သီရိလင်္ကာနိုင်ငံကို နိုင်ငံရေးဆူနာမီထဲတွန်းပို့ခဲ့တဲ့ အကြောင်း ၇ ချက်

သီရိလင်္ကာ နိုင်ငံမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ခ်စာလည်း စင်္ကာပူကို ထွက်သွားခဲ့ပြီး တရားဝင်နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ရာနီးလ် ဝစ်ကရေမဆင်းဂဲ က ယာယီသမ္မတအဖြစ် တာဝန်ယူထားပါတယ်။ သူ့ရုံး ဝင်အစီးခံခဲ့ရပြီး သူ့နေအိမ်လည်း မီးတင်ရှို့ခံရပြီးနောက် လုံခြုံတဲ့ တနေရာကနေ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြိုးစားနေပါတယ်။

ဝန်ကြီးချုပ် ဝစ်ကရေမဆင်းဂဲက ကာဖျူးထုတ်ပြီး အခြေအနေ တည်ငြိမ်ဖို့ လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ စစ်တပ်ကို အမိန့်ပေးထားပါတယ်။

နိုင်ငံအတွင်းမှာ လောင်စာဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြား အခြေခံ လူသုံးကုန်ပစ္စည်းတွေဟာ အင်မတန် နည်းပါးနေပြီ ဖြစ်ပြီး ဒါတွေဟာ နိုင်ငံရေး သမားတွေကြောင့် ဖြစ်ရတာလို့ ဆန္ဒပြသူတွေက ရှုမြင်ကြပါတယ်။

သီရိလင်္ကာမှာ စီးပွားရေးနဲ့ နိုင်ငံရေး အကြပ်အတည်းတွေ ကြုံလာစေရတဲ့ အဓိက အကြောင်းအရင်းတွေကို ကြည့်ရအောင်ပါ။

လူနေမှု စရိတ်

သီရိလင်္ကာဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပါတယ်။ လူဦးရေ ၂၂ သန်းရှိတဲ့ ကျွန်းနိုင်ငံဖြစ်ပြီး စီးပွားရေး ကျဆင်းနေတာ ကြာပါပြီ။

နိုင်ငံ့ ဗဟိုဘဏ်ရဲ့ အဆိုအရ ငွေကြေးဖောင်းပွမှုနှုန်းက ၅၀ ရာခိုင်နှုန်းအထက်မှာ ရှိပြီး အစားအသောက် ကုန်ဈေးနှုန်း ဖောင်းပွမှုက ၈၀ ရာခိုင်နှုန်းထိ ရှိနေပါတယ်။

သီရိလင်္ကာရဲ့ ရူပီးငွေကလည်း အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ ထိုးကျနေပါတယ်။ ဂိုတာဘာယာ ရာဂျာပတ်ခ်စာ သမ္မတ ဖြစ်လာတဲ့ ၂၀၁၉ နိုဝင်ဘာလ အတွင်းက ၁ ဒေါ်လာကို ၁၇၉ ရူပီး ဖြစ်ပြီး အခုဆို ၃၆၀ ရူပီးကျော်အထိ ရောက်နေပြီ ဖြစ်ပါတယ်။

လမ်းပန်းခရီး သွားလာရေးမှာလည်း အကုန်အကျက နှစ်ဆ တက်လာခဲ့ပါတယ်။ အစားအစာနဲ့ လောင်စာဆီ မလုံလောက်မှုတွေကြောင့် ငွေရှိရင်တောင် ၀ယ်ဖို့ ခက်နေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ အဆိုအရ အစားတစ်နပ်စားပြီး နောက်တနပ် စားရဖို့ ဘယ်ကရှာရမယ် မသိဖြစ်နေကြတဲ့ လူ ၆ သန်းလောက် ရှိနေပါတယ်။

ပြည်ပ ရိုက်ခတ်မှုများ

ယူကရိန်းစစ်ပွဲတွေကြောင့် အစားအစာနဲ့ ရေနံထွက်ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးတွေက ထိုးတက်သွားခဲ့ပါတယ်။ သီရိလင်္ကာဟာ ရေနံထွက်ကုန်ပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဆန်းပိုင်းက စပြီး ပြည်ပက တင်သွင်းလာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အတွက် ကျသင့်ငွေတွေကို မပေးချေနိုင်တော့ပါဘူး။ အကျိုးဆက်အဖြစ် တခြား စီးပွားရေး ကဏ္ဍတွေပါ ကျဆင်းသွားခဲ့ရပါတယ်။

လူအတော်များများဟာ ချက်ဖို့ ပြုတ်ဖို့ ဓာတ်ငွေ့အစား ထင်းကို သုံးလာကြရပါတယ်။ ဓာတ်ငွေ့ မလုံလောက်မှုကြောင့် မီးသင်္ဂြိုဟ်စက် တချို့တောင် ပိတ်ပစ်ခဲ့ကြရပြီး ကွယ်လွန်သူတွေကို မြေမြှုပ်သင်္ဂြိုဟ်ပေးနေရပါတယ်။ ဒါဟာ သီရိလင်္ကာရဲ့ ရိုးရာဓလေ့ မဟုတ်ပါဘူး။

ကမ္ဘာ့စီးပွားရေးပါ ကျဆင်းလာနေတဲ့ အတွက် ပြည်ပမှာ နေထိုင်နေကြတဲ့ သီရိလင်္ကာနိုင်ငံသားတွေကလည်း ပြည်တွင်းက ရုန်းကန်နေကြရတဲ့ သူတို့ မိသားစုတွေကို ငွေရေး ကြေးရေးမှာ သိပ်မထောက်ပံ့နိုင်ကြပါဘူး။

၂၀၁၉ နိုဝင်ဘာမှာ နိုင်ငံခြားကနေ ပြန်ပို့ကြတဲ့ ငွေပမာဏဟာ ဒေါ်လာ ၅၁၅ သန်း ရှိခဲ့ပေမယ့် ၂၀၂၂ ဧပြီလမှာ ဒေါ်လာ၂၄၈.၉ သန်းပဲ ရှိတော့တယ်လို့ သီရိလင်္ကာ ဗဟိုဘဏ်က ဆိုပါတယ်။

ခရီးသွားလုပ်ငန်း ပြိုလဲခြင်း

၂၀၁၉ ခုနှစ်မှာ သီရိလင်္ကာဟာ ခရီးသွားဖို့ အကောင်းဆုံး နိုင်ငံတခု အဖြစ် ခရီးသွား မဂ္ဂဇင်း Lonely Planet က ဖော်ပြခံရပါတယ်။

ဒါပေမယ့် ၂၀၁၉ ဧပြီလ အတွင်းက အီစတာ တနင်္ဂနွေနေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေတိုးလာဖို့ မျှော်လင့်ချက်တွေဟာလည်း တစစီ ကျိုးပဲ့ သွားခဲ့ပါတယ်။

အဲဒီတုန်းက ဟိုတယ် ၃ ခုနဲ့ ဘုရားရှိခိုးကျောင်း ၃ ကျောင်းမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး လူ ၂၆၇ ဦးသေဆုံးပြီး ၅၀၀ လောက် ဒဏ်ရာ ရခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီနှစ် ဒီဇင်ဘာလမှာ ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ သန်း ၄၅၀ လောက် ဝင်ငွေ ရခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းစာရင် အနည်းငယ်ပဲ ဝင်ငွေကျဆင်းခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် ကမ္ဘာ့ ကပ်ရောဂါကြီးကြောင့် ခရီးသွားလုပ်ငန်းဟာ တော်တော်ကို အထိနာသွားခဲ့ရပါတယ်။ ၂၀၂၀ ဧပြီလကနေ နိုဝင်ဘာလ အတွင်း ခရီးသွားလုပ်ငန်းတွေဟာ ဝင်ငွေ လုံးဝမရှိသလောက် ဖြစ်ပြီး ရပ်သွားခဲ့ရပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဝန်ဆောင်မှုပေးတဲ့ အလုပ်တွေ တော်တော်များများ ရပ်ဆိုင်းသွားခဲ့ကြပါတယ်။ အထူးသဖြင့် နေစာလှုံတဲ့ အနောက်တိုင်း ခရီးသွားတွေနဲ့ စည်ကားနေတတ်တဲ့ ပင်လယ်ကမ်းခြေ အပမ်းဖြေစခန်းတွေမှာ ဖြစ်ပါတယ်။

ကိုဗစ် ထိန်းချုပ်ရေး အစီအမံတွေကို တစစနဲ့ လျှော့ချလာခဲ့ပြီး နောက်မှာ ခရီးသွား လုပ်ငန်းတွေ ပြန်လည် ဦးမော့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကဆို ဗဟိုဘဏ်ဟာ ဒေါ်လာ ၂၃၃ သန်းရခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုတွေရဲ့ ဒဏ်ကို ခရီးသွားလုပ်ငန်းတွေ ထပ်ခံရပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းမှာ ခရီးသွား လုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၅၄ သန်းပဲ ရရှိခဲ့ပါတယ်။

သဘာဝမြေသြဇာသုံး စိုက်ပျိုးရေး

၂၀၂၁ ဧပြီလ အတွင်းက သီရိလင်္ကာ သမ္မတက ဓာတ်မြေသြဇာ တင်ပို့မှုတွေကို ပိတ်ပင်ပစ်ခဲ့တာကြောင့် စိုက်ပျိုးရေး သမားတွေဟာ သဘာဝမြေသြဇာကိုပဲ ဖြစ်မနေ သုံးစွဲ စိုက်ပျိုးကြရပါတော့တယ်။

သဘာဝပတ်ဝန်းကျင် အန္တရာယ် မဖြစ်စေတဲ့ စိုက်ပျိုးရေး ကဏ္ဍကို ဖော်ဆောင်ဖို့ ကြိုးစားတာလို့ တိုင်းပြည်လူထုနဲ့ ကမ္ဘာကို ပြောခဲ့ပေမယ့် တကယ်တမ်းမှာတော့ အရန် နိုင်ငံခြား သုံးငွေ နည်းပါးလာတဲ့ အတွက်ဖြစ်ပါတယ်။

ဖြစ်ချင်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့ဘဲ တိုင်းပြည်ရဲ့ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်စပါး စိုက်ပျိုးတဲ့ နေရာတွေမှာပါ အထွက်နှုန်းတွေ ကျလာခဲ့လို့ ပြည်ပက တင်သွင်းတဲ့ စားနပ်ရိက္ခာ ကို မှီခိုရတဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။

ဒီနှစ် အစောပိုင်းမှာ အစိုးရက အိန္ဒိယနဲ့ မြန်မာ နိုင်ငံတွေက ဆန်တန်ချိန် ၄၀၀,၀၀၀ တင်သွင်းမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထဲက ဘယ်လောက် စားသုံးသူတွေဆီ တကယ်ရောက်ခဲ့သလဲ ဆိုတာ ကွဲကွဲပြားပြား မသိနိုင်ပါဘူး။

ကုန်သွယ်ရေး မညီမျှမှု

သီရိလင်္ကာရဲ့ နှစ်စဉ် သွင်းကုန်တန်ဖိုးက ပို့ကုန်ထက် ဒေါ်လာ ၃ ဘီလျံ ပိုများပါတယ်။ ဒါဟာ သူတို့ နိုင်ငံခြားသုံးငွေတွေ ဘာကြောင့် နည်းလာရသလဲ ဆိုတာရဲ့ အဖြေလည်း ဖြစ်ပါတယ်။

စီးပွားရေး နှေးကွေးလာမှုအပြင် လျှပ်စစ်ဓာတ်အားနဲ့ ဒီဇယ်ဆီ မလုံလောက်မှု တွေကြောင့် ပို့ကုန်က ပိုပြီး ကျဆင်းလာဖို့ များပါတယ်။

ဒါပေမယ့် ကုန်ထုတ်လုပ်ငန်းတွေ လည်ပတ်ဖို့ အတွက် လိုအပ်တဲ့ ရေနံထွက်ကုန်ပစ္စည်းတွေ ဝယ်ယူတင်သွင်းဖို့ကလည်း ငွေမရှိတော့ပါဘူး။

၂၀၁၉ နှစ်ကုန်ပိုင်းမှာ သီရိလင်္ကာမှာ အရန် နိုင်ငံခြား သုံးငွေ ဒေါ်လာ ၇.၆ ဘီလျံ ရှိနေခဲ့ပေမယ့် အခုဆို ဒေါ်လာ သန်း ၂၅၀ လောက်ပဲ ကျန်ပါတော့တယ်။

အကြွေးနွံ

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က သီရိလင်္ကာမှာ ဆယ်စုနှစ် ၃ ခုကြာ ဖြစ်နေခဲ့တဲ့ ပြည်တွင်းစစ်ကြီး အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အစိုးရက လမ်းတွေနဲ့ ပင်လယ်ဆိပ်ကမ်းတွေလို အခြေခံ အဆောက်အအုံ ကဏ္ဍမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်မှုတွေ အများအပြား လုပ်ခဲ့ပါတယ်။

အဲဒီအတွက် ကုန်ကျ စရိတ်ကို ပြည်ပချေးငွေက ရတာဖြစ်ပြီး ကြွေးမြီတန်ဖိုးက ဒေါ်လာ ၅၁ ဘီလျံအထိ ရှိလာပါတယ်။ အဲဒီထဲမှာ တရုတ်ရဲ့ အကြွေး ဒေါ်လာ ၆.၅ ဘီလျံ လည်းပါဝင်ပါတယ်။ အဲဒီအကြွေးတွေကို ပြန်ဆပ်နေရတာကြောင့် အရန်ငွေကြေးလည်း နည်းပါးလာပြီး စားနပ်ရိက္ခာဝယ်ယူရေးမှာ သုံးစွဲဖို့ သိပ်မကျန်တော့တဲ့ အထိ ဖြစ်လာရပါတယ်။

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပါဝင်ကြတဲ့ G7 စက်မှုအင်အားကြီး နိုင်ငံများ အဖွဲ့က သီရိလင်္ကာရဲ့ ပြည်ပ ကြွေးမြီ ပြန်ဆပ်ငွေ လျှော့ချရေးကို အားပေးကြောင်း ပြောခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်က သီရိလင်္ကာကို ဒေါ်လာ သန်း ၆၀၀ ချေးဖို့ သဘောတူခဲ့သလို အိန္ဒိယကလည်း ဒေါ်လာ ၁.၉ ဘီလျံ ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ဆီ ကနေလည်း ဒေါ်လာ ၃ ဘီလျံ ချေးဖို့အတွက် ဆွေးနွေးနေတယ်လို့ သီရိလင်္ကာ အစိုးရက ပြောခဲ့ပါတယ်။

နိုင်ငံရေး နန်းဆက်

မြို့တော် ကိုလံဘိုရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြနေကြသူတွေက သီရိလင်္ကာနိုင်ငံရေးကို ဆယ်စုနှစ် ၂ ခုစာလောက် လွှမ်းမိုးထားခဲ့တဲ့ ဖြုတ်ချခံ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပတ်ခ်စာနဲ့ သူ့မိသားစု၀င်တွေကို မကျေနပ်ကြဘူးဆိုတာ သိသာနေပါတယ်။

ဆန္ဒပြသူတွေက အခုကြုံနေရတဲ့ အကြပ်အတည်းတွေဟာ အစိုးရရဲ့ ထိပ်ပိုင်း ရာထူးတွေကို လက်ဝါးကြီးအုပ်ထားခဲ့ကြတဲ့ သမ္မတဟောင်းနဲ့ သူ့မိသားစုဝင်တွေကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဂိုတာဘာယာရဲ့ အစ်ကို မဟင်ဒါ ရာဂျာပတ်ခ်စာဟာ ပြီးခဲ့တဲ့ ၂၀၀၅ ကစပြီး ဆယ်စုနှစ် တခုကြာ သမ္မတ လုပ်ခဲ့ပါတယ်။ သူတို့မိသားစုဟာ အဂတိ လိုက်စားပြီး ချမ်းသာလာကြတယ်လို့ လည်း စွပ်စွဲခံရပြီး သူတို့ကတော့ ငြင်းဆိုကြပါတယ်။

ညီဖြစ်သူ ဂိုတာဘာယာ သမ္မတ ဖြစ်လာပြန်တော့လည်း မဟင်ဒါကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပါတယ်။ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာခဲ့တဲ့နောက် ပြီးခဲ့တဲ့ မေ လအတွင်းက မဟင်ဒါ ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။

ဂိုတာဘာယာ ကိုယ်တိုင်ကလည်း အရင်က သီရိလင်္ကာ စစ်တပ်မှာ ဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်တော့ သူ့အစိုးရအဖွဲ့ထဲမှာလည်း စစ်တပ်ထွက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။

ရာဂျာပတ်ခ်စာ ညီအစ်ကိုတွေ သီရိလင်္ကာ နိုင်ငံရေး လောကမှာ နေရာရလာခဲ့တဲ့ အကြောင်းတွေထဲမှာ တမီးလ် ခွဲထွက်ရေး သမားတွေနဲ့ ပြည်တွင်းစစ်ကို အနိုင်ရခဲ့တာတွေကြောင့်လည်း ပါ ပါတယ်။ ဒါပေမယ့် သူတို့ဟာ လူနည်းစု တမီးလ်လူမျိုးတွေနဲ့ ပြန်လည် ပေါင်းစည်း ရင်ကြားစေ့ရေးအတွက် ဘာမှမလုပ်ခဲ့သလို မွတ်စလင်တွေကို ပစ်မှတ်ထားကြတဲ့ သဘောထား တင်းမာတဲ့ ဆင်ဟာလာ တွေအပေါ်မှာလည်း ခပ်ပျော့ပျော့ ကိုင်တွယ်ကြတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

အခုတော့ ညီအစ်ကို နှစ်ယောက်စလုံး နုတ်ထွက်သွားကြပြီ ဖြစ်ပါတယ်။ အဲဒီ သူတို့ နှစ်ဦးချန်ထားခဲ့တဲ့ အာဏာရပ်ဝန်း လေဟာနယ်ထဲမှာ ဘယ်သူက ဘယ်လိုဘယ်ပုံ အစားဝင် တိုင်းပြည်ကို ဦးဆောင်ပေးနိုင်မလဲ ဆိုတာတော့ မပြောနိုင်သေးပါဘူး။

သံတမန်ရေးသတင်းထောက် ဂျိမ်းစ် လန်ဒေးလ်နဲ့ အာရှအွန်လိုင်းအယ်ဒီတာ အေရှီယာ ပယ်ရယ်ရားတို့ ပါဝင်ရေးသားသည်။