တရုတ်ရဲ့ ပစိဖိတ် ရည်မှန်းချက် ဆန့်ကျင်တာ ခံလိုက်ရပြီလား

This picture released by the Samoa Observer on May 28, 2022 shows Chinese Foreign Minister Wang Yi (R) and Samoa Prime Minister Fiame Naomi Mataafa

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (ညာဘက်) နဲ့ ဆာမိုဝါ ဝန်ကြီးချုပ် ဖီယာမီ နာအိုမီ မက်တာဖာ
    • ရေးသားသူ, အီဗက် တန်
    • ရာထူးတာဝန်, BBC News

ပစိဖိတ်ကျွန်းတွေကို မာရသွန်ခရီးတွေထွက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတယောက် သွားနေခဲ့တာပါ။ ဒေသတွင်းက ၁၀ နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်တွေလုပ်ပြီး နီးနီးကပ်ကပ် ဆက်ဆံဆောင်ရွက်သွားကြဖို့ ဘေဂျင်းက ဆန္ဒရှိတာကို သူ့ရဲ့ ခရီးစဉ်က ဖော်ညွှန်းပြနေပါတယ်။

ရည်မှန်းချက်ကြီးတဲ့ ဒီသဘောတူညီချက်ထဲမှာ ဆိုင်ဘာလုံခြုံရေး ကနေ တရုတ်က ရန်ပုံငွေပေးမယ့် ရဲသင်တန်းကျောင်းတွေအထိ အကြီးအမား အရေးအရာတွေ ပါသလို၊ ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ တရုတ်တို့ ယဉ်ကျေးမှုပိုင်း ဆက်နွှယ်ချိတ်ဆက်တာတွေ ပိုလုပ်ကြ ဖို့တွေလည်းပါပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ဘေဂျင်းအကြား ပိုပြီး နီးကပ်လာဖို့ မျှော်ရည်ထားတာပါ။

အဆိုပြု သဘောတူညီချက်ထဲက တချို့ အပိုင်းတွေကို စိုးရိမ်ကြတဲ့အတွက် နိုင်ငံအတော်များများက လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ကြပြီး တဲ့နောက် ဒီကိစ္စ နောက်ရွှေ့လိုက်တာကို ဒီသီတင်းပတ်ထဲမှာ တွေ့လိုက်ရပါတယ်။

ဆိုတော့ ဘေဂျင်းရဲ့ ပစိဖိတ် ရည်မှန်းချက်က ဆန့်ကျင်တာကို ခံလိုက်ရပြီလား။

တိုးလာတဲ့ စိတ်ဝင်စားမှု

၂၀၀၆ ခုနှစ်လောက်ကတည်းက တရုတ်က ကုန်သွယ်ရေးတွေ၊ အကူအညီတွေ၊ သံတမန်ရေးတွေ စတာတွေ အသုံးပြုပြီး ပစိဖိတ် ကျွန်းစုနိုင်ငံတွေဘက်မှာ ဆက်ဆံရေး တဖြည်းဖြည်းတိုးမြှင့်လာခဲ့တာပါ။ အဲဒီကာလကနေ ၂၀၁၇ ခုနှစ်အထိ ဘေဂျင်းက ဒေသတွင်း ကို ထောက်ပံ့ကြေးတွေ၊ ချေးငွေတွေ ပေးလာတာ ဒေါ်လာ ၁.၅ ဘီလျံ နီးပါး ရှိပြီလို့ လိုဝီ အင်စတီကျု (Lowy Institute) က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီဒေသကို တရုတ် စိတ်ဝင်စားအောင် မောင်းနှင်နေတဲ့ အကြောင်းရင်းတွေ အမျိုးမျိုးရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

"သမိုင်းအရကြည့်ရင် ပဋိပက္ခကာလတွေမှာ ထောက်ပံ့ရေးတွေ၊ ဝင်လမ်းထွက်လမ်းတွေ အတွက် ပစိဖိတ်ဒေသက ပထဝီဝင်ပိုင်းအရ အရေး ပါတယ်" လို့ လိုရီ အင်စတီကျုက ဆန်းစစ်လေ့လာသူ တယောက်ဖြစ်တဲ့ မီဟိုင်း ဆိုရာက ပြောပါတယ်။

"ပစိဖိတ်ကို လွှမ်းမိုးထားနိုင်ပြီဆိုတာက နိုင်ငံတကာ ရေးရာကိစ္စတွေကို ဆုံးဖြတ်မယ်ဆိုရင်၊ ဥပမာ ကုလသမဂ္ဂမှာ မဲပေးတာမျိုးကျရင် ကိုယ့်ရပ်တည်မှုကို ထောက်ခံပေးနိုင်တဲ့ ဒေသတွင်း အုပ်စုတခုကို ရသွားတာလို့လည်း ဆိုနိုင်ပါတယ်။"

ပစိဖိတ်နဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ရည်မှန်းချက်ဟာ "ထိုင်ဝမ်ကို နိုင်ငံတကာက သံတမန်ရေးအရ အားပေးထောက်ခံမှုတွေ လျော့ကျ နည်းပါးသွားအောင် ဟိုးရေရှည်ကတည်းက ကြိုးစားနေတဲ့ လုပ်ငန်းအစီအစဉ်" ရဲ့ အစိတ်အပိုင်းတရပ် ဖြစ်တယ်လို့လည်း မစ္စတာ ဆိုရာက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပစိဖိတ် ကျွန်းစုနိုင်ငံ အများအပြားက ထိုင်ဝမ်ကို သံတမန်ရေးအရ အသိ အမှတ်မပြုတော့ဘဲ ဆက်ဆံမှု ဖြတ်တောက်လိုက်ကြကာ တရုတ်နဲ့ ဆက်သွယ်ဆက်ဆံလာကြတာကို သူက ထောက်ပြပါတယ်။

"နောက်တခုကတော့ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ ပစိဖိတ်က အရင်းအမြစ်တွေပါ။ ပစိဖိတ်က အရင်းအမြစ်တွေ ကို ဝယ်ယူတဲ့ ဖောက်သည်နိုင်ငံတွေထဲ တရုတ်က အဓိကနိုင်ငံတခုပါ။ ဒီအရင်းအမြစ်တွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ရနိုင်ဖို့ အရေးက တရုတ်ရဲ့ ဦးစားပေးလုပ်ငန်းတွေထဲက တခုပါ။"

ဒါပေမဲ့ ပစိဖိတ်အပေါ် တရုတ်ရဲ့ စိတ်ဝင်စားမှုက ပစိဖိတ်ကို သူတို့ရဲ့ "အိမ်နောက်ခြံဝင်း"လို့ သဘောထားစဉ်းစားတဲ့ သြစတြေးလျ နိုင်ငံ အတွက် စိတ်ပူပင်စရာ ဖြစ်လာပါတယ်။

Australian Foreign Minister Penny Wong shakes hands with Fiji Minister for Employment Praveen Bala

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သြစတြေးလျနိုင်ငံက သူတို့ လောလောလတ်လတ် မကြာသေးခင်က ခန့်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ပန်နီ ဝေါင်းကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ပစိဖိတ်နိုင်ငံတွေဆီကို စေလွှတ်ခဲ့

ဒေသတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှု လျော့ကျသွားအောင် သြစတြေးလျကလည်း ဒီနှစ်ပိုင်းတွေအတွင်း အဲဒီက နိုင်ငံတွေကို အကူအညီတွေ တိုးပေးလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ "ပစိဖိတ် မိသားစု"တွေကို ပြန်ပြီး ဆက်ဆံဆောင်ရွက်ရေး တိုးမြှင့်ဖို့အတွက် သြစတြေးလျ နိုင်ငံက "ပစိဖိတ် အရှိန်အဟုန်မြှင့်ရေး (Pacific Step-up)" မူဝါဒကို ချမှတ်အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒေသအတွင်း တရုတ်ကပေးထားတဲ့ ချေးငွေတွေ၊ ရန်ပုံငွေတွေကို တုံ့ပြန်တာလို့ အများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြတဲ့ ဒေါ်လာ ဘီလျံပေါင်း များစွာတန် အခြေခံအဆောက်အအုံ ရန်ပုံငွေတွေကိုလည်း သြစတြေးလျက စတင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီနှစ်စပိုင်းလောက်မှာ တရုတ်က ဆော်လမွန်ကျွန်းစုများ နိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲဒီ ဖြစ်ထွန်းမှု နဲ့ ပတ်သက်လို့ သြစတြေးလျ လေဘာပါတီက နှစ်ပေါင်း ၈၀ အတွင်းမှာ "ပစိဖိတ်ဒေသအတွင်း သြစတြေးလျရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာမှာ အဆိုးဆုံးသော ဆုံးရှုံးမှုပဲ" လို့ သူတို့ အစိုးရကို ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မစ္စတာ ဝမ်ယိရဲ့ ဒေသတွင်း ခရီးစဉ်နဲ့ အချိန်တိုက်ကာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်းက ဖီဂျီကို သွားပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှု တိုးလာတဲ့ လက္ခဏာကို ပြတာလို့ ဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ လအစောပိုင်းလောက်မှာမှ နိုင်ငံခြားရေးဝန်ကြီး တာဝန်စယူခဲ့တဲ့ မစ္စဝေါင်းက ပစိဖိတ်ကို ဒီကာလလေးအတွင်း ခရီး နှစ် ကြိမ်သွားခဲ့ကာ သူ့ရဲ့ နောက်ဆုံးခရီးစဉ်က ကြာသပတေးနေ့က ဆာမိုဝါကို သွားခဲ့တဲ့ ခရီးစဉ်ပါ။ အဲဒီမှာ ပင်လယ်ပြင် ကင်းလှည့် သင်္ဘော အသစ် တစီး ပေးတာ အပါအဝင် နှစ် နိုင်ငံကြား ၈နှစ်တာ ပူးတွဲလုပ်မယ့် အစီအစဉ်သစ်ကို ကြေညာခဲ့ပါတယ်။

'ဒေသအတွင်းတည်ငြိမ်မှုရှိအောင် ထိန်းညှိထားတဲ့ စနစ်ကို ပြောင်းလဲသွားစေ'

ချုပ်ဆိုရေး မအောင်မမြင်ဖြစ်သွားတဲ့ သဘောတူညီမှု စာချုပ်က "ဒေသအတွင်းတည်ငြိမ်မှုရှိအောင် ထိန်းညှိထားတဲ့စနစ်ကို အပြောင်း အလဲ ဖြစ်သွားစေနိုင်တယ်"လို့ မစ္စတာ ဆိုရာက ပြောပါတယ်။

ပေါက်ထွက်လာတဲ့ သဘောတူညီမှု စာချုပ် မူကြမ်းထဲမှာ ရဲတပ်ဖွဲ့ သင်တန်းအတွက် ဘဏ္ဍာငွေ ပိုတိုးပြီး ကူညီတာက အစ တရုတ် ပစိဖိတ် လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် တည်ထောင်ရေးအထိ ပါဝင်ပြီး တောင်ပစိဖိတ်ဒေသမှာ တရုတ်က သူ့ရဲ့ လှုပ်ရှားဆောင်ရွက်မှု တွေကို သိသိသာသာ တိုးမြှင့်လိုတာကို ဖော်ညွှန်းနေပါတယ်။

"ဒေသတွင်းမှာ ရဲတပ်ဖွဲ့ဆိုင်ရာအလုပ်တွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အဆိုပြုချက်ဟာ ဘေဂျင်းအနေနဲ့ ဒေသတွင်း လုံခြုံရေး တည်ဆောက်မှုပုံစံ တခုကို ဖန်တီးတည်ဆောက်လိုတာကို ပြနေပါတယ်။ လက်ရှိ လုံခြုံရေးဆိုင်ရာ တည်ဆောက်မှု ပုံစံနဲ့ အံဝင် ခွင်ကျဖြစ်မလား၊ ပိုအကျိုးရှိသွားမလား ဆိုတာကတော့ မရှင်းလင်းပါဘူး" လို့ Massey University ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဘာသာရပ်ဌာန က ဝါရင့် ကထိက တယောက်ဖြစ်တဲ့ အန်နာ ပိုးလ်က ပြောပါတယ်။

"ဆိုင်ဘာ လုံခြုံရေးလို့ ဆိုတဲ့ ကိစ္စကလည်း အမျိုးသားလုံခြုံရေးကိစ္စတွေ အတွက် စိုးရိမ်စရာတွေ ဖြစ်ကုန်ပါတယ်" လို့ သူက ဖြည့်စွက်ပြောပါတယ်။

တကယ်လို့သာ ဒီစီစဉ်ထားတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ကြရင် ဒါက "ဒေသတွင်း နိုင်ငံတွေက (အထူးသဖြင့် )သြစတြေးလျ၊ နယူးဇီလန်တို့လို့ နိုင်ငံမျိုးတွေနဲ့ လက်ရှိ ရှိထားပြီးသား ဆက်ဆံရေးတွေအပေါ် ရှုပ်ထွေးမှုတွေ" စဖြစ်လာနိုင်ပါတယ်လို့ မစ္စတာ ဆိုရာက ပြောပါတယ်။

တချို့နိုင်ငံတွေက ဒီသဘောတူညီချက်ကြိုးပမ်းမှုကို ဒေါသတကြီး တုံ့ပြန်ကြပါတယ်။ မိုက်ခရိုနီးဆီးယား ဖက်ဒရယ်နိုင်ငံရဲ့ သမ္မတ က ဆိုရင် ဒီကမ်းလှမ်းမှုဟာ "မရိုးမသားကြံရွယ်ချက်" ပါပြီး "အစိုးရနဲ့ နိုင်ငံက အဓိက စီးပွားရေး လုပ်ငန်းတွေကို" တရုတ်က လွှမ်းမိုး နိုင်အောင် လုပ်တာလို့ ဆိုပါတယ်။

"ဒီသဘောတူညီချက်မှာ အရေးအရာ တခုခု ဆုံးဖြတ်တာနဲ့ ပတ်သက်လို့ အားလုံးက လက်ခံသဘောကျရမယ်ဆိုတဲ့မူ ကင်းမဲ့ နေတာကို ဖီဂျီ၊ ဆာမိုဝါ၊ နီယုရေ၊ ပါလောင်၊ မိုက်ခရိုနီးဆီးယား စတဲ့ နိုင်ငံတွေက အတော်စိုးရိမ်နေကြတာကို သူတို့ ထုတ်ပြန်ချက်တွေထဲမှာ တွေ့ ရတယ်"လို့ ဒေါက်တာ ပိုးလ်က ပြောပါတယ်။

"ဒီ သဘောတူညီချက် ကမ်းလှမ်းမှုကို မစဉ်းစားတော့ဘူးလို့ ပစိဖိတ်နိုင်ငံတွေက ဆုံးဖြတ်လိုက်ကြပြီး ဒီရလဒ် ထွက်လာတာပါ။"

Solomon Islands Prime Minister Manasseh Sogavare attends a meeting with Chinese Premier Li Keqiang

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆော်လမွန် ကျွန်းစုနိုင်ငံက တရုတ်နဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှု လုပ်ဖို့ မူကြမ်း ရေးဆွဲခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်

ဒေသအတွင်း သြစတြေးလျက လွှမ်းမိုးသြဇာရှိမှုကို ဆက်ထိန်းသိမ်းဖို့ ကြိုးစားခဲ့တဲ့ မစ္စဝေါင်းရဲ့ ခရီးစဉ်တွေက ဒီသဘောတူညီစာချုပ် မချုပ်ဖြစ်စေခဲ့တဲ့ အထိ သက်ရောက်ခဲ့လေသလား။

"မဟုတ်ပါဘူး။ ဒါက ပစိဖိတ်ကျွန်းနိုင်ငံတွေ စုစည်းမှုရှိရှိ လုပ်လိုက်တဲ့ ဆောင်ရွက်ချက်ပါ။ ပစိဖိတ် အချုပ်အခြာအာဏာပိုင်မှုကို ဖော်ပြတာလည်း ဖြစ်ပါတယ်" လို့ Griffith University က ဒေါက်တာ တက်စ် နယူတန် ကိန်းက ပြောပါတယ်။

"ဒါက သြစတြေးလျနဲ့ တခြားနိုင်ငံတွေက ဖိအားပေးခဲ့လို့ ဒီလို သဘောတူညီချက်ကိစ္စ မအောင်မမြင်ဖြစ်သွားတာလို့ မဆိုနိုင်ပါဘူး၊ ဒီ သဘောတူညီချက်ရရေး အတွက် တရုတ်က ကြိုးစားတဲ့နေရာမှာ ဒေသတွင်းနိုင်ငံတွေ အဖို့ စဉ်းစားချိန် မလုံလောက်တာ၊ သူတို့ရဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ လုံလောက်တဲ့ အဖြေပြန်မရတာ စတာတွေ ကြောင့်လို့ထင်ပါတယ်" လို့ မစ္စတာ ဆိုရာ ကလည်း ဆိုပါတယ်။

ဘာဆက်ဖြစ်လာ မလဲ

"ဒေသအဆင့်မှာ တရုတ်ရဲ့ သံတမန်ရေး ကြိုးပမ်းမှု မအောင်မမြင်ဖြစ်သွားတာကို ပြနေတာပါပဲ။ ဒါပေမဲ့ တရုတ် အနေနဲ့ ဒေသတွင်းက နိုင်ငံ တနိုင်ငံစီနဲ့ သူတို့နိုင်ငံအကြား ၂ နိုင်ငံ ဆက်ဆံရေးတွေကို ၂ ဆ တိုးလုပ်သွားတယ်" လို့ ဒေါက်တာ ပိုးလ် က ပြောပါတယ်။

မစ္စတာ ဆိုရာကလည်း ဒီအမြင်ကို သဘောတူပြီး မစ္စတာ ဝမ်ဟာ "ဒီခရီးစဉ် အတွင်း ၂ နိုင်ငံကြား သဘောတူညီမှုတွေ အတော်များများ လုပ်သွားတယ်၊ သူ့ခရီးစဉ် ရှေ့မှာ များလာပြီး ဒီလို သဘောတူညီမှုတွေ ပိုရလာဖို့လည်း ရှိလာပါလိမ့်မယ်" လို့ ဆိုပါ တယ်။

ဒေသတွင်းနိုင်ငံတွေနဲ့ သဘောတူညီချက်ကိစ္စ မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် တရုတ်က သူတို့ရဲ့ ရပ်တည်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ပစိဖိတ် နိုင်ငံတွေနဲ့ သေနင်္ဂဗျူဟာကျကျ မိတ်ဆွေဖြစ်မှုကို ဆက်ပြီး နက်နက်ရှိုင်းရှိုင်း ဆောင်ရွက် သွားမယ် လို့ ဆိုထားပါတယ်။

အဲဒီ စာတမ်းထဲမှာ ပိစိဖိတ်ကျွန်းနိုင်ငံတွေ အတွက် ထောက်ပံ့မှုတွေပေးဖို့၊ ဆက်တိုက် ဆက်သွယ်ဆက်ဆံရေးတွေ လုပ်ဖို့ စတာတွေ အပါအဝင် အဆိုပြုချက်တွေ အများအပြားပါဝင်ပါတယ်။ ဒါ့ကြောင့် ဘေဂျင်းဟာ သူ့ရဲ့ ပစိဖိတ် ရည်မှန်းချက်တွေ အတွက် ဆက်ပြီး တွန်းသွားမယ့် လက္ခဏာတွေကို တွေ့ရပါတယ်။

"ပစိဖိတ်နိုင်ငံတွေကို တရုတ်တို့ တောင်းတာက နည်းနည်းလွန်သွားတယ် ဆိုတာက အခုအချိန်မှာ ရှင်းသွား ပါပြီလို့ ကျွန်တော် ထင်တယ်" လို့ မစ္စတာ ဆိုရာက ပြောပြီး၊ "ဒါပေမယ့် ပစိဖိတ်ဒေသတွင်းမှာ လုံခြုံရေးအရ သူတို့ ရှိနေချင်တဲ့ ရေရှည် ရည်မှန်းချက် ကိုတော့ တရုတ်တို့က စွန့်လွှတ် မသွားပါဘူး။"

(ဘီဘီစီသတင်းထောက် ဇူဘိဒါ အဘ္ဘဒူ ဂျာလယ် ကတည်း ဖြည့်စွက်ရေးသားခဲ့)