင်ပိုင်းဒေသတွေထဲမှာ အချမ်းသာဆုံးနဲ့ ဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံး ပြည်နယ် ဖြစ်ပါတယ်။ အထူးသဖြင့် မြောက်ကာရိုလိုင်းနား အပေါ် လူတွေ မနာလိုလောက်အောင် အားကျရတဲ့ ရလေးနဲ့ ဒါဟန် မြို့တွေကို ဗဟိုပြုထားတဲ့ သုတသနတြိဂံ ဒေသကို တက္ကသိုလ် ပညာတတ်တွေ အင်နဲ့အားနဲ့ ပြောင်းရွှေ့ဝင်လာခဲ့ကြ ပါတယ်။ မူလရှိပြီးသား လူမဲတွေအပြင် တိုးလာတဲ့ ဟစ်စပန်နစ်လူမျိုးတွေနဲ့ပါ ပေါင်းလိုက်တဲ့အခါ ဒီမိုကရက်တွေ အပေါ် ထောက်ခံမှုကြီးထွားလာနေတဲ့ မဲဆန္ဒနယ်တခု ဖြစ်လာနေပါတယ်”
အိုဟိုင်းယိုးပြည်နယ်ရဲ့ အကျော်ကြားဆုံး သားကောင်းတဉီးဟာ မီးလုံးကို တီထွင်ခဲ့တဲ့ သောမတ်စ်အက်ဒီဆင် ဖြစ်ပေမယ့် အမေရိကန်သမ္မတ ၇ ဉီးကို မွေးထုတ်ခဲ့တဲ့ အိုဟိုင်းယိုးပြည်နယ်ကို ခေတ်သစ်သမ္မတများရဲ့ မိခင်မြေလို့ တင်စားခေါ်ကြ ပါတယ်။
ရွေးကောက်ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်ရာမှာ အရေးပါတဲ့ ဒီပြည်နယ်ဟာ ၁၉၆၀ ခုနှစ်ကစပြီး ရှုံးတဲ့ သမ္မတလောင်းဖက်ကို ထောက်ခံခဲ့တာ မရှိပါဘူး။ ဒါကြောင့် ဘာရက်အိုဘားမားဟာ ၂၀၁၂ ခုနှစ်မှာလည်း သူအရင်တုန်းက သီသီလေးကပ်ပြီး နိုင်ခဲ့တဲ့ အစဉ်အလာကို ဆက်ထိမ်းနိုင်မလား ဆိုတာ လူတိုင်းက မျက်စေ့ဒေါက်ထောက်ပြီး ကြည့်ကြပါလိမ့်မယ်။ ရီပတ် ဘလစ်ကန်တွေ ဖက်ကတော့ ၂၀၁၀ ခုနှစ်မှာ သူတို့အနိုင်ရထားတဲ့ ဆီးနိတ်အမတ်နေရာနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှုး နေရာတို့အတွက် မဲတွေကနေ အီလက်တိုရယ်ကောလိပ်လို့ ခေါ်တဲ့ ရွေးကောက်ပွဲကိုယ်စားပြုအဖွဲ့အတွက် မဲကို ရနိုင်ဖို့ မျှော် လင့်နေပါတယ်။
အိမ်နီးချင်း မီရှီဂန်နဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေလိုဘဲ စက်မှုလုပ်ငန်းမှာ တချိန်က အားကောင်းခဲ့ပေမယ့် အခု လျော့ကျလာနေတဲ့ အိုဟိုင်းယိုးပြည်နယ်ဟာ အခုအချိန်အထိလည်း ပရော့တားအင်ဂန်ဘယ် တို့၊ ဖိုင်းယားစတုန်း တာယာ တို့လို ကုမ္ပဏီကြီးတွေ အခြေစိုက်ရာ ဒေသဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၇ ကနေ ၂၀၀၉ ခုအထိ ကြာခဲ့တဲ့ စီးပွားရေး ကျဆင်းမှုဟာ အိုဟိုင်းယိုးပြည်နယ်ကိုလည်း ထိခိုက်မှုတွေ ရှိခဲ့တာမို့ ဒေသစီးပွားရေး အခြေအနေ ဟာလည်း မဲဆန္ဒရှင်တွေ ရဲ့စဉ်းစားချက်မှာ အရေးပါပါလိမ့်မယ်။
လွတ်လပ်ရေး ကြေညာခဲ့တဲ့ မြေဖြစ်သလို လွတ်လပ်ရေး ခေါင်းလောင်းကြီးလည်း တည်ရှိတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ကို အဓိကကျတဲ့ ကီးစတုန်းပြည်နယ် အဖြစ်သိကြပါတယ်။
၁၉၉၂ ခုနှစ်ကတည်းက ပင်ဆယ်လ်ဗေးနီးယားဟာ ဒီမိုကရက်ပါတီကိုသာ ဆက်တိုက် ထောက်ခံခဲ့ပေမယ့် ၂၀၀၀ နဲ့ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွေမှာတော့ မဲရလာဒ်ချင်း အတော်ကို နီးနီးကပ်ကပ်နဲ့ အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။ ဒီတော့ ၂၀၁၀ ခုနှစ်မှာ ဆီးနိတ်လွှတ်တော် အမတ်နေရာနဲ့ ပြည်နယ်လွှတ်တော် အမတ်နေရာတွေကို အနိုင်ရထားတဲ့ ဒီမိုကရက်ပါတီ အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာလည်း အကြိတ်အနယ် ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ကောင်းကောင်း ထားနေပါတယ်။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ဟာ အာလာဘားမားကို အလယ်မှာ ထားပြီး ဖီလာဒဲလ်ဖီးယားနဲ့ ပစ်စ်ဘတ်ကို ပေါင်းစပ်ထား သလိုဘဲလို့ နာမည်ကျော် စကားတခွန်းကို ဒီမိုကရက်ပါတီ အကြံပေးပုဂ္ဂိုလ် ဂျိမ်းစ်ကာဗိုင်းက တချိန် တုန်းက ဆိုခဲ့ဘူးပါတယ်။ ဒီစကားဟာ အဲဒီပြည်နယ်ရဲ့ နိုင်ငံရေးမြေပုံကို ထင်ဟပ်နေပါတယ်။ ပြည်နယ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်း စက်မှုဒေသတွေကို ဒီမိုကရက်တွေက စိုးမိုးထားချိန်မှာ ရီပတ်ဘလစ်ကန်တွေကတော့ နိုင်ငံအလယ်ပိုင်း ကျေးလက်ဒေသရဲ့ထောက်ခံမှုကို ရထားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကြုံခဲ့ရတဲ့ စီးပွားရေး အကြပ်အတည်းဟာ ပင်ဆယ်လ်ဗေးနီးယားရဲ့ နေရာတိုင်းကို ထိခိုက်စေတာမို့ ငွေကြေးရေးအရ စဉ်းစားချက်တွေဟာ နိုဝင်ဘာရွေးကောက်ပွဲကို လွှမ်းမိုးနေမှာ သေချာပါတယ်။
အမေရိကန်မှာ ထင်ရှားတဲ့ မွန်တီဆယ်လို အိမ်ယာဒေသက သောမတ်စ်ဂျက်ဖာဆန် အပါအဝင် အမေရိကန်ပြည်ထောင်စုရဲ့ အစောပိုင်း သမ္မတတွေ အတော်များများကို မွေးဖွားခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ်ကို သမ္မတများရဲ့ မိခင်မြေလို့ တခါတရံမှာ တင်စားလေ့ရှိပါတယ်။
တခြား တောင်ပိုင်းဒေသ အတော်များများမှာလိုဘဲ ဗာဂျီးနီးယားပြည်နယ်ဟာ အမေရိကန်ပြည်တွင်းစစ်ကာလနောက်ပိုင်းကနေ ဒီမိုကရက်တွေရဲ့ အရပ်ဖက်အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် မကျေမနပ်ဖြစ်ပြီး ရီပတ်ဘလစ်ကန် တွေကို အားကောင်းကောင်းနဲ့ ပြောင်းပြီး ထောက်ခံလာတဲ့ ၁၉၆၀ မတိုင်ခင် အချိန်အထိ ဒီမိုကရက် စိုးမိုးခဲ့တဲ့ ပြည်နယ် ဖြစ်ပါတယ်။
ဒါပေမယ့် စိမ်းလန်းတဲ့ ဝါရှင်တန်ဒီစီရဲ့ဆင်ခြေဖုံးဒေသတွေမှာ လူဉီးရေများလာပြီး ဟစ်စပန်နစ်လူမျိုးစုတွေ အရေအတွက် များလာတာကြောင့် ဒီမိုကရက်တွေအတွက် မဲအရေအတွက် တိုးလာပါတယ်။ အစဉ်အလာအားဖြင့် လူမဲတွေ နေတာများတဲ့ အတွက် ဗာဂျီးနီးယားပြည်နယ်ဟာ တကယ့်ကို အပြောင်းအလဲ ဖြစ်နိုင်တဲ့ မဲဆန္ဒနယ်တခု ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် တုန်းကတော့ ဘာရက်အိုဘားမားဟာ (၁၉၆၄ ခုနှစ်နောက်ပိုင်း ဒီမိုကရက်ဖက်က ပထမဆုံးအကြိမ်အဖြစ်) အသင့် အတင့် မဲအများစုနဲ့ အနိုင်ရခဲ့သလို ပြည်နယ်ရဲ့လက်ရှိ ဆီးနိတ်လွှတ်တော်အမတ် နှစ်ဉီးလုံးဟာလည်း ဒီမိုကရက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ် အကုန်မှာတော့ ပြည်နယ်အုပ်ချုပ်ရေးမှုးနေရာကို ရီပတ်ဘလစ်ကန်တွေ ပြန်ရသွားခဲ့ပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း ဒီပြည်နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ရီပတ်ဘလစ်ကန်တွေက တွက်ထားကြပါတယ်။
ပြည်နယ်ရဲ့ အထိမ်းအမှတ် တံဆိပ်၊ အလံ မှာလဲ badger ခွေးတူ ဝက်တူ ပုံပါ၊ ပြည်နယ် သီချင်းမှာလဲ သူ့အကြောင်း ပါနေလို့ ဝစ္စကွန်ဆင်ပြည်နယ်ကို Badger State ခွေးတူဝက်တူ ပြည်နယ်လို့လဲ ခေါ်ကြပါတယ်။
ဝစ္စကွန်ဆင် ပြည်နယ်ဟာ ၁၉၈၈ ကတည်းက ဒီမိုကရက် တွေ ဆက်တိုက်နိုင်လာတဲ့ ပြည်နယ်ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ နှစ်ကြိမ် ၂၀၀၀ နဲ့ ၂၀၀၄ ခုနှစ်တွေမှာတော့ ရီပတ်ဘလီကင်တွေ ပွတ်ကာသီကာလေးနဲ့ ပဲ ကပ်ရှုံးခဲ့တာပါ။ ရီပတ်ဘလီကင်တွေ ဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာကိုလဲ ရထားပြီး ဆိနိတ်နေရာ တခုလဲ ရထားပါတယ်၊ ဒါကြောင့် ဝစ္စကွန်ဆင်ဟာ အကြိတ်အနယ်ပြိုင်ရတဲ့ နေရာတခုလဲ ဖြစ်လာနိုင်ပါတယ်။
ဘာရက်အိုဘားမားက သူ ၂၀၀၈ မှာ နိုင်တုန်းက အသာရခဲ့တဲ့ မဲ အရေအတွက်ကို အားကိုးပြီး ဒီတကြိမ်မှာလဲ မျှော်လင့်နေပါလိမ့်မယ်။ သူ အားကိုးနိုင်စရာ အလုပ်သမား သမဂ္ဂတွေလဲ ရှိနေပါတယ်။ သမဂ္ဂတွေက လက်ရှိ ရီပတ်ဘလီကင် ပြည်နယ်အုပ်ချုပ်ရေးမှူး စကော့ဝေါကာရဲ့ အလုပ်သမား အခွင့်အရေး ကန့်သတ်မှု တချို့ကို ဆန့်ကျင်နေကြပါတယ်။
* နီဘရားစကား နဲ့ မိန်းလို ကွန်ဂရက်လွှတ်တော်နေရာနဲ့ ပြည်နယ်ရွေးကာက်ပွဲမှာ နိုင်သူတွေကို မူတည်ပြီး မဲ အရေအတွက်ကို ခွဲတဲ့ ပြည်နယ်တွေကလွဲလို့။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။