ယူကရိန်း စစ်ပွဲ - ရုရှားခုခံမှုကို အားသွန်ကျော်ဖြတ်နေရတဲ့ အနောက်တိုင်းထုတ် တင့်ကားတွေ

Tank repair facility

ဓာတ်ပုံ ရင်းမြစ်, Moose Campbell/BBC

ဓာတ်ပုံ ပုံစာ, ရုရှားမိုင်းထိထားတဲ့ တင့်ကားတွေကို ပြန်ပြင်တာ၊ လိုတဲ့အစိတ်အပိုင်း ရှာဖွေတာတွေ ကို မြန်မြန်ဆန်ဆန် လုပ်နေ
    • ရေးသားသူ, ဂျိုနသန် ဘေးလ်
    • ရာထူးတာဝန်, ကာကွယ်ရေးဆိုင်ရာ သတင်းထောက်၊ ယူကရိန်း တောင်ပိုင်း

ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ တရွေ့ရွေ့နဲ့ လုပ်ဆောင်နေရတဲ့ တန်ပြန်ထိုးစစ်ကို ဦးဆောင်သူ ဗိုလ်ချုပ်က ရုရှားခံစစ်ကြောင့် အနောက်တိုင်း တင့်ကားတွေ၊ သံချပ်ကာကားတွေ အပါအဝင် စစ်ယာဉ်ယန္တရားတွေ ရှေ့ကို တိုးနိုင်ဖို့အရေး အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ် အိုလက်ဇန်ဒါ တာနက်ဗ်စကီးက အထပ်ထပ်ချထားတဲ့ မိုင်းတွေ၊ အခိုင်အမာလုပ်ထားတဲ့ ခံစစ်ကြောင်းတွေကို သူ့တပ်ဖွဲ့တွေ ကျော်ဖြတ်နိုင်ဖို့ ကြိုးစား ရုန်းကန်နေရတယ်လို့ ပြောပါတယ်။

"လုပ်ဆောင်စရာ အများစုကို တပ်အင်အားများများနဲ့ လုပ်နေရတယ်။"

ယူကရိန်းတပ်တွေ "ရှေ့ကို မြန်မြန်ဆန်ဆန်" တက်လာမှာကို ရုရှားစစ်တပ်က "စွမ်းဆောင်ရည်ရှိရှိနဲ့" တားဆီးနိုင်ကြောင်း ပြသနေတယ်လို့လည်း သူကပြော ပါတယ်။

"ကျွန်တော်က ရန်သူကို လျှော့မတွက်ဘူး" လို့ သူက ဖြည့်စွက်ပြောပါတယ်။

အမေရိကန်ဘက်က နောက်ဆုံးထွက်လာပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ယူကရိန်းတို့ရဲ့ အဓိက တန်ပြန်ထိုးစစ်က စတင်နေပါပြီ။

"ကြိုတင် ပြင်ဆင်ထားတဲ့ ရုရှား ခံစစ်နေရာ တချို့" ကို ယူကရိန်း တပ်တွေ ချိုးဖောက်ကျော်ဖြတ် သွားနိုင်ခဲ့တယ်လို့ စစ်ပွဲဆိုင်ရာ လေ့လာရေးအင်စတီကျုက ဆိုပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံတွေက ကူညီတဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေနဲ့ ပတ်သက်လို့ ယူကရိန်းဘက်က အခြေလှတယ်လို့ ပြနိုင်တဲ့ အထောက်အထားက မရှိသလောက်ပါ။

အိုရိကီမြို့နားမှာ ထိုးစစ်စတဲ့ အစောပိုင်းနေ့တွေမှာပဲ ကျားသစ် (Leopard) တင့်ကား အများအပြားနဲ့ အမေရိကန်ထုတ် ဘရက်လေ (Bradley) တိုက်ခိုက်ရေး သံချပ်ကာ ယာဉ်တွေ ပျက်စီးခဲ့ပါတယ်။

ရုရှား နောက်တန်းစည်းတွေကို ဖြတ်ကျော်နိုင်အောင် အနောက်နိုင်ငံတွေက သင်တန်းတွေပေး၊ လက်နက်ကိရိယာတွေ တပ်ဆင်ပေးထား တဲ့ ယူကရိန်း အမှတ် ၄၇ တပ်မ စစ်ကြောင်းဟာ ရုရှားတွေခင်းထားတဲ့ မိုင်းတွေကြောင့် ရှေ့မတက်နိုင်ဘဲ ပိတ်နေတဲ့ အချိန် အမြောက်တွေနဲ့ ထုတာကို ခံခဲ့ရပါတယ်။

ယူကရိန်း ထိုးစစ် ရှုံးနေတယ်လို့ ဆိုတဲ့ ဗီဒီယို မှတ်တမ်းတွေကို ရုရှားက ထုတ်ပြန်ပါတယ်။ တကယ်တော့ အစပိုင်းမှာ အခက်အခဲ ဖြစ်ခဲ့ရတာ ဖြစ်ပြီး အကြီးအမား ထိုးနှက်မှု ခံနေရတာတော့ မဟုတ်ပါဘူး။

Destroyed tanks

ဓာတ်ပုံ ရင်းမြစ်, Russian Ministry of Defence

ဓာတ်ပုံ ပုံစာ, ထိုးစစ် အစပိုင်းနေ့တွေမှာပဲ ဖျက်ဆီးခံလိုက်ရတဲ့ တင့်ကားတွေကို ရိုက်ထားတဲ့ ဗီဒီယိုတွေ ရုရှားက ထုတ်ပြန်ခဲ့

ရှေ့တန်းစည်း နောက်နားက တောအုပ်ကို အကာအကွယ်ယူပြီး ဆောက်ထားတဲ့ အလုပ်ရုံတခုကို ရှိပါတယ်။ အဲဒီမှာ ဒီ အမှတ် ၄၇ တပ်မက လူတွေပဲ တာဝန်ယူလုပ်ကိုင်နေတာ ဖြစ်ပြီး ဒါဇင်နဲ့ ချီတဲ့ တင့်ကားတွေ၊ သံချပ်ကာ ကားတွေကို ပြန် ပြုပြင်နေပါတယ်။

အများစုကတော့ အမေရိကန်ထုတ် ဘရက်လေ သံချပ်ကာ ယာဉ်တွေပါ။

သူတို့စပြီးရောက်လာတုန်းက အစွန်းအထင်းမရှိခဲ့ပေမယ့် အခုတော့ စစ်ပွဲရဲ့ ဒဏ်ရာတွေနဲ့ပါ။ အများစုမှာ ချိန်းကြိုးတွေ ပြတ်နေတာ၊ သံဘီးတွေ ခေါက်ဝင်နေ တာကို ကြည့်ရင် ရုရှားမိုင်းဒဏ်တွေ ခံခဲ့ရတယ် ဆိုတာကို သိနိုင်ပါတယ်။

အင်ဂျင်နီယာ တယောက်ဖြစ်တဲ့ ဆာဟီက " ကျွန်တော်တို့ ဒါတွေကို မြန်မြန်ပြင်နိုင် လေလေ၊ ဒါတွေကို ရှေ့တန်းကို မြန်မြန် ပြန်ပို့ နိုင်ပြီး လူတယောက်ယောက်ရဲ့ အသက်ကို မြန်မြန် ကယ်တင်နိုင်မှာ" လို့ ပြောပါတယ်။

ဒါပေမဲ့ ပျက်ပြီးရောက်လာတာ မှန်သမျှ ပြန်မပြင်နိုင်တာကို သူဝန်ခံခဲ့ပြီး တချို့က ပျက်သွားတဲ့ အစိတ်အပိုင်းတွေကို ပြန်ရှာပြီး အစား ထိုးရမှာ၊ "မဟာမိတ်တွေဆီ ပြန်ပို့ပြီး" ပြန်တပ်ဆင် တည်ဆောက်ရမှာတွေ ရှိတယ်လို့ ပြောပါတယ်။

ယူကရိန်းတပ်တွေ ပိုပြီး လုံခြုံရေးကောင်းအောင် အနောက်တိုင်းက ထောက်ပံ့တဲ့ တင့်ကားတွေ၊ သံချပ်ကာကားတွေက လုပ်‌ဆောင်ပေး ပေမယ့် ရုရှားတွေရဲ့ မိုင်းကွင်းတွေက ဖြတ်ကျော်ရခက်နေပြီး ယူကရိန်းတို့ ရှေ့တိုးနိုင်ဖို့ အကြီးဆုံးအဟန့်အတား အဖြစ် ရှိနေတာပါ။

တောင်ပိုင်း ရှေ့တန်းခွင်ကို လှည့်သွားရင် ဗြိတိန်ထုတ် မက်စ်တစ် (Mastiff) သံချပ်ကာယာဉ်တွေလည်း ဖျက်ဆီး ခံထားရတာတွေကို တွေ့ရပါတယ်။

Maksym T64 tank commander

ဓာတ်ပုံ ရင်းမြစ်, Moose Campbell/BBC

ဓာတ်ပုံ ပုံစာ, ရှေ့တန်းမှာ တွေ့ရတဲ့ တင့်ကားတပ် တပ်မှူး မက်စင်က ရုရှား ခံစစ်က မိုင်းကွင်းတွေ အထပ်ထပ်နဲ့ ကာထားတာလို့ ပြော

မိုင်းကွင်းတွေကို ရှင်းဖို့ အခုတော့ ခေတ်ဟောင်း ဆိုဗီယက်ခေတ်က တင့်ကားတွေ ကိုပဲ အမှတ် ၄၇ တပ်မက သုံးနေရပါတယ်။ ဒါပေမဲ့ မိုင်းရှင်းရေး ကိရိယာတွေ တပ် ထားတာတောင် မြေမြှုပ်မိုင်းတွေကို လွတ်အောင်သွားရတာ အတော့်ကို ခက်ခဲ ပါတယ်။

ရှေ့တန်းစစ်မြေပြင်နားမှာ တင့်ကားတပ် တပ်မှူး မက်စင်က လောလောလတ်လတ် ထိခိုက်ထားတဲ့ သူ့ရဲ့ တီ - ၆၄ (T-64) တင့်ကားကို ပြပါတယ်။ ဒီတင့်ကားက အရှေ့မှာ ဒလိမ့်တုံး ၂ လုံး တပ်ထားပြီး မိုင်းရှိရင် ကွဲသွားနိုင်အောင် တမင် သက်သက် ပြုလုပ်ထားတာပါ။ တပ်ဖွဲ့အတွက် လမ်းကြောင်းရှင်းဖို့ သူကြိုးစားတုန်း ရှေ့က ဒလိမ့်တုံး တခု ညက မိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ပါတယ်။

"ပုံမှန်အားဖြင့်တော့ ဒီ ဒလိမ့်တုံး တလုံးက မိုင်းပေါက်တာကို ၄ လုံး အထိ ခံနိုင်ပါတယ်" လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ရုရှားတွေ က မိုင်းကို အထပ်ထပ် ချထားတဲ့အခါမှာတော့ သူတို့ရဲ့ မိုင်းရှင်းရေး ကိရိယာတွေ အဖျက်ဆီးခံခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

"မိုင်းတွေက အရမ်းများတော့ သိပ်ကို ခက်ခဲပါတယ်" လို့ မက်စင်က ပြောရင်း ရုရှား ခံစစ်မျဉ်းတွေရှေ့မှာ မိုင်းကွင်းက ၄ ထပ်မက ရှိတယ် လို့ ဆိုပါတယ်။

ယူကရိန်း စေတနာ့ဝန်ထမ်း တပ်ဖွဲ့က ဒေါ့နဲ့ သူ့ ဒရုန်းတပ်ဖွဲ့အဖို့ ဒီစစ်ပွဲကို နာနာကျင်ကျင် ဖြတ်နေရပါတယ်။

Doc, a drone pilot

ဓာတ်ပုံ ရင်းမြစ်, Moose Campbell/BBC

ဓာတ်ပုံ ပုံစာ, ရုရှားတို့က အဝေးထိန်းစနစ်နဲ့ မိုင်းတွေကို ပိုသုံးပြီး သူတို့လှုပ်ရှားမှုတွေကို နှေးသွား‌ အောင်လုပ်နေတယ်လို့ ယူကရိန်း ဒရုန်း တပ်ဖွဲ့က ဒေါ့က ပြော

ဆက်သွယ်ဖို့ နာမည်အဖြစ် ဒေါ့ လို့ အမည်ပေးထားတဲ့ သူက မနှစ်က ခါဆွန်မှာ အောင်မြင်ခဲ့တဲ့ ထိုးစစ်ဆင်တပ်တွေထဲ ပါဝင်ခဲ့တဲ့ သူပါ။ ဒါပေမဲ့ ဒီတခါပိုပြီး ကြမ်းတမ်း ခက်ခဲ တယ်လို့ ဆိုပါတယ်။ ဒီစစ်ပွဲအတွင်း အမြောက်ဒဏ်ထက်စာရင် မိုင်းကြောင့် စစ်သားတွေ ပိုပြီး ဒဏ်ရာရတာက ဒီတခါမှာ ပထမဆုံးပဲလို့ သူက ပြောပါတယ်။

ရုရှား ကတုတ်တူးမြောင်းတွေဆီကို ယူကရိန်းတပ်တွေ တိုးပြီးသွားနေတဲ့ အချိန် သူ့ ဒရုန်းတခုက ရိုက်ထားတဲ့ ဗီဒီယိုကို ဒေါ့က ကျွန်တော် တို့ကို ပြပါတယ်။

ကတုတ်မြောင်းထဲကို စစ်သားတွေ ဝင်သွားတာနဲ့ ပေါက်ကွဲတာတွေက အများကြီးပါ။ ကတုတ်မြောင်းထဲမှာ ရန်သူ တယောက်မှ မရှိပါဘူး၊ မိုင်းတွေပဲ အပြည့်ခင်း ထားခဲ့ တာပါ။

ရုရှားတပ်တွေက အဝေးထိန်းခလုပ်နဲ့ ခွဲတဲ့ မိုင်းတွေကို သုံးနေတာလို့ ဒေါ့က ပြော ပါတယ်။

"ကတုတ်မြောင်းတွေထဲ ကျွန်တော်တို့ စစ်သားတွေရောက်သွားမှ သူတို့က မိုင်းတွေကို ခွဲလိုက်တာ၊ ကျွန်တော်တို့ သူငယ် ချင်းတွေ ကျဆုံးကုန်တယ်။"

သူ့အဆို ဒီလို "လက်နက်သစ်"တွေနဲ့ ဒီလို နည်းနာသစ်တွေကို ရုရှားတွေ သုံးနေတာ ၂ ပတ် လောက် ရှိပြီလို့ ပြောပါတယ်။

ယူကရိန်းထိုးစစ်က တောင်ပိုင်းကို ထိုးရာမှာ စစ်ရေး ရည်မှန်းချက်တခု ရှိပါတယ်။ ဒါကတော့ ရုရှားတို့ သိမ်းထားတဲ့ မယ်လီတိုပိုးလ် နဲ့ မာရီယာပိုးလ်တို့ အထိ ရောက်အောင်သွားပြီး အဲဒီဘက်မှာ ခရိုင်းမီးယားကို ဆက်နေတဲ့ သိမ်းပိုက် ဧရိယာကို ကြားက ဖြတ်နိုင်ဖို့ပါ။ ဒါပေမဲ့ ရုရှားတွေက အခိုင်မာဆုံးပြင်ထားတဲ့ ခံစစ်စည်းတွေ ကို တိုက်နေရတဲ့ သဘောဖြစ်နေပါတယ်။

ဗိုလ်ချုပ်ကြီး တာနက်ဗ်စကီးက သူ့တပ်ဖွဲ့တွေဟာ "ခက်ခဲပြီး အသေအချာလုပ်ရတဲ့ အလုပ်တွေ" ကိုလုပ်နေရတယ်လို့ ပြောပါတယ်။ "ခံစစ်စည်းတွေကို ချိုးနိုင်ဖို့က စိတ်ရှည်ရှည်နဲ့ အချိန်စောင့်ရသလို ပါးနပ်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဖို့လိုတယ်" လို့ သူက ပြောပါတယ်။

ယူကရိန်းဟာ သူတို့ရန်သူတွေ တဖြည်းဖြည်း ပင်ပန်းချိနဲ့လာအောင်လုပ်မယ်လို့ သူက ပြောပါတယ်။ တပ်အင်အားတွေ လျော့သွားတာကို ရုရှားက ဂရုမစိုက်ပေမယ့် ရုရှား စစ်ရေး ဦးဆောင်မှုပိုင်းတွေကို အခုတလော ပြောင်းနေရတာက "သူတို့ သိပ် အိုကေ နေတာ မဟုတ်ဘူးဆိုတာကို ပြနေတာ" လို့ ဗိုလ်ချုပ်ကြီး တာနက်ဗ်စကီးက ပြောပါတယ်။

ယူကရိန်းရဲ့ အဓိက ထိုးစစ်ကို မစရ‌သေးဘူးလို့လည်း သူက ထပ်ဖြည့် ပြောပါတယ်။

"ဖြည်းဖြည်းပဲ ဖြစ်ချင်ဖြစ်မယ်၊ ထိုးစစ်က လုပ်နေပါပြီ၊ ပန်းတိုင်ကို သေချာပေါက် ရောက်သွားမှာပါ" လို့ သူက ပြောပါတယ်။

ဗိုလ်ချုပ် တာနက်ဗ်စကီးကို ကျွန်တော်က အနိုင်က ဘာလဲ၊ အရှုံးက ဘာလဲဆိုတာကို သိရဖို့ ဘာကို ကြည့်ပြီး ဆုံးဖြတ်ရမလဲလို့ မေးခဲ့ပါတယ်။

သူက ပြုံးရင်း "တကယ်လို့ ထိုးစစ်က အောင်မြင်နေတာ မဟုတ်ဘူးလို့ ဆိုရင် ကျွန်တော် အခုလို ခင်ဗျားနဲ့ စကားပြောနေနိုင်မှာ မဟုတ် ပါဘူး" လို့ ပြန်ဖြေပါတယ်။

Map showing the whole of Ukraine and the areas of significant recent fighting