စားသောက်ကုန်အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းကြပုံ

အမေရိကန်ကကျောင်းတွေရဲ့ မနက်စာမှာ အာဟာရပြည့်ဝတဲ့အစားအစားတွေ ဝယ်ယူရခက်ခဲလာ

ဓာတ်ပုံ ရင်းမြစ်, Ben Gray

ဓာတ်ပုံ ပုံစာ, အမေရိကန်ကကျောင်းတွေရဲ့ မနက်စာမှာ အာဟာရပြည့်ဝတဲ့အစားအစားတွေ ဝယ်ယူရခက်ခဲလာ

တကမ္ဘာလုံးမှာ စားသောက်ကုန်စျေးနှုန်းတွေ သိပ်တက်နေပါပြီ။ တချို့နေရာတွေမှာ ဝယ်လို့တောင်မရဘဲ ကုန်ပြတ်နေတာလည်း ရှိပါတယ်။

လူတွေဟာ အခြေအနေသစ်မှာ အံဝင်ခွင်ကျဖြစ်ဖို့ရာ တော်တော်ကြိုးစားရုန်းကန်နေကြရပါတယ်။ ဝယ်နေကျပစ္စည်း မဝယ်နိုင်၊ စားနေကျ အစားအသောက် မစားနိုင်လို့ ပြောင်းသုံး၊ ပြောင်းစားနေရတာဟာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ကိုဗစ်အလွန် စီးပွားရေးအကျပ်အတည်းကာလမှာ ပေါ်ပေါက်လာတဲ့ နေသားကျလာတဲ့အပြောင်းအလဲသစ်ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု

ဒွန်နာမာတင် ကျောင်းကိုရောက်တော့ မနက် ၄ နာရီပဲ ရှိပါသေးတယ်။ သူဟာ ကလေးပေါင်း ၄၂၀၀ အတွက် အစားအသောက်ကျွေးမွေးဖို့ တာဝန်ယူရသူပါ။ အဲဒီကလေးတွေအားလုံးဟာ ကျောင်းကအခမဲ့ကျွေးမွေးရတဲ့ ကျောင်းသားတွေပါ။ အမေရိကန်မှာ ဝင်ငွေနည်းမိသားစုတွေဟာ ကျောင်းကကျွေးတဲ့ အခမဲ့မနက်စာကို လျှောက်ထားစားသုံးခွင့်ရှိပါတယ်။

ကျွန်မတို့နားမှာက လူပေါင်း နှစ်သောင်းနှစ်ထောင်နေတဲ့ ရပ်ကွက်မှာ စားသောက်ကုန်စတိုးကြီးက နှစ်ခုပဲရှိပါတယ်။ အခုအစားအသောက်က တကယ်ကို ရှားပါးလာပါပြီ။

စားသောက်ကုန်စျေးနှုန်းနဲ့ဆိုင်တဲ့ ငွေဖောင်းပွမှုနှုန်းက ဇူလိုင်လမှာ ၁၀.၉ ရာခိုင်နှုန်းပါ။ ၁၉၇၉ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံးစံချိန်ပါပဲ။ စျေးကတက်၊ ကုန်ကရှားတော့ ဆိုင်တွေက သူ့ကိုရောင်းရတာ စိတ်မပါတော့ဘူး။

"ခင်ဗျားက သိပ်ချေးများတာပဲ။ အဲဒီကုန်တွေက တွက်ချေမကိုက်တော့ဘူးလို့ သူ့ကို ပြောကြပါတယ်။"

အမေရိကန်မှာ ကျောင်းနေ့လယ်စာဟာ စည်းကမ်းတင်းကျပ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရည်အသွေးမီ အစားအစာမျိုးဖြစ်ရမယ်။ သကြားမများ၊ ဆားမများရဘူး ဆိုတာမျိုးတွေပါ။ ဒီတော့ မစ္စမာတင်ဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာဖြစ်အောင် အမြဲရွေးချယ်နေရပါတယ်။

စတိုးဆိုင်တွေမှာကလည်း သူ့အခက်အခဲနဲ့သူပါ။ အမြတ်နည်းလာတော့ အလုပ်သမားလျှော့ရတယ်။ ကားဒရိုင်ဗာ မငှားနိုင်တော့ဘူး။ လောင်စာဆီစျေးက ပြီးခဲ့တဲ့နှစ်ထဲမှာ ၆၀ ရာနှုန်း တက်သွားပါတယ်။

အခုလောလောဆယ်ဆိုရင် ကလေးတွေ သိပ်ကြိုက်ကြတဲ့ မြေပဲထောပတ်အနှစ်ကို ဝယ်လို့မရတော့ပါဘူး။ တခြားတခုခုနဲ့ မလွှဲမရှောင်သာ အစားထိုး ကျွေးရပါတော့တယ်။

တခါတလေမှာ သူနဲ့သူ့ဝန်ထမ်းတွေဟာ လိုချင်တဲ့အစားအသောက်ရအောင် ညနက်သန်းခေါင် ဒါမှမဟုတ် မနက်လင်းအားကြီးမှာ စတိုးဆိုင်ကို ထပြေးကြရပါတယ်။

"ဒိန်ချဉ်ရဖို့အတွက် ကျွန်မတို့ဟာ အပတ်တိုင်းမှာ တမြို့လုံးပတ်ပြီး ရှာဝယ်ရပါတယ်။ ကလေးတွေက ကိုဗစ်အပြီး ကျောင်းပြန်တက်ဖို့ စိတ်အားထက်သန်နေချိန်မှာ အမေဒီနေ့သားတို့သမီးတို့ ကျောင်းမှာ ဒိန်ချဉ်မစားရဘူးလို့ပြောနေရတဲ့အဖြစ်ကို ကျွန်မမဖြစ်စေချင်ဘူးလေ။"

သီရိလင်္ကာ

သီရိလင်္ကာနိုင်ငံအလယ်ပိုင်း ကန္ဒီမြို့အပြင်က စိုက်ခင်းထဲမှာ အန်နိုမာကုမ္မာရီဟာ ပဲသီးစိမ်းတွေနဲ့ပူစီနံတွေခူးနေပါတယ်။

သီရိလင်္ကာအကျပ်အတည်းဟာ အဝေးကလူတွေ တွေးပြီးနားလည်ဖို့တောင်ခက်ပါတယ်။ စီးပွားရေးလည်းပြိုကျ အစိုးရလည်းပြိုကျခဲ့ပါပြီ။

ကုန်စည်ပြတ်လပ်မှုကလည်း မျိုးစုံပါ။ ဆေးဝါးမရှိ၊ လောင်စာဆီမရှိ၊ အစားအသောက်နတ္ထိဖြစ်ပါတယ်။ အလုပ်အကိုင်ကောင်းပေ့ဆိုတဲ့သူတောင် အခြေခံစားကုန်လောက်ဝယ်ဖို့ကို ကြိုးစားရုန်းကန်နေရပါသေးတယ်။

"အခုဆိုလူတွေက နောင်မှာဘာဖြစ်လာမလဲလို့တွေးပူနေကြပြီရှင့်။ နောင်မှာ စားစရာဘာမှမရှိတော့မှာကို စိုးရိမ်နေကြပြီ။"

ကိုဗစ်ဖြစ်တော့ အခုမြေကွက်လေးမှာ သီးနှံတွေကို အပျော်စိုက်ခဲ့တာပါ။ အခုတော့ ဒီမြေကွက်လေးက သေရေးရှင်ရေးအတွက်စိုက်စားရတာ ဖြစ်နေပါပြီ။

ဇွန်လမှာ သီရိလင်္ကာ စားသောက်ကုန်တွေရဲ့ တနှစ်စာငွေဖောင်းပွမှုနှုန်းက ၇၅.၈ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံသားတွေဟာ သူတို့ဝင်ငွေရဲ့ ၂၉.၆ ရာခိုင်နှုန်းကိုသာ အစားအသောက်အတွက်သုံးနိုင်ပါတယ်။

အန်နိုမာကုမ္မာရီဟာ စာအုပ်ဖတ်၊ ယူကျုဗ်ကြည့်ပြီး သီးနှံတွေစိုက်လာလိုက်တာ အခုဆိုရင် ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ဘူးသီး၊ ပိန်းဥ၊ ကန်စွန်းဥတွေ သူ့ခြံထဲမှာစိုက်ထားပြီးပါပြီ။

လူတိုင်းမှာ သူ့လိုမြေကွက်ရှိနိုင်တာတော့ မဟုတ်ပါဘူး။ မြေကွက်မရှိတဲ့သူတွေက ပိန္နဲသီးတွေကိုစားကြပါတယ်။

"ခြံတိုင်းမှာ ပိန္နဲသီးပင် ရှိပါတယ်။ အရင်ကတော့လူတွေက ပိန္နဲပင်ကို အရေးမလုပ်ကြပါဘူး။ အသီးတွေကြွေပြီး ပုပ်သွားတာ များပါတယ်။"

အခုတော့ ပိန္နဲသီးနုတွေကို အုန်းနို့နဲ့ချက်စားကြပါတယ်။ အသီးအရွက်ကြော်ထဲမှာလည်း ထည့်ကြော်ပါတယ်။ ပိန္နဲစေ့ကိုခြစ်ပြီး ဂျုံမှုန့်အစားသုံးပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့်၊ ရိုတီတွေလုပ်ရာမှာ သုံးပါတယ်။

သီရိလင်္ကာစားနပ်ရိက္ခာအကျပ်အတည်းကိုဖြေရှင်းတဲ့ ပိန္နဲသီးဟင်း

ဓာတ်ပုံ ရင်းမြစ်, CHAMIL RUPASINGHE

ဓာတ်ပုံ ပုံစာ, သီရိလင်္ကာစားနပ်ရိက္ခာအကျပ်အတည်းကိုဖြေရှင်းတဲ့ ပိန္နဲသီးဟင်း

နိုင်ဂျီးရီးယား

အီမန်နျူယယ်အွန်နူရာ့ ဟာနိုင်ငံရေးကိုသိပ်စိတ်ဝင်စားတာမဟုတ်ပါဘူး။ သူကပေါင်မုန့်ဖုတ်တဲ့သူဆိုတော့ သူ့ပေါင်မုန့်တွေရောင်းရဖို့လောက်သာ စိတ်ဝင်စားတာပါ။

ခုတော့သူ့ပေါင်မုန့်ဖုတ်လုပ်ငန်းဟာ ပြုတ်လုနီးပါး ဖြစ်နေပါပြီ။

"ပြီးခဲ့တဲ့နှစ်မှာ ဂျုံမှုန့်စျေးက ၂၀၀ ရာခိုင်နှုန်းကျော်တက်သွားတယ်ဗျာ။ သကြားစျေးက ၁၅၀ ရာခိုင်နှုန်း၊ ကြက်ဥစျေးက ၁၂၀ ရာခိုင်နှုန်းဗျာ။ ကျွန်တော့်လုပ်ငန်း ရှုံးပြီပေါ့။"

သူ့အလုပ်သမား ၃၅၀ ရှိတဲ့အထဲက ၃၀၅ ယောက်ကို အလုပ်ဖြုတ်လိုက်ရတယ်ဆိုတော့ သူတို့ ဘယ်လိုစားသောက်ကြမှာလဲလို့ သူက ညည်းညူပါတယ်။

သူက နိုင်ဂျီးရီးယားပေါင်မုန့်ဖုတ်သူများအသင်းမှာ ဥက္ကဋ္ဌပါ။ ဇူလိုင်လထဲမှာ ပေါင်မုန့်လုပ်ငန်းရှင် ငါးသိန်းစုဝေးပြီး ပေါင်မုန့်ဆိုင်တွေကို ၄ ရက်ပိတ်ပြီး သပိတ်မှောက်ခဲ့ပါတယ်။ ဒါဆိုရင် အစိုးရက သတိထားမိသွားပြီး သူတို့လုပ်ငန်းတွေအတွက် သွင်းကုန်တွေအပေါ်မှာ အခွန်လျှော့ပေးမှာပဲလို့ မျှော်လင့်ထားခဲ့တာပါ။

ရာသီဥတုကပျက်၊ သီးနှံထွက်ကမကောင်း၊ တဖက်မှာဝယ်အားကတက်သလို ကိုဗစ်ကပ်ရောဂါကလည်း ဖြစ်လိုက်သေးတာဆိုတော့ ဂျုံမှုန့်နဲ့ ဟင်းသီးဟင်းရွက်ဆီတွေရဲ့စျေးနှုန်းဟာ ကမ္ဘာတလွှားမှာ မြင့်တက်သွားပါတယ်။ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ဖြစ်လိုက်တော့ ပိုဆိုးသွားပါတယ်။

နိုင်ဂျီးရီးယားမှာ ပေါင်မုန့်လုပ်ငန်းအတွက် ကုန်ကြမ်းအများစုက ပြည်ပကနေ တင်သွင်းရတာပါ။ ဒါပေမဲ့ ပေါင်မုန့်တလုံးရဲ့စျေးက ဥရောပမှာရောင်းတဲ့စျေးလောက်မရပါဘူး။ စျေးတင်တောင်းဖို့ကလည်း စီးပွားရေးက မကောင်းပါဘူး။

နိုင်ဂျီးရီးယားမှာ စားသောက်ကုန်နဲ့ပတ်သက်တဲ့ ငွေဖောင်းပွမှုနှုန်းက ဇူလိုင်လမှာ ၂၂ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံသားတွေဟာ သူတို့ဝင်ငွေရဲ့ ၅၉.၁ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲကြရပါတယ်။

နိုင်ဂျီးရီးယားမှာ လျှပ်စစ်မီးကလည်း အလုံအလောက်မရတော့ စီးပွားရေး လုပ်ငန်းရှင်အများစုဟာ ကိုယ်ပိုင်မီးစက်တွေနဲ့ လည်ပတ်ရပါတယ်။ အဲဒီတော့ ဒီဇယ်ဆီကို သုံးစွဲကြပါတယ်။ အခုလောင်စာဆီစျေးနှုန်းက ၃၀ ရာခိုင်နှုန်း မြင့်တက်သွားပါပြီ။ နိုင်ဂျီးရီးယားဟာ ရေနံစိမ်းထွက်တဲ့တိုင်းပြည်ဖြစ်ပေမဲ့ ကိုယ့်ပြည်တွင်းမှာ ရေနံမချက်နိုင်ပါဘူး။ ဒီဇယ်ကို နိုင်ငံခြားကနေ ပြန်သွင်းရတာပါ။

အီမန်နျူယယ်အွန်နူရာ့ အတွက် ကုန်ကျစရိတ်က ၃ ဆတက်သွားပေမဲ့ သူ့ပေါင်မုန့်စျေးကို ၁၀ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းလောက်ပဲ စျေးတင်လို့ရပါတယ်။ သူ့ဖောက်သည်တွေက ဒီ့ထက်ပိုမပေးနိုင်ကြပါဘူး။

နိုင်ဂျီးရီးယားဟာ ဆင်းရဲမွဲတေရတဲ့အထဲ စီးပွားရေးလုပ်ငန်းတွေပိတ်ကြတော့ လူတွေမှာ လုပ်ခ၊ လစာတွေ မရှိသူကမရှိ၊ လျော့သူကလျော့ကုန်ကြပါတယ်။

နိုင်ဂျီးရီးယားမှာ ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို အစားအသောက်အတွက် သုံးနေရတာဆိုတော့ အမေရိကန်ပြည်ထောင်စုမှာ ၇ ရာခိုင်နှုန်းကိုသာ အစားအသောက်အတွက် သုံးနေတာနဲ့ နှိုင်းစာရင် တော်တော်ကွာခြားတာကို တွေ့နိုင်ပါတယ်။

ဒီအတိုင်းဆက်သွားရင် ပေါင်မုန့်လုပ်ငန်းတွေ အရင်းပြုတ်ပါမယ်။ ဒါဆိုရင် လူအများစားသုံးစရာပေါင်မုန့်ဟာလည်း သိပ်ခက်ခဲသွားပါလိမ့်မယ်။

ပေါင်မုန့်ဖုတ်လုပ်ငန်းဟာ ပျက်စီးလုလုအခြေအနေကို ရင်ဆိုင်နေရပါပြီ

ဓာတ်ပုံ ရင်းမြစ်, TOM SAATER

ဓာတ်ပုံ ပုံစာ, ပေါင်မုန့်ဖုတ်လုပ်ငန်းဟာ ပျက်စီးလုလုအခြေအနေကို ရင်ဆိုင်နေရပါပြီ

ပီရူး

တောင်ကုန်းပေါ်ကို လမ်းကျဉ်းလေးအတိုင်းတက်သွားပြီး မြူတွေဝေဆိုင်းနေတဲ့ လီမာမြို့ကိုလှမ်းကြည့်ရင်း ဒီနေ့ဘာဟင်းချက်ရမလဲလို့ ဂျပ်စတီနာဖလော် တွေးနေပါတယ်။

ဒါဟာ တနေ့ထက်တနေ့ ဖြေရှင်းရခက်လာတဲ့ ပြဿနာတခုလိုဖြစ်နေပါတယ်။

ကပ်ရောဂါ အထွတ်အထိပ်ရောက်ချိန်မှာ သူဟာ အိမ်နီးချင်း အယောက် ၆၀ နဲ့ဟင်းစုချက်ခဲ့ပါတယ်။ ဆန်ဟွမ်ဒီမီရာဖလောမြို့မှာနေတဲ့ လူအများစုဟာ အိမ်တွင်းမှုလုပ်ငန်း လုပ်ကိုင်ကြသူတွေပါ။ ထမင်းချက်၊ အိမ်ဖော်၊ ကလေးထိန်း၊ ဥယျာဉ်အလုပ်သမားစတဲ့ အလုပ်မျိုးတွေပါ။ ဒါပေမဲ့ ဂျပ်စတီနာဖလော်လိုပဲ တော်တော်များများဟာ ကပ်ရောဂါသင့်ချိန်မှာ အလုပ်လက်မဲ့ ဖြစ်ကုန်ပါတယ်။ သူတို့မိသားစုတွေ ငတ်ကြပါတယ်။

စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့စုချက်ကြပါတယ်။ အစကတော့ ရသမျှ သစ်အတိုအစတွေနဲ့ မီးဖိုပြီး ချက်ကြပါတယ်။ နောက်ပိုင်းမှာ တဲလေးတလုံးထိုးပြီး ချက်ကြတော့ တရားဟောဆရာတယောက်က မီးဖိုတလုံးလှူပါတယ်။ ဂျပ်စတီနာဖလော်က စျေးထဲကစျေးသည်တွေကို အလဟဿစွန့်ပစ်မဲ့ အသီးအနှံတွေလှူဒါန်းကြဖို့ အလှူခံပါတယ်။ ဒီလိုနဲ့စုပေါင်းချက်ပြုတ်ဝေငှတဲ့ သမဝါယမဟင်းချက်အလုပ် ဖြစ်လာပါတယ်။

နှစ်နှစ်ကြာချိန်မှာ သူတို့ဟာ လူ ၇၅ ယောက်ကို တပတ် ၃ ကြိမ် ကျွေးမွေးထားနိုင်ခဲ့ပါတယ်။ ကိုဗစ်မတိုင်ခင်တုန်းက ထမင်းချက်လုပ်ခဲ့တဲ့ ဂျပ်စတီနာဖလော်ဟာ သူတို့အုပ်စုရဲ့ခေါင်းဆောင် ဖြစ်လာပါတယ်။ စုပေါင်းချက်ပြုတ်ဖို့အတွက် သူဟာ အိမ်တိုင်းကို တံခါးခေါက်ပြီး အလှူခံခဲ့တယ်လို့ ဆိုပါတယ်။

ပီရူးမှာ စားသောက်ကုန်နဲ့ပတ်သက်တဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ဇူလိုင်လမှာ ၁၁.၅၉ ရာခိုင်နှုန်း ရှိပါတယ်။ ပီရူးနိုင်ငံသားတွေဟာ ဝင်ငွေရဲ့ ၂၆.၆ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲကြပါတယ်။

ဂျပ်စတီနာဖလော်ဟာ အသားနဲ့အသီးအရွက်တွေကို စတူးချက်ပြီး ထမင်းနဲ့စားတဲ့ဟင်းလျာကို မကြာမကြာ ချက်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ကစပြီး လှူဒါန်းသူနည်းလာလို့ စတူးချက်ဖို့အတွက် လိုအပ်တဲ့ အသားတွေ အသီးတွေရဖို့ ခက်လာပါတယ်။ အခြေခံစားကုန်ဖြစ်တဲ့ ဆန်ကိုတောင် ရဖို့ခက်လာပါတယ်။ ဂျပ်စတီနာဖလော်ဟာ ချက်ပြုတ်ပေးဝေတဲ့ အစားအသောက်တယောက်စာပမာဏကို လျှော့ချလာရပါတယ်။

လောင်စာဆီနဲ့ဓာတ်မြေသြဇာစျေးနှုန်းမြင့်တက်မှုကို လယ်သမားနဲ့ သယ်ယူပို့ဆောင်ရေးအလုပ်သမားတွေ စုပေါင်းပြီး ဧပြီလမှာ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက်မှာ နောက်ထပ်သပိတ်တွေ ဆန္ဒပြပွဲတွေ ဖြစ်ပွားလာပြီး လုပ်ငန်းတွေရပ်တန့်ကုန်ကြသလို စားနပ်ရိက္ခာ ပိုခက်ခဲလာပါတယ်။

မကြာခင်ကတော့ ဂျပ်စတီနာဖလော်ဟာ သူ့သမဝါယမဟင်းအိုးကြီးထဲမှာ အသားမထည့်နိုင်တော့ပါဘူး။ သူ့ဟင်းအိုးထဲမှာ သွေးခဲ၊ အသည်း၊ အရိုး၊ အစာအိမ်တို့လို့ စျေးချိုတဲ့ကလီစာတွေကိုပဲ ထည့်နိုင်ပါတော့တယ်။ ကြက်လည်ချောင်းရိုးကိုတောင် စျေးကြီးလာလို့ မထည့်နိုင်တော့ဘဲ ကြက်ဥကြော်နဲ့ အစားထိုးရပါတယ်။ ဆီစျေးတွေတက်လာတော့ ကြက်ဥကြော်တောင်မပေးနိုင်တော့ပဲ ကြက်ဥစိမ်းပေးပြီး ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ခိုင်းရပါတယ်။ အခုတော့ ကြက်ဥစိမ်းလည်း မဝေငှနိုင်တော့ပါဘူး။

ဒါ့ကြောင့်ဒီနေ့ဆိုရင် ကြက်သွန်နီနဲ့အသီးအရွက်ကို အနှစ်လုပ်ချက်ပြုတ်ပြီး ပါစတာခေါက်ဆွဲနဲ့ကျွေးရပါတယ်။ ဒါပေမဲ့ ဂျပ်စတီနာဖလော်ဟာ သပိတ်မှောက်တဲ့ လယ်သမားတွေကို အပြစ်မတင်ပါဘူး။

"ပီရူးမှာ စားသောက်စရာတွေစိုက်ပျိုးလို့ရပါတယ်။ အစိုးရကအထောက်အကူမပေးလို့ပါ။" လို့သူကဆိုပါတယ်။

စုပေါင်းချက်ပြုတ်စားသောက်ကြတဲ့ သမဝါယမဟင်းအိုးကြီး

ဓာတ်ပုံ ရင်းမြစ်, GUADALUPE PARDO

ဓာတ်ပုံ ပုံစာ, စုပေါင်းချက်ပြုတ်စားသောက်ကြတဲ့ သမဝါယမဟင်းအိုးကြီး

ဂျော်ဒန်

အစားအသောက်ရှားပါးမှုနဲ့ ဆက်စပ်ပြီး ဂျော်ဒန်မှာကြုံတွေ့ရတဲ့ ပြဿနာက ကြက်သားသပိတ်ပါ။

လောဘကြီးတဲ့ ကြက်သားကုမ္ပဏီတွေကို သပိတ်မှောက်ကြဆိုတဲ့စာသားကို မေလ ၂၂ ရက်နေ့မှာ တွစ်တာလူမှုကွန်ရက်ကနေ လှုံ့ဆော်ခဲ့ကြပါတယ်။

အဲဒီသပိတ်ကျယ်ပြန့်လာချိန်မှာ ဆလမ်နတ်စရဲလားအတွက်တော့ အခက်ကြုံရပါတယ်။

"နေရာတိုင်းမှာ ကြက်သားသပိတ်အကြောင်း ကြားနေရပါတယ်။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကလည်း ဒီအကြောင်းပဲပြောနေကြပါတယ်။ လူမှုကွန်ရက်နဲ့ ရုပ်မြင်သံကြားမှာလည်း ဒီအကြောင်းပဲကြားနေရပါတယ်။"

စျေးသွားတဲ့အခါ အကုန်အကျများလာတာကို သူလည်း သတိထားမိပါတယ်။ သူဟာအိမ်ရှင်မတယောက်ဖြစ်တဲ့အတွက် သူ့မိဘ၊ သူ့ညီမ၊ သူ့တူမ၊ သူ့တူတွေ အတွက် ချက်ပြုတ်ရပါတယ်။ ဒီတော့သူဟာ ကြက်သားအများအပြားဝယ်ရပါတယ်။ သူ့အတွက် ကြက်သားနဲ့ လမ်းခွဲဖို့ဆိုတာ တော်တော်ခက်ပါတယ်။

၁၀ ရက်လောက် ကြက်သားဖြတ်ကြည့်ရတာကိုပဲ သူ့အတွက် တော်တော်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ တခြားအသားတွေ၊ ငါးတွေက စျေးကြီးလို့ပါ။ ဆလမ်နတ်စရဲလားနဲ့ သူ့မိသားစုဟာ နေ့တိုင်းနီးပါး ကြက်သား စားနေကျပါ။

သူတို့ဟာ အသားအစား နှမ်းဖတ်ချဉ်၊ ဘယာကြော်၊ ခရမ်းသီးကြော်တွေ စားပါတယ်။ ကြက်သားသပိတ်စတင်ပြီး ၁၂ ရက်အကြာမှာတော့ ကြက်သားစျေးဟာ သုံးပုံတစ်ပုံလောက် စျေးကျသွားပါတယ်။

ဂျော်ဒန်နိုင်ငံမှာ အစားအသောက်နဲ့ပတ်သက်တဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ဇွန်လမှာ ၄.၁ ရာနှုန်းပါ။ ဂျော်ဒန်မိသားစုတွေဟာ သူတို့ဝင်ငွေရဲ့ ၂၆.၉ ရာနှုန်းကို အစားအသောက်အတွက် သုံးစွဲကြပါတယ်။

ကြက်မွေးမြူရေးလုပ်တဲ့ ရာမီဘရောက်စ်ဟာ သပိတ်တိုက်ပွဲတွေကို ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီတခုကတော့ နားလည်မှုလွဲနေတယ်လို့ သူထင်ပါတယ်။

သူ့ကြက်ခြံဟာလည်း ကုန်ကျစရိတ်တွေ အကုန်မြင့်တက်လာတဲ့အတွက် ကြိုးစားရုန်းကန်နေရတာပါပဲ။

အထူးသဖြင့် လောင်စာဆီစျေးနဲ့ ကြက်စာစျေးက မြင့်မားလှပါတယ်။

တကမ္ဘာလုံးရင်ဆိုင်နေကြရတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် လောင်စာဆီစျေးနဲ့ ပြောင်းဖူးစျေး၊ ဂျုံစျေးတွေက တက်ကြပါတယ်။ တရုတ်မှာ ဖြစ်တဲ့ ဝက်တုပ်ကွေးကြောင့် ဝက်သားစျေးတက်ပါတယ်။ တောင်အမေရိကမှာ မိုးခေါင်ပြီး ယူကရိန်းမှာ စစ်ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ဂျော်ဒန်အစိုးရက ကြက်သားနဲ့ ကုန်တချို့ကို စျေးနှုန်းသတ်မှတ် မြှင့်တင်လိုက်ပါတယ်။

ကြက်မွေးမြူရေးသမားတွေက ရာမာဒန်မွတ်ဆလင် ဥပုသ်လ အကုန်အထိ ကြက်သားစျေးတင်ဖို့ သဘောတူပါတယ်။ ဒါပေမဲ့ ဥပုသ်လကုန်ဆုံးတဲ့ မေလဆန်းမှာလည်း ကြက်သားစျေးကို ဆက်တင်ဖို့ ဖိအားပေးခံရပါတယ်။ ကြက်သားစျေး ခေါင်ခိုက်သွားပါတယ်။ အဲဒီမှာ ကြက်သားသပိတ် ဖြစ်လာတာပါ။

"တကယ်တော့ ကုန်စျေးနှုန်းအားလုံးကြီးတဲ့ဒဏ်ကို ကြက်သားက စုပြီးခံလိုက်ရတာပါဗျာ" လို့ ရာမီဘရောက်စ်က ဆိုပါတယ်။

ကြက်သားသပိတ်အောင်မြင်တာကို ဆလမ်နတ်စရဲလားက ဝမ်းသာပါတယ်။ ဒါပေမဲ့ လိုရင်းမရောက်မှာကို သူကစိုးရိမ်ပါတယ်။

"လက်တွေ့မှာ ကြက်မွေးမြူရေးသမားလေးတွေနဲ့ ကြက်သားသည်တွေကိုပဲ ထိတာတွေ့ရပါတယ်။ ကြက်ကုမ္ပဏီကြီးတွေက ဘာမှ မဖြစ်ကြပါဘူး။ ကုမ္ပဏီကြီတွေကတော့ သူတို့ရောင်းတဲ့ပစ္စည်းတွေကို စျေးတင်မြဲတင်ထားတာပါပဲ။"

ကမ္ဘာတလွှားနေရာအနှံ့အပြားမှာ စားသောက်ကုန်ပြဿနာကြုံတွေ့နေရပြီး လူအများအပြားဟာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ရုန်းကန်ဖြေရှင်းနေကြရပါတယ်။