ဇူလိုင် ၁၇ ရက် ညနေ နောက်ဆုံးရ ကမ္ဘာ့သတင်းများ
ဘင်္ဂလားဒေ့ရှ်အတွက် အမြောက်ကျည်တွေသယ်လာတဲ့လေယာဉ် ဂရိမှာပျက်ကျ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆားဘီးယားကနေ အမြောက်ဆံတွေ ကျည်ဆံတွေ ဘင်္ဂလားဒေ့ရှ်ကို ပို့ဖို့သွားနေတဲ့ ကုန်တင်လေယာဉ်တစ်စီး ဂရိမြောက်ပိုင်းမှာ ပျက်ကျခဲ့ပြီးတဲ့နောက် အဲဒီပျက်ကျတဲ့နေရာတစ်ဝိုက် နှစ်မိုင်ပတ်လည်လောက်မှာ ရှိတဲ့ အိမ်တွေကလူတွေ အပြင်မထွက်ကြဖို့ ဂရိအာဏာပိုင်တွေက သတိပေးထားပါတယ်။ ပျက်ကျတဲ့လေယာဉ်ထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေပါလာနိုင်တယ်လို့ ယူဆထားလို့ ဖြစ်ပါတယ်။ ဂရိစစ်တပ်က အထူးတပ်ဖွဲ့တစ်ခုကလည်း အဲဒီပျက်ကျတဲ့ အန်တိုနော့ဗ် လေယာဉ်အပျက်အစီးကို စစ်ဆေးနေပါတယ်။
လေယာဉ်ပေါ်ပါသွားသူ ရှစ်ယောက်စလုံး သေဆုံးသွားပြီလို့ ဆားဘီးယားကာကွယ်ရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မော်တာကျည်တွေအပါအဝင် ခဲယမ်း ၁၀ တန်လောက် ပါသွားတယ်လို့ သူကအတည်ပြုပါတယ်။
ကာဗာလာမြို့နားမှာ လေယာဉ်ဟာ မီးလောင်ပြီးပျက်ကျလာတာဖြစ်ပြီး အောက်ရောက်ချိန်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကြားရတယ်လို့ အနီးအနားနေသူတွေက ပြောကြပါတယ်။
သီရိလင်္ကာဆန္ဒပြပွဲတွေရဲ့ ရက် ၁၀၀ ပြည့်

ဓာတ်ပုံ ရင်းမြစ်, CHAMILA KARUNARATHNE
သီရိလင်္ကာမှာတော့ ဆန္ဒပြသူတွေက သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ ပြုတ်ကျသွားစေတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ စခဲ့တဲ့ ရက် ၁၀၀ မြောက်နေ့ကို အထိမ်းအမှတ်ပြုဆင်နွှဲနေကြပါတယ်။ သူတို့က တိုင်းပြည်စီးပွားရေးကို ပျက်အောင် စီမံခန့်ခွဲမှုညံ့ခဲ့တယ်လို့ သူတို့ စွပ်စွဲထားတဲ့ ရာဂျာပက်ဆာ မိသားစုကို ဖြုတ်ချနိုင်တာကိုရော ဆန္ဒပြပွဲတွေအတွက် သေဆုံးရသူတွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ်ပါ ပြုလုပ်ခဲ့တာပါ။
ဝန်ကြီးချုပ်အဖြစ်ကနေ ယာယီသမ္မတအဖြစ်တာဝန်ယူနေတဲ့ Ranil Wickremesinghe ကို ရေရှည် ဒီတာဝန်မပေးဖို့ ဆန္ဒပြသူတွေက နိုင်ငံရေးပါတီတွေကို တိုက်တွန်းနေပါတယ်။ သမ္မတသစ်ရွေးချယ်ရေးအတွက် ပါလီမန်မှာ ဗုဒ္ဓဟူးနေ့ကျရင် မဲခွဲကြမှာပါ။
နိုင်ငံတွင်းမှာ အခြေခံစားကုန်တွေ ပြတ်လပ်နေဆဲဖြစ်ပြီး လျှပ်စစ်မီးတွေပြတ်လို့ လောင်စာဆီအတွက်လည်း အရှည်ကြီးတန်းစီပြီးဝယ်ယူနေရတုန်းဖြစ်ပါတယ်။
ဂျပန်မှာ စိုးရိမ်စရာ ကိုဗစ်ကူးစက်မှု မြင့်တက်

ဓာတ်ပုံ ရင်းမြစ်, ISSEI KATO
ဂျပန်မှာ နေ့စဉ် ကိုဗစ်ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်လာခဲ့ပြီးတဲ့နောက် ကိုဗစ်ဗိုင်းရပ်စ် နောက်တစ်ကြိမ် ဆိုးဆိုးဝါးဝါး ပျံ့နှံ့လာမှာကို ကျန်းမာရေးအာဏာပိုင်တွေ စိုးရိမ်နေကြပါတယ်။
စနေနေ့တစ်ရက်ထဲမှာ ကူးစက်မှုအသစ် တစ်သိန်းတစ်သောင်းကျော်တွေ့ခဲ့ရပြီး အများစုက ကူးစက်နှုန်းမြန်လှတဲ့ အိုမီခရွန်မျိုးကွဲတွေဖြစ်ကြပါတယ်။
အခုလောလောဆယ်အခြေအနေမှာတော့ ဒီကူးစက်မှုကို ဂျပန်ကျန်းမာရေးဌာနတွေက ကိုင်တွယ်နိုင်ပါတယ်လို့ ဝန်ကြီးချုပ် Fumio Kishida က ပြောပါတယ်။ အသွားအလာကန့်သတ်တာတွေလည်း လုပ်ဖို့အစီအစဉ်မရှိသေးဘူးလို့ဆိုပါတယ်။ လာမယ့်အပတ်တွေမှာတော့ ဆေးရုံတက်ကုသခံဖို့ လိုတဲ့ လူနာတွေ တစ်ဟုန်ထိုးများလာမှာကို စိုးရိမ်နေကြပါတယ်။
ရိုက်သတ်ထားတဲ့ ခြင်သွေးကနေ သူခိုးကို ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, CDC/SCIENCE PHOTO LIBRARY
တရုတ်မှာ သေနေတဲ့ခြင်ကနေ ဒီအဲန်အေရှာတွေ့ပြီး ဖောက်ထွင်းခိုးယူသူတစ်ယောက်ကို ဖမ်းမိခဲ့ကြောင်း ရဲတွေက ပြောပါတယ်။
နိုင်ငံအရှေ့တောင်ပိုင်း Fujian ပြည်နယ် Fuzhou မြို့မှာ ဇွန်လတုန်းက သူခိုးတစ်ယောက်က တိုက်ခန်းတစ်ခုကို ဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူခဲ့တယ်လို့ South China Morning Post သတင်းစာမှာ ရေးထားပါတယ်။
ဒီသူခိုးက မပြန်ဘဲ အဲဒီတိုက်ခန်းမှာပဲ ညအိပ်ခဲ့ပါတယ်တဲ့။ ဖောက်ထွင်းမှုကို စုံစမ်းနေတဲ့ ရဲတွေက အဲဒီအခန်းထဲမှာ ရိုက်သတ်ထားတဲ့ ခြင်သေနှစ်ကောင်ကို တွေ့ရပါတယ်။ ဧည့်ခန်းနံရံမှာ ကပ်နေတဲ့ ခြင်သေတွေက စွန်းထွက်နေတဲ့ သွေးတွေကို စစ်ကြည့်တော့ ရဲက သိထားပြီးသား ဖောက်ထွင်းရေးသမားတစ်ယောက်ရဲ့ ဒီအဲန်အေ မျိုးဗီဇနဲ့ တူနေတာတွေ့ရလို့ အဲဒီလူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူကလည်း ဖောက်ထွင်းမှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။








