
ရစ်ပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီနဲ့ သမ္မတ အိုဘားမား
အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ အတွက် ၁ လကျော် လောက်သာလိုတော့တဲ့ အတွက် အမေရိကန် သမ္မတ ဘာရက် အိုဘားမားနဲ့ ပြိုင်ဘက် ရစ်ပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီတို့ ဒီနေ့ ပထမဆုံး အကြိမ် စကားရည် လုကြမှာ ဖြစ်ပါတယ်။
အဲဒီ စကားရည် လုပွဲကို သမ္မတ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ကော်လိုရာဒို ပြည်နယ်မှာ ကျင်းပဖို့ ရှိပါတယ်။
အကြို ခန့်မှန်းချက်တွေ အရ တနိုင်ငံလုံးမှာ လူကြိုက်များမှုမှာ တဦးနဲ့ တဦး မတိမ်းမယိမ်း ရှိနေကြပြီး သမ္မတ အိုဘားမားက အရေးကြီးတဲ့ မဲဆန္ဒနယ် ပြည်နယ် တွေမှာအသာရ နေတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့ သတင်းပတ် တွေအတွင်းက အရင် မက်ဆာချူးဆက် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွန်မနီက မဲဆန္ဒနယ် တချို့နဲ့ ပတ်သက်လို့ ဝေဖန် တဲ့ စကားတွေ ပြောကြားထားတဲ့ ဗီဒီယို တခု ထွက်လာခဲ့ အပြီးမှာ ဒီ အခု ပြုလုပ်မယ့် စကားရည် လုပွဲ မှာ သူ့အနေနဲ့ ကောင်းကောင်း အစွမ်းပြဖို့ လိုနေတယ်လို့ အဲဒီက သတင်းထောက် တွေက ဆိုနေကြပါတယ်။












