ကျားကောင်ရေ ပြန်များလာလို့ ပျော်ရပေမယ့် အန္တရာယ်လည်း ပြန်ကြောက်နေရတဲ့ နီပေါ

မျိုးတုန်းမယ့် အန္တရာယ်ကြုံနေရတဲ့ ဘန်ဂေါ ကျားတွေ နီပေါမှာ အကောင်ရေ သိသိသာသာ တက်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, DEEPAK RAJBANSHI

ဓာတ်ပုံ ပုံစာ, မျိုးတုံးမယ့် အန္တရာယ်ကြုံနေရတဲ့ ဘန်ဂေါ ကျားတွေ နီပေါမှာ အကောင်ရေ သိသိသာသာ တက်လာခဲ့

နီပေါနိုင်ငံမှာ ကျားကောင်ရေ မျိုးတုံးလုနီးနီး ကြုံခဲ့ရပေမယ့် ပြီးခဲ့တဲ့ ဆယ်နှစ်တာ ကာလအတွင်းမှာ ကျားကောင်ရေ နှစ်ဆအထိ ပြန်တိုးလာအောင် ထူးထူးခြားခြား လုပ်ဆောင်လာနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း အခုလို ပြန်လုပ်နိုင်မှုရဲ့ အကျိုးဆက်ကို ဒေသခံ လူမှုအသိုင်းအဝိုင်းက ပြန်ခံရရာမှာ ကျားက လူကို အန္တရာယ်ပြုမှုတွေလည်း ပြန်များလာခဲ့ပါတယ်။

ကျားတစ်ကောင်နဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့အခါမှာ ခံစားချက် နှစ်ခုရတတ်ပြီး လှလိုက်တဲ့ ကျားကြီးဆိုတဲ့ ခံစားချက်ရယ်၊ တစ်ဖက်မှာလည်း ငါတော့ ကျားကိုက်ခံရလို့ သေမှာလား ဆိုတဲ့ ခံစားချက်တွေ ဖြစ်ပါတယ်လို့ ဒီကျားတွေကို ထိန်းသိမ်း စောင့်ရှောက်ရတဲ့ တပ်ဖွဲ့တစ်ခုက ဗိုလ်ကြီးတစ်ဦးဖြစ်သူ အယုရှ် ဂျန်း ဘဟဒေါ် ရာနာက ဆိုပါတယ်။

သူဟာ နီပေါနိုင်ငံ တာရိုင်းဒေသက နိုင်ငံရဲ့ အကြီးဆုံးနဲ့ အနှောက်အယှက် အကင်းဆုံး စောင့်ရှောက်ထားတဲ့ ဘာဒီယာ ဘေးမဲ့တောရဲ့ လွင်ပြင်တွေနဲ့ ချုံပုတ်အထူကြီးတွေကို လက်နက်တွေနဲ့ ဖြတ်သန်းသွားလာရင်း ဘန်ဂေါ ကျားကြီးတွေကို တွေ့လေ့ရှိတယ်လို့ ဆိုပါတယ်။

ဧရိယာ စတုရန်းမိုင်ပေါင်း ၃၇၄ မိုင်ရှိတဲ့ ဘာဒီယာ ဥယျာဉ်ဟာ ၁၉၈၈ ခုနှစ်မှာ နိုင်ငံတော်ဘေးမဲ့ ကာကွယ်တောတစ်ခု ဖြစ်လာခဲ့ပြီး အဲဒီအချိန် မတိုင်ခင်ကတော့ ဒီဥယျာဉ်က တော်ဝင် အမဲလိုက်တော ဖြစ်ပါတယ်။

အခုလို ကျားတွေကို စောက်ရှောက်ရတဲ့ တာဝန်ကို ယူရတာကို အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ ဂုဏ်ယူပါတယ်လို့ ဗိုလ်ကြီး အယုရှ်က ထူထပ်တဲ့ သစ်တောအတွင်းကို လှည့်ကြည့်ရင်း ဆိုပါတယ်။

ကျားခိုးဖမ်းသူတွေကို တားဆီးဖို့ နီပေါက စစ်တပ်ကို အသုံးပြုနေ

ဓာတ်ပုံ ရင်းမြစ်, Kevin Kim/BBC

ဓာတ်ပုံ ပုံစာ, ကျားခိုးဖမ်းသူတွေကို တားဆီးဖို့ နီပေါက စစ်တပ်ကို အသုံးပြုနေ

နီပေါနိုင်ငံဟာ ကျားခိုးဖမ်းမှု လုံးဝပပျောက်ရေး ချဉ်းကပ်မှုကို အသုံးပြုပြီး ကျားတွေကို ကာကွယ်မှုက အလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။

နီပေါစစ်တပ်က အမျိုသား ဘေးမဲ့ဥယျာဉ်တွေကို ကူညီပေးပြီး ဒီဥယျာဉ်တွေနဲ့ ကပ်လျက် ကြားခံနယ်မြေမှာတော့ ဒေသအလိုက် ကျားခိုးဖမ်းမှု ကာကွယ်ရေးအဖွဲ့တွေက ကျားတွေ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ဖို့အတွက် သဘာဝအလျောက် ရှိနေတဲ့ လမ်းကြောင်းနေရာတွေကို စောင့်ကြည့်ပေးကြပါတယ်။

အခုလို ကျားတွေ တောမြေအနှံ့ ကျယ်ကျယ်ဝန်းဝန်း သွားလာနိုင်ဖို့ တည်ရှိနေတဲ့ လမ်းကြောင်း မြေနေရာတခုကတော့ ဘာဒီယာ အမျိုးသားဥယျာဉ်နဲ့ တစ်ဆက်တည်း တည်ရှိနေတဲ့ ခါတာ တောလမ်းကြောင်းဖြစ်ပြီး ကျားတွေက အဲဒီက ဖြတ်ပြီး တစ်ဖက် အိန္ဒိယနိုင်ငံက ကတာနီယာဂတ် တောရိုင်းဘေးမဲ့တောအထိ သွားရောက်နိုင်ပါတယ်။

နှစ်နိုင်ငံ ဘေးမဲ့တောနှစ်ခုကို ချိတ်ဆက်ပေးထားတဲ့ ခါတာ တောလမ်းကြောင်းပြ မြေပုံ
ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံ ဘေးမဲ့တောနှစ်ခုကို ချိတ်ဆက်ပေးထားတဲ့ ခါတာ တောလမ်းကြောင်းပြ မြေပုံ

အခုလို ကျားကောင်ရေ ပြန်များလာတာနဲ့အတူ ဥယျာဉ်နဲ့ ကပ်လျက်ရှိနေတဲ့ နေရာတွေက လူတွေအတွက်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်မယ့် ရင်ဆိုင်ရမှုတွေလည်း များလာခဲ့ပါတယ်။

ကျားတွေ၊ သူတို့ရဲ့ သားကောင်တွေနဲ့ လူတွေ နေကြတဲ့ ဘုံနေရာက ကျပ်တည်း ကျဉ်းမြောင်းတဲ့အတွက် တစ်ကမ္ဘာလုံးအနေနဲ့ နီပေါမှာ ကျားကောင်ရေ နှစ်ဆတိုးလာတာကို ဝမ်းသာကြပေမယ့် နီပေါက သက်ဆိုင်ရာ ဒေသခံတွေကတော့ အကြောက်တရားနဲ့ ပေးဆပ်ရတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးလုပ်ကိုင်သူလည်းဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦးလည်းဖြစ်တဲ့ မာနော့ဂျ် ဂူတမ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာဆိုရင်ပဲ ကျားကြောင့် လူသေဆုံးမှု ၁၆ ယောက် ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာတော့ စုစုပေါင်း လူသေဆုံးမှု ၁၀ ဦး ရှိခဲ့တာလည်း ဖြစ်ပါတယ်။

နီပေါမှာ ကျားက လူကိုတိုက်ခိုက်မှု မြင့်တက်လာနေ

ဓာတ်ပုံ ရင်းမြစ်, Deepak Rajbanshi

ဓာတ်ပုံ ပုံစာ, နီပေါမှာ ကျားက လူကိုတိုက်ခိုက်မှု မြင့်တက်လာနေ

အခုလို ကျားက လူကို တိုက်ခိုက်မှုတွေဟာ အမျိုးသား ဥယျာဉ်အတွင်း ဒါမှမဟုတ် လူနေ မြေနေရာနဲ့ ဥယျာဉ်ကြားက ကြားခံ နယ်မြေတွေမှာ ရွာသားတွေက သားမွေးတိရိစ္ဆာန်တွေ ကျောင်းတာ၊ အသီး၊ မှိုနဲ့ သစ်လောင်စာ ရှာတာတွေ လုပ်နေရင်း ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။

တချို့ အခြေအနေတွေမှာဆိုရင်တော့ ကျားတွေက ဥယျာဉ်ထဲကနေ တောတစ်ခုနဲ့တစ်ခု ကူးတဲ့ သဘာဝ လမ်းကြောင်းတွေကို ကျော်ဖြတ်ရင်း ဒေသခံ ရွာတွေထဲ ဝင်လာလို့ လူတွေ အန္တရာယ်ကြုံရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

တောရိုင်းနယ်မြေနဲ့ လူနေ ဒေသတွေကို ခြံစည်းရိုးတပ် ကာရံထားတာမျိုးရှိပေမယ့် တိရစ္ဆာန်တွေက ရအောင် ဝင်ထွက်သွားလာနိုင်တဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

ကျားတိုက်ခိုက်လို့ မျက်လုံးတစ်လုံး ဆုံးခဲ့ရသူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ဘဒိုင်း သာရု

ဓာတ်ပုံ ရင်းမြစ်, Kevin Kim/BBC

ဓာတ်ပုံ ပုံစာ, ကျားတိုက်ခိုက်လို့ မျက်လုံးတစ်လုံး ဆုံးခဲ့ရသူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ဘဒိုင်း သာရု

၂၀ဝ၄ ခုနှစ်မှာ ဘဒိုင်း သာရုဟာ သူ့ ရွာနားက တောထဲမှာ မြက်ရိတ်နေရင်း ကျားတိုက်ခိုက်ခံရလို့ မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရပါတယ်။

“အဲဒီတုန်းက ဒီကျားက အသံအကျယ်ကြီးနဲ့ ဟိန်းပြီး ကျွန်တော့ မျက်နှာကို ခုန်အုပ်လိုက်တာပါ၊ ကျွန်တော် နောက်ကို ပစ်လဲသွားတဲ့အချိန်မှာ ကျားက ထပ်ခုန်ဝင်လာခဲ့ပါတယ်” လို့ ဘဒိုင်းသာရုက ဆိုပါတယ်။

အခုလို ကျားတိုက်ခိုက်ခံရတဲ့အချိန်က သူ့အနေနဲ့ ဒေါသလည်းထွက်၊ ဝမ်းနည်းမိပေမယ့် ဒီ မျိုးတုံးတော့မယ့် ကျားတွေကို ကာကွယ်ရမယ့် တာဝန်လည်း ရှိနေတယ်လို့ ဘဒိုင်း သာရုက ပြောပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကဆိုရင် အာရှတစ်လွှားမှာ ကျားကောင်ရေ တစ်သိန်းလောက် ရှိခဲ့ရာကနေ ၂၀ဝ၀ ပြည့်နှစ် ပတ်ဝန်းကျင်အရောက်မှာ အဲဒီအရေအတွက်ရဲ့ ၉၅ ရာခိုင်နှုန်းသာ ရှိတဲ့ အနေအထား ရောက်ခဲ့ရတာဖြစ်ပါတယ်။

အခုလို ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ အမဲလိုက်ခံရခြင်း၊ ခိုးဖမ်းခံရခြင်းနဲ့ ကျားတွေ လှုပ်ရှားသွားလာစရာ စားကျက်နည်းလာခြင်း တို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာသမဂ္ဂရဲ့ အဆိုအရ တောရိုင်းတွေထဲမှာ သဘာဝအတိုင်း သွားလာနေတဲ့ ကျားကောင်ရေ အရေအတွက်က ၃၇၂၆ ကနေ ၅၅၇၈ လောက်သာ ရှိတော့တယ်လို့ ဆိုပါတယ်။

၂၀၁၀ ခုနှစ်အရောက်မှာတော့ နိုင်ငံ ၁၃ နိုင်ငံက သူတို့ အသီးသီးမှာရှိတဲ့ ကျားကောင်ရေကို တရုတ်ရိုးရာ ကျားနှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ နှစ်ဆတိုးအောင် ကြိုးစားပြီး မျိုးတုံးလုဆဲဆဲ အခြေအနေကနေ ကာကွယ်ဖို့ ကတိပြုခဲ့ကြပါတယ်။

အခုလို ကတိပြုခဲ့တဲ့ နိုင်ငံတွေထဲက နီပေါတစ်နိုင်ငံပဲ အခုလို ကျားကောင်ရေ နှစ်ဆတိုးအောင် လုပ်ဆောင်နိုင်ပါသေးတယ်။

နီပေါနိုင်ငံရဲ့ ကျားကောင်ရေဟာ ၂၀ဝ၉ ခုနှစ်မှာ ၁၂၁ ကောင်သာ ရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ ၃၅၅ ကောင် အထိ တိုးလာခဲ့ပါတယ်။

နီပေါနိုင်ငံက ကျားတွေကို နိုင်ငံအနှံ့က အမျိုးသားသဘာဝ ဥယျာဉ် ငါးခုမှာ တွေ့နိုင်ပြီး နီပေါနိုင်ငံရဲ့ ကြံ့၊ ဆင်နဲ့ ကျားသစ်တို့အပါအဝင် တခြား တောရိုင်းတိရိစ္ဆာန်တွေရဲ့ အကောင်ရေလည်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

Tiger and two peacocks

ဓာတ်ပုံ ရင်းမြစ်, Deepak Rajbanshi

ဓာတ်ပုံ ပုံစာ, ကျားတွေ အမဲလိုက်ခံရလေ့ရှိတဲ့ တောတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ကျားတွေ ပြန်လည် ရှင်သန်တိုးပွားလာ

ဥယျာဉ်နယ်မြေနဲ့အလိုက် လက်ခံနိုင်သလောက် အရေအတွက်အထိ ကျားကောင်ရေ အရေအတွက်ကို ထိန်းသိမ်းထားဖို့အတွက် ဥယျာဉ် အာဏာပိုင်တွေက မြက်ခင်းပြင်တွေ များများ ပိုဖန်တီးကြပြီး ကျားတွေရဲ့ အဓိကသားကောင် ဖြစ်တဲ့ သမင်တွေ ပွားများဖို့အတွက် ရေကန်ငယ်တွေလည်း ဖန်တီးကြပါတယ်။

ဘာဒီယာ အမျိုးသားဥယျာဉ်ရဲ့ စောင့်ကြပ်ရေးမှူး ဗိရှနူး ရှရက်ထရာ ကတော့ အခုလို ကျားကောင်ရေများအောင် လူတွေက ကြားဝင်လုပ်ပေးတာတွေက လိုအပ်တာထက် ပိုသွားပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဘာဒီယာ အမျိုးသား ဥယျာဉ် အနီးအနားမှာ နေထိုင်ကြသူအများစုက ကျားကောင်ရေ မျိုးမတုံးဖို့ ကာကွယ်ရေးကို ထောက်ခံကြပေမယ့် ကျားကောင်ရေ တိုးပွားလာတာနဲ့အမျှ ဒေသခံတွေ စိတ်မသက်မသာ ပိုဖြစ်လာခဲ့ပါတယ်။

ကျားတွေကို ကမ္ဘာလှည့်ခရီးသွားတွေက လာကြည့်ကြတယ် ဆိုပေမယ့် ဒေသခံတွေကတော့ ကျားတွေအနီးမှာ တကယ်တမ်း နေထိုင်နေရတာ ဖြစ်တယ်လို့ ကျားတိုက်ခိုက်မှုကြောင့် ယောက္ခမ သေဆုံးထားသူ ဆမ်ဂျာနားက ဆိုပါတယ်။

ဆမ်ဂျာနားရဲ့ ယောက္ခမဖြစ်သူဟာ ပြီးခဲ့တဲ့နှစ်က ဥယျာဉ်ဝန်းအတွင်း သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက် မြက်ရိတ်နေတဲ့အချိန်မှာ အခုလို တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

ယောက္ခမဖြစ်သူ ကျားတိုက်ခိုက်ခံရလို့ သေဆုံးမှုအတွက် နစ်နာကြေးရဖို့ ကြိုးစားနေသူ ဆမ်ဂျားနား

ဓာတ်ပုံ ရင်းမြစ်, Kevin Kim/BBC

ဓာတ်ပုံ ပုံစာ, ယောက္ခမဖြစ်သူ ကျားတိုက်ခိုက်ခံရလို့ သေဆုံးမှုအတွက် နစ်နာကြေးရဖို့ ကြိုးစားနေသူ ဆမ်ဂျားနား

ဘာဒီယာ ဥယျာဉ်အတွင်းက ကျားတွေဟာ အနီးအနားရွာတွေရဲ့ လယ်ယာမြေတွေသာမက ရွာတွေထဲကိုပါ ဝင်လာတတ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ၂၀၂၂ နှစ် မတ်လအတွင်းမှာဆိုရင် ဘာဒီယာ ဥယျာဉ်ရဲ့ အစွန်အဖျားမှာရှိတဲ့ စိန်နာဘဂါရွာမှာ နေထိုင်တဲ့ လီလီ ချောင်ဒရီ ဆိုတဲ့ အမျိုးသမီးဟာ သူ့ အိမ်နားမှာ ဝက်စာကျွေးနေရင်း ခြေထောက်အောက်ပိုင်းကို ကျားဆွဲခဲ့ရပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့ရာမှာ နောက်ပိုင်း အသက်ပါ ဆုံးရှုံးခဲ့တာကို တွေ့ရပါတယ်။

ဒီလို ဖြစ်ပြီးကတည်းက အိမ်နောက်ဖေးကို ဝက်စာ နွားစာ ကျွေးဖို့ အတွက်တောင် မသွားရဲတော့ဘူး ဆိုပြီး အခုလို သေဆုံးခဲ့တဲ့ မစ္စချောင်ဒရီရဲ့ သမီးဖြစ်သူ အမီတာ သာရုက ပြောပါတယ်။

ကျားတိုက်ခိုက်မှုတွေကြောင့် ဆန္ဒပြမှုတွေလည်း မြင့်တက်လာ

ဓာတ်ပုံ ရင်းမြစ်, Deepak Rajbanshi

ဓာတ်ပုံ ပုံစာ, ကျားတိုက်ခိုက်မှုတွေကြောင့် ဆန္ဒပြမှုတွေလည်း မြင့်တက်လာ

ဘာဒီယာ ဥယျာဉ်အတွင်းက ကျားတွေက လူတွေကို တိုက်ခိုက်မှု မြင့်တက်လာတာနဲ့အမျှ ဒေသခံတွေက ဒါကို ကန့်ကွက် ဆန္ဒပြလာကြပါတယ်။

ဘဒိုင်းသာရုနဲ့ နေထိုင်တဲ့ရွာတူတဲ့ အမီတာ သာရုနဲ့ သူ့ အမျိုးသားဖြစ်သူတို့ဟာ ကျားသစ်တစ်ကောင် ရန်မူတာ ခံခဲ့ရပြီး အဲဒီ မတိုင်ခင်ကလည်း အနီးအနားက သစ်တောအတွင်း လူတစ်ယောက် ကျားတိုက်ခိုက်မှုကြောင့် သေဆုံးရအပြီးမှာတော့ ရွာခံတွေက ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ ဆန္ဒပြလာပါတော့တယ်။

ဒီ ဆန္ဒပြမှုမှာ လူပေါင်း ၃၀ဝ လောက် ပါဝင်ကြပြီး အာဏာပိုင်တွေ အနေနဲ့ လူတွေကိုလည်း ကာကွယ်ဖို့ ပိုလုပ်ပေးသင့်ကြောင်း တောင်းဆိုလာခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြသူတွေဟာ ဒေသတွင်း သစ်တောရုံးကို မီးရှို့တဲ့အထိ ပြုလုပ်ခဲ့ကြရာမှာ ရဲတွေရောက်လာတဲ့အချိန်မှာလည်း ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်တဲ့အထိ ဒေါသထွက်နေခဲ့ကြပါတယ်။

အခုလို ဖြစ်ခဲ့တဲ့ အခြေအနေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူအုပ်ထဲကို ပစ်ခတ်ခဲ့ကြပြီး ကျားသစ်တိုက်ခိုက်မှု ခံထားရတဲ့ အမီတာ တို့ လင်မယားရဲ့ ဆယ်ကျော်သစ်အရွယ် တူမဖြစ်သူ နဘီနာ ချောင်ဒရီ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ရပါတယ်။

အခုလို ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ အနီးနား မီတာ အနည်းငယ်အကွာမှာ ရှိနေခဲ့တဲ့ အစ်ကို ဖြစ်သူ နဘင် သာရုက သူ့ ညီမဖြစ်သူရဲ့ အလောင်းကို လမ်းပေါ်ကရွှေ့ဖို့ ကြိုးစားခဲ့ရာမှာ ရဲတွေက လူတွေကို ရိုက်နှက်နေလို့ လုပ်လို့ မရခဲ့ဘူးလို့ ဆိုပါတယ်။

သူ့ အနေနဲ့ သူ့ ညီမ ဖြစ်သူမှာ ဘာအပြစ်မှ ရှိတယ်လို့ မယူဆပဲ သူတို့ ရွာ လုံခြုံစိတ်ချရရေးအတွက် တောင်းဆိုတာ မမှားဘူးလို့ ပြောဆိုခဲ့ပါတယ်။

Nabin Tharu

ဓာတ်ပုံ ရင်းမြစ်, Nabin Tharu

ဓာတ်ပုံ ပုံစာ, ရဲပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ အသက် ၁၈ နှစ်အရွယ် နဘီနာ ချောင်ဒရီ

အခုလို နဘီနာ ချောင်ဒရီ သေဆုံးရမှုနဲ့ ပတ်သက်ပြီး နီပေါအစိုးရက သူ့ရဲ့ မိသားစုက အမေရိကန်ဒေါ်လာ ၁၆၀ဝ၀ နစ်နာကြေးပေးမယ်လို့ ကတိပြုခဲ့ပြီး အာဇာနည်အနေနဲ့ ရုပ်တုထားပေးမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ နဘီနာ ချောင်ဒရီရဲ့ မိသားစုကတော့ အပြည့်အဝ စုံစမ်း စစ်ဆေးမှု လုပ်ပေးဖို့ကိုပဲ လိုလားနေပါတယ်။

ဒီလို အဖြစ်အပျက်တွေ ဖြစ်သွားအပြီးမှာ ဒေသခံ ရွာသားတွေနဲ့ အာဏာပိုင်တွေ သဘောတူညီမှု တစ်ရပ်ယူခဲ့ကြပြီး အာဏာပိုင်ဘက်က တိရိစ္ဆာန်တွေနဲ့ လူတွေ အကြား ခြံစည်းရိုးနဲ့ တံတိုင်းတွေ ပိုပြီး ဆောက်လုပ်ပေးဖို့ ကတိပြုခဲ့ကြပါတယ်။

နီပေါနိုင်ငံမှာ လုပ်လေ့ရှိတဲ့ ထုံးစံတစ်ခုကတော့ ကျားကြောင့် လူတစ်ဦးသေဆုံးရပြီ ဆိုရင် အဲဒီကျားကို ရှာဖွေ ဖမ်းဆီးထားလေ့ရှိတာ ဖြစ်ပါတယ်။ လောလောဆယ် နီပေါမှာ အခုလို ဖမ်းဆီးထားတဲ့ လူသားစား ကျားအရေအတွက် ၇ ကောင် ရှိတယ်လို့ ဆိုပါတယ်။

ဒေသတွင်း ကျားအရေအတွက်ရော၊ လူဦးရေ အရေအတွက်ပါ များလာတဲ့အခါမှာ ထိပ်တိုက်တွေ့ မှုတွေက ဖြစ်လာစမြဲဖြစ်ပေမယ့် ကျားတွေကို ကာကွယ်ရမယ့်အပြင် လူတွေကို ကာကွယ်ရမှာလည်း တာဝန်တစ်ရပ်ဖြစ်တယ်လို့ ဗိုလ်ကြီး အယုရှ် ဂျန်း ဘဟဒေါ် ရာနာက သူ့စခန်းကို ပြန်ရင်း ပြောပါတယ်။

အာဏာပိုင်တွေ အနေနဲ့ကတော့ ဒီအမျိုသား ဥယျာဉ်ကို အမှီပြုပြီး ရှာဖွေစားသောက်တာ၊ တိရစ္ဆာန်တွေ ကျောင်းတာလုပ်ရတဲ့ ဒေသခံတွေကို တခြား အသက်မွေးဝမ်းကျောင်းလုပ်နိုင်အောင် စဉ်းစားနေကြပြီး ကိုယ်ပိုင်လုပ်ငန်းငယ် လုပ်ဖို့ ဒါမှမဟုတ် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေ မြှင့်တင်ရေး လုပ်နေကြပါတယ်။

Bhadai Tharu and his mother

ဓာတ်ပုံ ရင်းမြစ်, Kevin Kim/BBC

ဓာတ်ပုံ ပုံစာ, မိခင်ဖြစ်သူ (ယာစွန်) ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရေးကြီးကြောင်း သိလာတယ် ဆိုတဲ့ ဘဒိုင်းသာရု

ဘဒိုင်းသာရုက သူ့ရဲ့ ကျားကာကွယ်ထိန်းသိမ်းရေးအဖွဲ့ကို အစည်းအဝေးခေါ်ယူရင်း ပြောကြားရာမှာ လူနဲ့ တောရိုင်းတိရိစ္ဆန်တွေ အကြား နားလည်မှု လွဲမှားတာတွေကြောင့် တကွဲတပြား ဖြစ်ကုန်ကြရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ သစ်တောဆိုတာက သူတို့ ကျားတွေရဲ့ စားကျက်ဖြစ်လို့ ကျွန်တော်တို့က ဆိတ်သွားကျောင်းရင် ကျားတွေက လာတိုက်ခိုက်မှာပဲလို့ လည်း သူကဆိုပါတယ်။

ဘဒိုင်းသာရုက သူတို့အနေနဲ့ ပိုပြီး စိတ်ချ လုံခြုံတဲ့ ကျွဲနွားတင်းကုပ်တွေ ဆောက်လုပ်ဖို့ နဲ့ ဥယျာဉ်ဘေးက သစ်တောတွေမှာ မြက်ခင်းပြင်တွေ များများ ဖန်တီးပြီး ကျားတွေရဲ့ သားကောင် သမင်တွေများများ ပြန့်ပွားနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ အနေနဲ့ ပိုများလာမယ့် ကျားတွေနဲ့အတူ ယှဉ်တွဲနေထိုင်ရမယ့် နောက်မျိုးဆက်သစ်တွေ အတွက်လည်း ကျားတွေရဲ့ သဘာဝကို သင်ကြားပေးနေပြီး တောထဲကို တစ်ယောက်ထဲမသွားဖို့လည်း ပညာပေးနေတယ်လို့ ဆိုပါတယ်။

အခုလို ဒေသတွင်းက ကလေးတွေကို သူတို့ အကြိုက်ဆုံး တိရစ္ဆာန် ဘာကောင်လို့ မေးကြတဲ့အခါမှာလည်း ကျား ဖြစ်တယ်လို့ ဖြေကြတာ များကြောင်း ဘဒိုင်းသာရုက ဆိုပါတယ်။

ဘဒိုင်းကတော့ သူ့အနေနဲ့ ဒီဒေသမှာ လူတွေချည်းသာမကပဲ ကျားတွေလည်း နေထိုင်ခွင့်ရှိကြောင်း နားလည် သဘောပေါက်လာအောင် ကြိုးစားချင်တယ်လို့ ဘဒိုင်းက ပြောဆိုခဲ့ပါတယ်။