၂၀၂၂ ကမ္ဘာ့ဖလား-လက်ရွေးစင်ဘောလုံးအသင်း ဝတ်စုံတွေ ဘာ့ကြောင့် စျေးကြီးရတာလဲ

- ရေးသားသူ, ဖာနန်ဒို ဒွာတေး
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားအသံလွှင့် သတင်းဌာန
၂၀၂၂ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲဟာ အိမ်ရှင်ကာတာနိုင်ငံအတွက် အကုန်အကျ အများဆုံးပွဲ ဖြစ်ရုံတင်မက ကမ္ဘာတလွှားက ဘောလုံးပရိသတ်တွေမှာလည်း သူတို့အားပေးတဲ့ လက်ရွေးစင်အသင်းတွေရဲ့ တရားဝင် ဘောလုံးဝတ်စုံဝယ်နိုင်ဖို့ ငွေပုံအော သုံးရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ တချို့နိုင်ငံတွေက ပရိသတ်တွေအတွက်ဆိုရင် ဘောလုံးဝတ်စုံတစုံဟာ သူတို့ တစ်လရတဲ့ အနည်းဆုံး လုပ်ခလစာရဲ့ ၃ ပုံ ၁ ပုံကျော်လောက် ရှိနေပါတယ်။
ရီယို ဒဂျနဲရိုးမြို့ မြောက်ပိုင်း ဆာအန် ပီနာရင်ပြင်က လမ်းဘေးစျေးဆိုင်တစ်ဆိုင်မှာ ဘရာဇီးအသင်း ဘောလုံးဝတ်စုံအတုတွေ ရာနဲ့ချီ ချိတ်ထားတာ တွေ့လိုက်ရတဲ့ ဘရာဇီး ဘောလုံးပရိသတ် ဂျနင်း ဂါဆီယာကတော့ နှစ်ခါပြန် မစဉ်းစားဘဲ ဝယ်ချလိုက်ပါတယ်။
ဘရာဇီးရဲ့ အဝေးကွင်းဝတ်စုံ အပြာရောင်ကို ကျွန်မရွေးဝယ်ခဲ့ပါတယ်။ အရမ်းလှလွန်းလို့ ကျွန်မ အလုပ်ကလူတွေနဲ့ သူငယ်ချင်းတွေက ကြိုက်လွန်းလှချည်ရဲ့ဆိုပြီး သူတို့အတွက်လည်း ဝယ်ပေးဖို့ ပြောနေကြတယ် လို့ အသက် ၄၂ နှစ်အရွယ် ကျောင်းဆရာမ ဂါဆီယာက ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။
ဘောလုံးဝတ်စုံအတု တစ်စုံကို ဆရာမ ဂါဆီယာက ၁၄ ဒေါ်လာ ပေးဝယ်ခဲ့ပါတယ်။ ဒါက Nike အမေရိကန်အားကစားဝတ်စုံကုမ္ပဏီက ဘောလုံးပရိသတ်တွေအတွက် တရားဝင် ထုတ်ရောင်းတဲ့ ဘောလုံးဝတ်စုံ တန်ဖိုး(၆၅ ဒေါ်လာ)ရဲ့ ၅ ပုံ ၁ ပုံပဲ ရှိပါတယ်။ အခုကျင်းပနေတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာ ဘရာဇီးလက်ရွေးစင်အသင်း ဘောလုံးသမားတွေ ဝတ်တဲ့ ဝတ်စုံမျိုးကတော့ ဒေါ်လာ ၁၃၀ လောက် ပေးရမှာပါ။ လက်ရှိမှာ ဘရာဇီးနိုင်ငံမှာ တစ်လ အနည်းဆုံးလုပ်ခလစာက ၂၂၅ ဒေါ်လာလောက် ရှိပါတယ်။ ဘောလုံးပရိသတ်အတွက် စျေးသက်သက်သာသာနဲ့ ထုတ်ရောင်းပေးတဲ့ တရားဝင် ဘောလုံးဝတ်စုံက အဲဒီလစာရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး ရှိနေပြီး ဘောလုံးသမားတွေဝတ်တဲ့ တကယ့်ဝတ်စုံကတော့ စျေးပိုကြီးပြီး အဲဒီလစာရဲ့ ၅၈ ရာခိုင်နှုန်းလောက် ရှိပါတယ်။
စျေးတွေထိုးတက်
"ဘောလုံးဝတ်စုံတွေက ကျွန်မတို့အတွက် ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်လာနေပြီ"လို့ ဂါဆီယာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စက်တင်ဘာလထုတ် ဘရာဇီး စီးပွားရေးမဂ္ဂဇင်း Exame ပါ ဆောင်းပါးတစ်ပုဒ်ထဲမှာ နောက်ဆုံးပေါ် ဒီဇိုင်းသစ် ဘရာဇီးဘောလုံးဝတ်စုံတွေကို ကမ္ဘာ့ဖလားပွဲမတိုင်ခင် ကြိုထုတ်ရောင်းခဲ့ရာမှာ လွန်ခဲ့တဲ့ လေးနှစ် ကမ္ဘာ့ဖလားပွဲတုန်းက စျေးထက် ၄၀ ရာခိုင်နှုန်း တက်သွားတယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ၅ ကြိမ် ဖြစ်ခဲ့ဖူးတဲ့ ဘရာဇီးဘောလုံး အသင်းဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာ အောင်ပွဲခံခဲ့ပြီးကတည်း ခြေစွမ်းမပြနိုင်တော့ဘဲ ကွာတာဖိုင်နယ်အဆင့်ကနေ မတက်နိုင်ဘဲ ဖြစ်နေပေမယ့်လည်း ဘရာဇီးဘောလုံးဝတ်စုံ စျေးတွေကတော့ အခုလို ထိုးတက်သွားခဲ့တာပါ။
ဒါပေမဲ့ ဘောလုံးဝတ်စုံစျေးတွေ မတရားထိုးတက်သွားလို့ မကျေမနပ် ဖြစ်ခဲ့ရတဲ့ နိုင်ငံတွေက ဘရာဇီးတစ်နိုင်ငံတည်း မဟုတ်ပါဘူး။
မျိုးဆက်တစ်ဆက်အတွင်း အဆိုးဝါးဆုံး စီးပွားရေး အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရတဲ့ အင်္ဂလန်နိုင်ငံမှာဆိုရင်လည်း ဘောလုံးပရိသတ်တွေအတွက် ထုတ်တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲ အင်္ဂလန်ဘောလုံးဝတ်စုံတွေက ထုတ်ခဲ့ဖူးသမျှထဲမှာ စျေးအကြီးဆုံး ဖြစ်ပြီး တစ်စုံကို ၈၅ ဒေါ်လာလောက် ရှိနေပါတယ်။ အရင်ဘောလုံးဝတ်စုံတွေ စျေးတက်ခဲ့တုန်းကလည်း ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန် အပါအဝင် နိုင်ငံရေးသမားတွေဆီက ဝေဖန်ပြောဆိုမှုတွေနဲ့ ကြုံခဲ့ရပါတယ်။
အရမ်းကို စျေးကြီးလွန်းပါတယ်။ နောက်ဆုံးထွက်တဲ့ ဘောလုံးဝတ်စုံ ဝယ်ပေးနိုင်ဖို့ မိဘတွေက ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကို အခွင့်အရေး မယူသင့်ပါဘူး လို့ ၂၀၁၄ ခုနှစ်က မစ္စတာ ကင်မရွန်က ဘီဘီစီကို ပြောခဲ့ပါတယ်။
ပြင်သစ်နိုင်ငံက ဘောလုံးပရိသတ်တွေကတော့ အခုကမ္ဘာ့ဖလားပွဲ ပြင်သစ်ဘောလုံးဝတ်စုံသစ် တစ်စုံကို ၉၃ ဒေါ်လာလောက် ပေးရဖို့ ရှိနေပါတယ်။ အင်္ဂလန်အသင်းအတွက်ရော၊ ပြင်သစ်အသင်းအတွက်ပါ ဘောလုံးဝတ်စုံတွေကို Nike ကုမ္ပဏီက ထုတ်လုပ်တာပါ။
ဒါပေမဲ့ တခြားကမ္ဘာ့နိုင်ငံတွေနဲ့ စာရင် ဒီနိုင်ငံတွေက ဘောလုံးပရိသတ်တွေအတွက်ကတော့ သိပ်မထောင်းတာလှဘူးလို့ ဆိုရမှာပါ။ အင်္ဂလန်မှာက တစ်နာရီကို အနည်းဆုံး လုပ်ခလစာက ၁၁ ဒေါ်လာခွဲလောက် ရှိပြီး တစ်လကို အနည်းဆုံးလုပ်ခလစာက ဒေါ်လာ ၁၇၅၀ လောက် ရှိပါတယ်။ ပြင်သစ်မှာလည်း တစ်လ အနည်းဆုံးလုပ်ခလစာက ဒေါ်လာ ၁၄၀၀ လောက် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါနာလို နိုင်ငံမျိုးမှာတော့ ဒီလိုဝတ်စုံမျိုး ဝယ်ဖို့ မတတ်နိုင်ကြပါဘူး။ ဒါ့ကြောင့်လည်း အခုနှစ် ကမ္ဘာ့ဖလားပွဲအတွက် ကြယ်နက်များလို့ အမည်ပေးထားတဲ့ ဂါနာလက်ရွေးစင် ဘောလုံးအသင်း ဝတ်စုံတစ်စုံကို ၉၄ ဒေါ်လာနဲ့ Puma ဂျာမန်ကုမ္ပဏီက ရောင်းမယ်ဆိုတဲ့ သတင်းကြောင့် အခုနှစ်အစောပိုင်းက ဂါနာဘောလုံးပရိသတ်တွေ လူမှုကွန်ရက်ပေါ်ကနေ မကျေမနပ် ထုတ်ဖော် ပြောခဲ့ကြပါတယ်။
"ဝတ်စုံအတုရော မထွက်သေးဘူးလား" လို့ တစ်ယောက်က မေးထားတာ တွေ့ရပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
လောလောဆယ် အာဖရိက ဂါနာနိုင်ငံမှာ တရားဝင် အနည်းဆုံး လုပ်ခလစာက တစ်နာရီကို အမေရိကန်ငွေ ၉၅ ပြား၊ တစ်လကို ၁၄၅ ဒေါ်လာ ရှိတယ်လို့ ဂါနာ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိ အာဖရိကချန်ပီယံ ဆီနီဂေါနိုင်ငံမှာတော့ ကိုယ့်နိုင်ငံရဲ့ လက်ရွေးစင်အသင်းကို အားပေးတဲ့အနေနဲ့ Puma ကုမ္ပဏီကထုတ်တဲ့ ဆီနီဂေါ ဘောလုံးအသင်း ဝတ်စုံအစစ်ကိုပဲ ဝယ်ကြဖို့ ဆီနီဂေါဘောလုံးအသင်းချုပ်က ပန်ကြားထားတဲ့ကြားက ဒကာမြို့တော် လမ်းတွေပေါ်မှာ ဝတ်စုံအတုတွေ အကြီးအကျယ် ရောင်းကောင်းနေခဲ့ပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ ဆီနီဂေါ လက်ရွေးစင်ဘောလုံးအသင်းရဲ့ တရားဝင်ဝတ်စုံကို ၇၁ ဒေါ်လာနဲ့ ရောင်းပါတယ်။ ဒီငွေက တစ်နာရီ အနည်းဆုံးလုပ်ခလစာ ဒေါ်လာ ၅၂ ပြားရတဲ့ ဆီနီဂေါနိုင်ငံရဲ့ တစ်လစာဝင်ငွေ ၇၉ ဒေါ်လာရဲ့ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ညီမျှပါတယ်။
"တရားဝင်ထုတ်တဲ့ ဘောလုံးဝတ်စုံအစစ်က အရမ်းကို စျေးကြီးလွန်းပါတယ်။ ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ဒီကလူတွေမှာက ဒီလောက်ကြီး ပေးဝယ်ဖို့ ပိုက်ဆံ မတတ်နိုင်ကြဘူး"လို့ လမ်းဘေးမှာ ဘောလုံးဝတ်စုံတုတွေ ချရောင်းတဲ့ ဆီနီဂေါ စျေးသည် မာလစ်ခ်က Radio France International သတင်းဌာနကို ပြောပြပါတယ်။
ကျွန်တော့်ဆီမှာ လာဝယ်တဲ့ ဖောက်သည်တွေ ပိုပိုများလာတယ် လို့ သူကပြောပါတယ်။ ဆီနီဂေါအသင်း ရှုံးထွက်အဆင့်ရောက်ဖို့ သူမျှော်လင့်ထားတယ်၊ ဒါမှ ဘောလုံးဝတ်စုံတွေ သူစျေးတင်ရောင်းနိုင်မှာ လို့လည်း မာလစ်ခ်က ပြောပါတယ်။
ဘောလုံးဝတ်စုံ စီးပွားရေး
ဘောလုံးဝတ်စုံ တစ်ခုတည်း ထုတ်ဖို့က အရမ်းစျေးကြီးလှတာ မဟုတ်ပါဘူး။ တစ်ထည်ကို ၁၀ ဒေါ်လာတောင် မကျဘူးလို့ ဘာစလိုးနားမြို့ Johan Cruyff Institute တက္ကသိုလ်ရဲ့ အားကစားစီမံခန့်ခွဲရေးဌာနက ကထိက ရစ်ချတ် ဒန်တန် က တွက်ကြည့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"နောက်ဆုံးသတ်မှတ်စျေးက မတန်တဆ ကြီးနေတာကတော့ သေချာပါတယ်။ ဒီလိုစျေးတင်စရာ ဘာအကြောင်းမှ မရှိဘူးလို့ တစ်ယောက်ယောက်က စောဒက တက်နိုင်တာပေါ့။" လို့ ဒန်တန်က ပြောပါတယ်။
"ဒါပေမဲ့ နောက်ဆုံးစျေးသတ်မှတ်ရာမှာ ကုန်ကျစရိတ်တွေ၊ ရင်းထားရတာတွေလည်း ထည့်တွက်ရတော့ လူတစ်ယောက်အတွက် မတန်ဘူးလို့ မြင်တဲ့ စျေးနှုန်းဟာ တခြား တစ်ယောက်အတွက်ကျတော့ တန်နေပြန်ပါတယ်။"
ဘောလုံးအားကစား စီးပွားရေးကို အထူးပြုလေ့လာတဲ့ စီးပွားရေးပညာရှင် ဆီဆာ ဂရက်ဖီယက်တီ က ဘောလုံးဝတ်စုံတစ်စုံရဲ့ နောက်ဆုံးစျေးနှုန်းဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုပဲ အဓိကထား တွက်တာ မဟုတ်ဘဲ ဆောင်ရတဲ့အခွန်ငွေတွေနဲ့ သယ်ယူပို့ဆောင်ခတွေကိုပါ ထည့်တွက်ရတယ်လို့ ပြောပါတယ်။ သယ်ယူပို့ဆောင်ခက အထိနာဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
အထောက်အပံ့ပစ္စည်းတွေ ပိတ်ဆို့ ရပ်တန့်သွားစေခဲ့တဲ့ ကိုဗစ်ကပ်ဘေးကြီးနဲ့ ကမ္ဘာတဝန်း လောင်စာဆီစျေးတွေ တက်စေခဲ့တဲ့ ယူကရိန်းစစ်ပွဲတွေကြောင့် ဒီကုန်ကျစရိတ်တွေက ပိုတိုးလာခဲ့ပါတယ်။
"အဝတ်အထည် ကုမ္ပဏီတွေအနေနဲ့ ဘောလုံးဝတ်စုံတွေ ထုတ်ခွင့်ရဖို့အတွက် ထိပ်တန်း ကလပ်အသင်းတွေ၊ လက်ရွေးစင်အသင်းအဖွဲ့ချုပ်တွေကို ငွေတစ်လုံးတခဲကြီး ပေးရတဲ့အတွက် တကယ်တမ်းမှာ ဘောလုံးဝတ်စုံ ရောင်းတာကနေ အမြတ်အကြီးအကျယ် မရကြပါဘူး။" လို့ ဂရက်ဖီယက်တီ က ပြောပါတယ်။
နာမည်ကြီးအသင်းတွေရဲ့ ဘောလုံးဝတ်စုံတွေ ထုတ်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းကြ
Nike နဲ့ သူ့ရဲ့ ပြိုင်ဘက် Adidas တို့လို ကုမ္ပဏီကြီးတွေက သူတို့ထုတ်တဲ့ ဝတ်စုံတွေကို နာမည်အကြီးဆုံးအသင်းတွေ ဝတ်ဖို့ အပြိုင်အဆိုင် အစွမ်းကုန် လုပ်ကြပါတယ်။
အခုနှစ် ကမ္ဘာ့ဖလားပွဲမှာ Nike က လက်ရွေးစင်အသင်း ၃၂ သင်းထဲက ၁၃ သင်းအတွက် ဝတ်စုံတွေ ထုတ်ခဲ့ပြီး Adidas ကလည်း ကမ္ဘာ့ဖလား ၄ ကြိမ် ချန်ပီယံ ဂျာမနီ လက်ရွေးစင်အသင်း၊ ၂ ကြိမ် ချန်ပီယံ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ လူကြိုက်များတဲ့ စပိန် လက်ရွေးစင်အသင်း အပါအဝင် အသင်း ၇ သင်းအတွက် ဝတ်စုံတွေ ထုတ်ခဲ့ပါတယ်။
အာဂျင်တီးနား၊ ဘရာဇီး၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ စပိန်စတဲ့ ကမ္ဘာ့ဖလားပွဲရဲ့ နာမည်ကြီးအသင်းတွေအတွက် ဝတ်စုံတွေ ထုတ်ခဲ့ကြတဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေက အဲဒီအသင်း အဖွဲ့ချုပ်တွေအတွက် တစ်နှစ်ကို စုစုပေါင်း ဒေါ်လာ ၂၇၅ သန်း ပေးခဲ့တယ်လို့ SportsPro Media အားကစား စီးပွားရေး ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"တကယ်လို့ Adidas ဒါမှမဟုတ် Nike လို ကုမ္ပဏီကြီးတွေ အနေနဲ့ ဒီဘောလုံးအသင်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေ ပြန်မရဘူးဆိုရင် ဒီကုမ္ပဏီတွေမှာ အစုရှယ်ယာ ထည့်ဝင်ထားသူတွေက ကြိုက်ကြမှာ မဟုတ်တာ သေချာပါတယ်"လို့ ဒန်တန်က ထောက်ပြပါတယ်။
"ဒါပေမဲ့ ကိုယ်ဝယ်မယ့် ဘောလုံးဝတ်စုံက စျေးကြီးသလား၊ စျေးမကြီးဘူးလား ဆိုတာ ကျွန်တော်တို့ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ကြရမှာပါ။ ဒါ့ကြောင့် တချို့က စျေးပေါတဲ့ ဝိုင်ကို သောက်ကြပြီး တချို့က စျေးကြီးတဲ့ ဝိုင်ကို သောက်ကြတာပေါ့"
Adidas၊ Puma နဲ့ Nike ကုမ္ပဏီတို့ကို ဘီဘီစီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ Adidas ကုမ္ပဏီတစ်ခုတည်းကပဲ စာရေးအကြောင်းပြန်ခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံး သတ်မှတ်စျေးက ဘောလုံးဝတ်စုံမှာသုံးတဲ့ ချည်ထည်ရဲ့ အရည်အသွေးနဲ့ တာရှည်ခံနိုင်စွမ်းကို ထင်ဟပ်ပြနေပါတယ်လို့ Adidas ကုမ္ပဏီရဲ့ အကြောင်းပြန်ချက်မှာ ဖော်ပြထားပါတယ်။
"Adidas ကုမ္ပဏီက ထုတ်တဲ့ ဘောလုံးဝတ်စုံတွေဟာ ကွင်းထဲမှာ ဘောလုံးသမားတွေ ဝတ်တဲ့ ချည်ထည်အရည်အသွေးအတိုင်း တစ်ပုံစံတည်း ထုတ်ထားတာ ဖြစ်ပြီး ဘောလုံးပရိသတ်တွေ နှစ်ပေါင်းများစွာ ဂုဏ်ယူဝင့်ကြွားစွာ ဝတ်နိုင်ဖို့ ဒီဇိုင်းထွင် ထုတ်ထားတာ ဖြစ်ပါတယ်။ ဝတ်စုံ တန်ဖိုးစျေးနှုန်းကလည်း တစ်သက်လုံး တာရှည်ခံမှု၊ စွမ်းဆောင်ရည် တီထွင်ဖန်တီးမှု အဆင့်ကို ဖော်ပြနေပါတယ်။"
လက်မလည်အောင် ရောင်းနေရ
ဂျနင်း ဂါဆီယာနဲ့ သူ့သူငယ်ချင်းတွေက တရားဝင်ထုတ်တဲ့ ဘောလုံးဝတ်စုံဆိုင်တွေနားကို ယောင်လို့တောင် မကပ်ကြပါဘူး။ ဒါပေမဲ့ တရားဝင် ဘောလုံးဝတ်စုံတွေ ဒီလောက်တောင် စျေးခေါင်ခိုက်နေတာကို ဂရုမစိုက်တဲ့သူတွေ ရှိနေပါတယ်။ ဘရာဇီး လက်ရွေးစင် ဘောလုံးအသင်း ဝတ်စုံတစ်ထည်ရဲ့ စျေးက ၄၀ ရာခိုင်နှုန်း ထိုးတက်သွားတယ်လို့ ပြောတဲ့ Exame မဂ္ဂဇင်းထဲက ဆောင်းပါးထဲမှာပဲ Nike ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေက အခုနှစ် ကာတာ ကမ္ဘာ့ဖလားပွဲအတွက် ဘောလုံးဝတ်စုံဟာ Nike ကုမ္ပဏီနဲ့ ဘရာဇီး ဘောလုံးအသင်းချုပ် အကြား စီးပွားဖက်စပ်လုပ်ကိုင်ခဲ့တဲ့ ၂၆ နှစ်တာ ကာလအတွင်း အရောင်းရဆုံး ဖြစ်တယ်လို့ ပြောကြောင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဂါဆီယာကတော့ ဒီဝတ်စုံအစစ်ကို ဝယ်မှာမဟုတ်ပါဘူး။
"ဒီဝတ်စုံအစစ်တွေကို ဘယ်သူတွေ ဝယ်ကြမလဲဆိုတာ သိချင်လိုက်တာ၊ ပိုက်ဆံရှိတဲ့သူ တော်တော်များများကတော့ စရိတ်ချွေတာတဲ့အနေနဲ့ ရှုံးထွက်အသင်းတွေရဲ့ ဝတ်စုံတွေကို ဝယ်ကြလိမ့်မယ်"လို့ သူကပြောပါတယ်။
"ဒီဝတ်စုံတွေက ဒီဇိုင်နာအိတ်တို့၊ အဝတ်တို့လို အမြဲတမ်း ဝတ်မယ့် အဝတ်မျိုးတွေ မဟုတ်ဘူးလေ"








