၃၇၇(က)- လိင်တူလက်ထပ်ခွင့်တောင်းဆိုမှုက စင်ကာပူ LGBT အခွင့်အရေး စစ်မျက်နှာသစ်ဖြစ်လာ

    • ရေးသားသူ, တက်ဆာဝေါင်း
    • ရာထူးတာဝန်, အာရှဒစ်ဂျစ်တယ် သတင်းထောက်၊ ဘီဘီစီ သတင်း

စင်ကာပူနိုင်ငံသား လိင်တူချစ်သူအုပ်စုတွေနဲ့ သူတို့ သူငယ်ချင်းတွေ အစိုးရတီဗီကနေ ထုတ်လွှင့်မယ့် သမိုင်းဝင်ထုတ်ပြန် ကြေညာချက်တစ်ခုကို စောင့်ကြည့်ဖို့ တနင်္ဂနွေညက စုရုံးခဲ့ကြပါတယ်။

အငြင်းပွားဖွယ်ရာ ဥပဒေ ပုဒ်မ တစ်ခုဖြစ်တဲ့ လိင်တူချင်း လိင်ဆက်ဆံခွင့်ကို တားမြစ်ပိတ်ပင်ထားတဲ့ ပုဒ်မ ၃၇၇(က) ကို ရုပ်သိမ်းလိုက်ပြီလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက တီဗီကနေ ကြေညာခဲ့ပါတယ်။

အဲဒီသတင်းကြားပြီးတဲ့အချိန်မှာ အများစုက ရောင်စုံသက်တံအလံတွေကို ဝှေ့ယမ်းပြီး အောင်ပွဲခံ ကြွေးကြော်ခဲ့ကြပါတယ်။ ဒါပေမယ့် စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရဲ့ နောက်ဆက်တွဲကြေငြာချက်တစ်ခုကို ကြားလိုက်ရတဲ့အချိန်မှာတော့ အပျော်တွေကနေ မသေချာ မရေရာမှုတွေ၊ စိတ်ပျက်မှုတွေ ခံစားရလိုက်ပြီး ဒေါသတွေ ချက်ချင်း ထွက်ကုန်ကြပါတယ်။

စင်ကာပူနိုင်ငံသားအများစုက "ချက်ချင်းပြောင်းလဲမှု" ကို မလိုလားတာကြောင့် သူ့အစိုးရက လက်ထပ်ခြင်းဆိုတာ အမျိုးသားနဲ့ အမျိုးသမီးကြားမှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကိုလည်း "ကာကွယ်စောင့်ထိန်း" သွားမှာ ဖြစ်တယ်လို့ ပြောတဲ့အတွက် အခုအချိန် လိင်တူချင်းလက်ထပ်ခွင့်ကို ငြင်းပယ်လိုက်ပြီး ဖြစ်သွားပါတယ်။

အဲ့ဒါကြောင့် စင်ကာပူနိုင်ငံသားအချို့က လိင်တူချင်းလိင်ဆက်ဆံတာာကို အရေးမယူတော့ဘူးဆိုတဲ့ အထင်ကရ ဆုံးဖြတ်ချက်ကို အောင်ပွဲခံ ဂုဏ်ပြုနေကြသလို LGBT အခွင့်အရေးတိုက်ပွဲမှာလည်း ရှေ့တန်းစစ်မျက်နှာ အသစ်တစ်ခု ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။

အာဏာပိုင်တွေက ဒေသတွင်းမီဒီယာတွေကို သူတို့အခြေခံဥပဒေကို ပြင်ဖို့ လိုနိုင်ပြီး ဒီလိုပြင်ဆင်ခြင်းအားဖြင့် လက်ထပ်ခြင်းဆိုတာကို ပြန်သတ်မှတ်ဖို့ လွှတ်တော်တစ်ခုတည်းမှာပဲ အာဏာရှိလာမယ်လို့ ပြောပါတယ်။

ဒီလိုဆိုရင် လိင်တူလက်ထပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘယ်လို ဆုံးဖြတ်မှုမျိုးမဆို အစိုးရလက်ထဲမှာ ရောက်သွားမှာ ဖြစ်ပြီး တရားရုံးတွေနဲ့ မဆိုင်တော့ဘဲ ဖြစ်သွားပါမယ်။

လိင်တူချင်း လက်ထပ်ရေးဟာ မူဝါဒ အခြေခံအားဖြင့် နိုင်ငံရေးနဲ့ဆိုင်တဲ့အရေးအရာဖြစ်ပြီး ဥပဒေရေးမဟုတ်တဲ့အတွက် အဲဒီလို လုပ်ဖို့လိုအပ်တယ်လို့ သူက မိန့်ခွန်းထဲမှာ ပြောပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပိုခက်ခဲတာကြောင့် လိင်တူအချင်းချင်း လက်ထပ်ပေါင်းသင်းဖို့ တရားဝင်ခွင့်ပြုဖို့ လမ်းပိတ်သွားတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူ တွေက ထောက်ပြကြပါတယ်။

အမေရိကန်လို အချို့နိုင်ငံတွေမှာဆိုရင် လိင်တူချင်း လက်ထပ်တာက တရားရုံးတွေရဲ့ အထင်ကရဆုံးဖြတ်ချက်တွေက တစ်ဆင့် လက်တွေ့ဖြစ်လာနေပါပြီ။

"မတူညီတဲ့ ဆန္ဒတွေကြား ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်ဖို့ အစိုးရက ဝင်လုပ်ပေးဖို့ လိုအပ်နေတယ် " လို့ စင်ကာပူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေပညာရှင် ဆူအန်း ဝီဂျာယာက ပြောပါတယ်။

" LGBT အသိုင်းအဝိုင်းကို အစိုးရက တစ်ခုခုလုပ် ပေးချင်ပေမယ့် ‌ရှေးရိုးဆွဲ ကွန်ဆာဗေးတစ်တွေရဲ့ သဘောထားကိုလည်း ပစ်ပယ်လို့မရဘူး။ ကွဲလွဲမှုတွေ ဖြစ်လာနိုင်တဲ့အတွက် 'ငါအနိုင်ရပြီး မင်းရှုံးတယ်' ဆိုတဲ့ အခြေအနေမျိုး သူတို့က မဖြစ်စေချင်ဘူး။"

ဒီကြေညာချက်ထုတ်ပြန်ရတာနဲ့ပတ်သက်ပြီး နှစ်ဖက်လုံးမှာ သဘောထားကွဲ လွဲမှုတွေရှိ နေပါတယ်။ LGBT အသိုင်းအ၀ိုင်းထဲက အချို့ကို စိတ်ပျက်မှုတွေ ဖြစ်စေသလို ရှေးရိုးဆန်တဲ့ အသိုင်းအဝိုင်းထဲကလူတွေကလည်း ဒီပြုပြင်ပြောင်းလဲမှုက မလုံလောက်ဘူးလို့ ခံစားမှု တွေဖြစ်စေပါတယ်။

မကြာခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ ဆိုရင်လည်း လိင်တူချင်းလက်ထပ်တာကို သိသိ သာသာ ဆန့်ကျင်မှုတွေရှိတယ်ဆိုတာ စင်ကာပူနိုင်ငံသား ထက်ဝက်နီးပါးရဲ့ သဘောထားကို လေ့လာခဲ့မှုအရ တွေ့ခဲ့ရပေမယ့် အဲ့ဒီရာခိုင်နှုန်းက ကျဆင်းနေပါတယ်။

အထူးသဖြင့် တနင်္ဂနွေနေ့က ကြေညာချက်ကို ဝမ်းနည်းဝမ်းသာခံစားခဲ့ကြတဲ့ LGBT အသိုင်းအဝန်းက အသက်ကြီးတဲ့သူတွေကတော့ ဒီပြောင်းလဲမှုကို အရေးပါတဲ့ အပြောင်းအလဲတစ်ခု လို့ လက်ခံထားကြပါတယ်။

သူတို့အတွက်ကတော့ ဒီအပြောင်းအလဲဟာ တန်ဖိုးထားလက်သင့်ခံရမယ့်ကိစ္စ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်ကဆို LGBT အခွင့်အရေးတွေနဲ့ပတ်သက်ပြီး စင်ကာပူမှာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင် တားမြစ်ခံခဲ့ရပါတယ်။

လိင်တူချစ်သူတွေရဲ့ ကလပ်တွေနဲ့ စုဝေးပွဲတွေကိုဆို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့လေ့ရှိပြီး ဒီနေ့အချိန်အထိလည်းလိင်တူဆက်ဆံခြင်းကို မြှင့်တင်အားပေးတယ်လို့ ယူဆတဲ့ တီဗီရှိုးတွေ၊ ရုပ်ရှင်တွေကို ပိတ်ပင်ထားတွေ လုပ်နိုင်တဲ့ သဘောရှိပါတယ်။

"ကျွန်တော်တို့ အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်တစ်ခု လို့ပြောလို့ရတယ်။ ဒါက ခရီးတစ်ခုရဲ့ အစလို့ မျှော်လင့်တယ်။ ငါတို့ အကြာကြီး ထိန်းချုပ်ခံထားရတယ်လို့ ခံစားစရာ မလိုတော့ဘူး " လို့ အသက် ၄၄ နှစ်အရွယ် မန်နေဂျာ ဂျယ်ရမီ ဂိုပါလန်က ပြောပါတယ်။

ဒါပေမယ့် တခြားသူတွေအတွက်တော့ တနင်္ဂနွေနေ့က ကြေငြာချက်ဟာ အောင်ပွဲကြီးတစ်ခုပါ။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းက LGBT အခွင့်အရေး တိုးတက် မှုတွေကို အဆုံးစွန်ထိ နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။

စင်ကာပူရဲ့ မူဝါဒအများစုက အစဥ်လာကိုလက်ခံတဲ့ သမားရိုးကျ မိသားစုတွေကိုပဲ အခွင့်ထူးတွေ ပေးတာကြောင့် လိင်တူချင်းလက်ထပ်တဲ့ကိစ္စက အချို့သူတွေအတွက် အဓိက ပန်းတိုင် တစ်ခုအဖြစ် ရှိနေပါသေးတယ်။

ဥပမာတစ်ခုက စင်ကာပူ နိုင်ငံသားအများစုနေထိုင်တဲ့ အစိုးရအိမ်ရာတွေမှာပါ။ အစိုးရက နိုင်ငံသားတွေကို အထူးလျှော့စျေးနဲ့ အိမ်ခန်းအသစ်တွေဝယ်ယူခွင့် ပြုထားပါတယ်။ ဒါပေမယ့် အဲ့လိုဝယ်ခွင့်ရဖို့ အိမ်ထောင်သည်ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် အိမ်ထောင်မရှိဘဲ တစ်ဦးတည်းဆိုရင်လည်း အသက် ၃၅ နှစ်နဲ့အထက် ဖြစ်ဖို့လိုအပ်ပါတယ်။

တရားဝင်လက်မထပ်ထားတဲ့ လိင်တူစုံတွဲတွေအနေနဲ့ အထူးလျှော့စျေးနဲ့ အိမ်ဝယ်ခွင့် မရသလို စင်ကာပူနိုင်ငံရဲ့ လူနေမှုဘဝထဲမှာ အခွင့်အရေးမရသူတွေအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

"ပုဒ်မ ၃၇၇(က)ကို ဖျက်သိမ်းလိုက်တာက လွတ်လပ်ခွင့်အတွက် ပျော်ရွှင်ဖွယ် အခိုက်အတန့်ကလေးပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဥပဒေအရ လိင်အုပ်စု လူနည်းစုအပေါ် ခွဲခြားဆက်ဆံမှုတစ်ခုလို ဖြစ်လာမယ်" လို့ စင်ကာပူက စာရေးဆရာ မိုနီဇာဟူစိန်းကလည်း တွစ်တာမှာ ရေးထားပါတယ်။

ဒါပေမယ့် ကွန်ဆာဗေးတစ်အုပ်စုအများစုက အစိုးရရဲ့ ဒီအပြောင်းအလဲကို မကျေနပ်ကြပါဘူး။

ရိုးရာတန်ဖိုးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စည်းရုံးလှုံ့ဆော်နေတဲ့ အဖွဲ့ Protect Singapore က စင်ကာပူကို ကျယ်ကျယ်ပြန့်ပြန့်ကာကွယ်ဖို့ အားနည်းချက်တွေရှိနေသေးတယ်လို့ ပြောပါတယ်။

အခြေခံဥပဒေပြင်ဆင်ချက်က မလုံလောက်မှာစိုးလို့ သူတို့က အခြေခံဥပဒေထဲမှာ လက်ထပ်ထိမ်းမြားခြင်းဆိုတာ လိင်မတူသူတွေကြား ပေါင်းစည်းတာပဲ ဖြစ်ရမယ်လို့ ထည့်ဖို့ တောင်းဆိုနေပါတယ်။

"ရုပ်သိမ်းလိုက်မယ်ဆိုရင် ဒိုမီနို ဆင့်ကဲအကျိုးသက်ရောက်မှု ဖြစ်လာမှာ စိုးရိမ်လို့ အဲဒီ ဆက်တိုက်ဆင့်ကဲသက်ရောက်မှုတွေ ထပ်မဖြစ်သွားစေဖို့ အခုအချိန်မှာ သူတို့က လုပ်ဆောင်နေတယ်" လို့ ISEAS-Yusof Ishak Instituteက လူမှုဗေဒပညာရှင် တယ်ရန့် ချောင်က ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဒီရိုးရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ပြဋ္ဌာန်းထားရင်တောင်မှ သူတို့ လုံး၀ ပျော်ရွှင်နိုင်မယ် မထင်ဘူး။ အခုလို ရုပ်သိမ်းလိုက်တာဟာ LGBT အသိုင်းအဝန်းကို အလျှော့ပေးတာလို့ မြင်တယ်၊ ဒါကြောင့် ဆန့်ကျင်လာတာပါ။"

LGBTအဖွဲ့တွေက ရှေးရိုးစွဲဝါဒီတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောခြင်းမပြုဖို့ အစိုးရကို တိုက်တွန်းထား ပြီးသားပါ။ ပူးတွဲထုတ်ပြန်ချက်တစ်ခုမှာလည်း "နောက်ထပ် ခွဲခြားဆက် ဆံမှုတွေကို အမြင့်ဆုံးဥပဒေထဲထည့်ပြီး အကာအကွယ်ပေးပါ"လို့ သတိပေးထားတာ ရှိပါတယ် ။

စင်ကာပူ ထိပ်တန်း၀န်ကြီးတစ်ဦးကလည်း တနင်္လာနေ့ညက ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ လက်ထပ်ခြင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထည့်သွင်းဖို့ကိစ္စက သူတို့ရည်ရွယ်ချက် မဟုတ်ဘူးဆိုပြီး အဲ့ဒီအယူဆကို ပယ်ချခဲ့ပါတယ်။

ပုဒ်မ ၃၇၇(က)ကို ရုပ်သိမ်းတာဟာ "တန်းတူညီမျှမှု အပြည့်အဝရရှိရေး လမ်းကိုသွားမယ့် ပထမခြေလှမ်း" လို့ LGBT အရေး တက်ကြွလှုပ်ရှားသူတွေကသဘောထားနေကြပါတယ်။ ပြီးတော့ အိမ်၊ ကျောင်း၊ အလုပ်ခွင်၊ အိမ်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ခွဲခြား ဆက်ဆံနေတာတွေကို တိုက်ဖျက်သွားဖို့ သူတို့အနေနဲ့ ချက်ခြင်း အာရုံစိုက် သွားကြမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူတို့ကို ဆန့်ကျင်သူတွေက စုဝေး ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ ကတိပြုထားကြပြီး သူတို့ကို ထောက်ခံသူတွေကို လွှတ်တော်အမတ်တွေကို စည်းရုံးဖို့ တိုက်တွန်းထားပါတယ်။

အဲ့ဒါတွေအားလုံးကို ကြည့်လိုက်ရင် ရှေ့မှာ ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခတွေရှိလာနိုင်တဲ့ သဘော ရှိပါတယ်။အရင်က အမည်စာရင်းတင်သွင်းခံခဲ့ရတဲ့ လွှတ်တော်အမတ်ဟောင်း Siew Kum Hong က စင်ကာပူဟာ ဥပဒေဖျက်သိမ်းတာနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး နှစ်ခုစလုံးကို အတည်ပြုဖို့ ကြိုးစား ပြင်ဆင်နေချိန် လာမယ့် လတွေအတွင်းမှာ ပဋိပက္ခတွေ ပိုတိုးလာဖို့ရှိတယ်လို့ သတိပေးခဲ့ပါတယ်။

ဥပမာအားဖြင့် "LGBT တွေရဲ့ ဘဝကို ပိုဆိုးသွားစေနိုင်တဲ့ အမုန်းစကားတွေနဲ့ ကန့်သတ်ထားတဲ့ အရာတွေ၊ လူတချို့ဆီက LGBTတွေကို ပိုမုန်းတီးမှုတွေ " ရှိလာမယ်လို့ ပါလီမန် မှာ အရင်က LGBT အရေးကို ထောက်ခံအားပေးခဲ့သူ Mr Siewက ပြောပါတယ်။

လိင်တူဆက်ဆံတာကို တရားဝင်ခွင့်ပြုလိုက်တဲ့ကိစ္စဟာ သမိုင်းတစ်လျှောက် ဒီကိစ္စကို ရှက်စရာ ကိစ္စကြီးတစ်ခု အဖြစ် လူအများက မြင်နေတာတွေကို ရပ်တန့်သွားနိုင်လိမ့်မယ်လို့ စင်ကာပူက မျှော်လင့်ထားနိုင်ပါတယ်။

ဒါပေမယ့် သေချာတာကတော့ LGBT ခွဲခြားဆက်ဆံခံရမှု ပြဿနာကို ဖြေရှင်းဖို့ ဝေးကွာနေသေး တဲ့ စင်ကာပူနိုင်ငံမှာ အယူဝါဒပွတ်တိုက်မှု ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်သလို ဖြစ်သွားပါပြီ။